သတင်း

ငလျင်ဒဏ်သင့် အန္တရာယ်ရှိကျောင်းများတွင် ကလေးများ စာသင်နေရ

နေပြည်တော်၊ မန္တလေးမြို့များရှိ ငလျင်ဒဏ်သင့် စာသင်ကျောင်းများ ပြန်မပြင်နိုင်သေးဘဲ ကျောင်းသားများမှာ စာသင်ချိန် နေ့တစ်ဝက်စီ ခွဲတက်နေရသည်။

အင်းအားပြင်း ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းများရှိ ပျက်စီးသွားသော စာသင်ကျောင်းများကို ပြန်လည်ပြင်ဆင်ခြင်း မပြုရသေးဘဲ  ယခုကျောင်းဖွင့်ရာသီတွင် နေရာ အခက်အခဲကြောင့်  စာသင်ချိန် နေ့တစ်ဝက်စီခွဲ၍ ကျောင်းတက်နေရသည်ဟု  သိရသည်။

ဇွန် ၂ရက်နေ့တွင် ကျောင်းပြန်ဖွင့်ရ မူလတန်းမှ စတုတ္ထတန်း အထိမနက် ၇ မှ နေ့လယ်၁၂ ထိ အလယ်တန်းမှ တက္ကသိုလ်ဝင်တန်း (Grade 12) အထိ နေ့လယ် ၁၂:၁၅ မှ ညနေ ၄:၃၀ အထိ အတန်းချိန်များ ခွဲတက်စေသည်ဟု သိရသည်။

၂၀၂၅-၂၆ ပညာသစ်နှစ်တွင် ကျောင်းများကို ဇူလိုင်လ ၉ ရက်နေ့ရောက်မှ အချိန်ပြည့်ပြန်ဖွင့်နိုင်မည်ဟု သိရကြောင်း နေပြည်တော်နေ ကျောင်းသား ၃ဦး၏အသက် ၄၀ကျော်အရွယ် မိခင်ဖြစ်သူက ပြောသည်။ 

လတ်တလောတွင် ငလျင်ဒဏ်သင့် အဆောက်အဦများတွင် သားသမီးများ စာသင်နေရခြင်းကြောင့် စိုးရိမ်နေရသည်ဟု သူက ဆိုသည်။

“ပြင်ပြီးရင်လည်း စိုးတော့စိုးရိမ်တော့ ကလေးတွေကို ငလျင်လှုပ်တာ အဆောက်အဦ တခုခုဖြစ်ရင် သတိထားဖို့တော့ မှာတော့ မှာနေရတာပဲ” ဟု ၎င်းက ဆိုသည်။

နေပြည်တော်နှင့် မန္တလေးတို့တွင်လည်း ငလျင်ဒဏ်သင့် ကျောင်းအဆောက်အအုံများကို အသေးစားပြန်လည်ပြုပြင်၍ဖွင့်နေသော်လည်း သားသမီးများအတွက် ရွေးချယ်ခွင့် နည်းပါးပြီး စိုးရိမ်နေရသည်ဟုလည်း မန္တလေးမြို့နေ မိဘတစ်ဦးက ပြောသည်။

“ငလျင်ထပ်လှုပ်မှာကြောက်တယ်။ မန္တလေးမြို့ပေါ်က ကျောင်းအများစုက ၃ထပ်ဆောင်တွေ၊ ၄ထပ်ဆောင်တွေဆိုတော့မိဘတွေအနေနဲ့ ဒါကြီးထပ်ဖြစ်မှာ ပူပန်တယ်။ နောက်ထပ် ဖြေမဆည်နိုင်တဲ့အဖြစ်တွေ ထပ်မကြုံရပါစေနဲ့တော့လို့ဆုတောင်းပါတယ်”ဟု ပြောသည်။

မဟာအောင်မြေမြို့နယ် ၈၅ လမ်း x ၄၂လမ်းအနီး “ဒေါ်သက်ရှည်ကျောင်း”ဟုခေါ်သည့် အမှတ်(၂၁) အလယ်တန်းကျောင်းသည်လည်း ကျောင်းဆောင်အများအပြား ထိခိုက်ထားသည့်အတွက် ဆက်လက် ပြင်ဆင်နေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။

အလားတူ မဟာအောင်မြေမြို့နယ်ရှိ မူလတန်းကျောင်း အမှတ် (၂၈)သည်လည်း ငလျင်ဒဏ်ကြောင့် ကျောင်းအဆောက်အဦပျက်စီး၊ မြေသားများအက်ကွဲနေရာ ကျောင်းသားကျောင်းသူများကို ရပ်ကွက်ဓမ္မာရုံသို့ ပြောင်းလဲခေါ်ဆောင်ကာ သင်ကြားပေးနေရသည်ဟု မဟာအောင်မြေမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကျောင်းဆောင်ကလည်း ငလျင်ကြောင့် တော်တော်ပျက်စီးထားတယ်။ ခုရက်ပိုင်းမိုးများတော့ ရေတွေလည်းဝင်ပြီး မြေတွေကလည်း အက်ကွဲနေတယ်။ အန္တရာယ်ရှိတဲ့အနေအထားမို့ ကလေးတွေကို ဓမ္မာရုံပေါ်ပဲ ယာယီသင်နေရတယ်”ဟု ၄၄ လမ်း၊ ၈၆ လမ်း ဘုရားကြီးအနောက်မုခ်အနီးနေထိုင်သည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အဆိုပါမူလတန်းကျောင်းတွင် မူလတန်းမှ စတုတ္ထတန်းအထိ ကျောင်းသားဦးရေ၂၀၀နီးပါး သင်ကြားပေးနေသည်။ ယခုနှစ်တွင် ငလျင်အခြေအနေများကြောင့် ကျောင်းအပ်နှံသူလျော့သွားပြီး ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းလဲအပ်နှံသူများလည်း ရှိသည်ဟုလည်း သိရသည်။“အဲဒီကျောင်းက ဆရာမဆိုလည်း ၃၊ ၄ ယောက် လောက်ပဲရှိတာ။ ရပ်ကွက်ကျောင်းလေးဆိုတော့ ချို့တဲ့တယ်၊ အခုလည်းဘာမှမပြင်ဆင်နိုင်သေးတော့ တချို့မိဘတွေလည်း ကျောင်းပြောင်းအပ်ကြတာတွေ ရှိတယ်။ ၂ထပ်အဆောင်ဆိုတော့ ထပ်ပြိုမှာတွေစိုးရိမ်ပြီး မထားကြတော့တာတွေရှိတယ်” ဟု အထက်ပါ ကျောင်းသားမိဘက ပြောသည်။

မန္တလေးမြို့ရှိ ချမ်းအေးသာစံမြို့နယ်ရှိ ကျောင်းတစ်ကျောင်းသို့ ကျောင်းတက်ရန် ရောက်လာကြသည့် ကျောင်းသူကျောင်းသားများ (ဓာတ်ပုံ − ပေးပို့)

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်မှ ငလျင်ဒဏ်သင့်ပြည်သူအချို့ စစ်ကောင်စီက ဖွင့်လှစ်ထားသည့် ဘောလုံးကွင်းရှိ ငလျင်ကယ်ဆယ်ရေးစခန်းတွင် ဆက်လက်နေထိုင်ရဆဲဖြစ်သည်။ ထိုအခြေအနေတွင် စားဝတ်နေရေးလည်း ခက်ခဲနေပြီး သားသမီးများပညာရေးအတွက် ထပ်မံပူပန်နေရသည်ဟု ထိုငလျင်ကယ်ဆယ်ရေးစခန်းနေ မိဘတစ်ဦးက ပြောသည်။

“အခက်အခဲကတော့ အားလုံးသိပြီးသား အခြေအနေတွေပါ။ စားဝတ်နေရေးတွေ ကြပ်တည်းကြတယ်။ ငလျင်ဒဏ်ခံရတော့ အဘက်ဘက်က နလန်မထူသေးဘူး။ အခုသားသမီးတွေကို စာသင်ခန်းပို့ရတယ်။ မရှိရှိတာနဲ့ မိဘဆိုတော့အရာအားလုံး ရင်ဆိုင်ဖြေရှင်းကြရတာ”ဟု သူက ဆိုသည်။

ငလျင်လှုပ်သည့်မတ်လ၂၈ရက်နေ့မှစ၍ ၂လကျော်ကြာလာသည်အထိ မန္တလေးမြို့တွင် ငလျင်ကြောင့် သေဆုံးသူ၂၀၀၀ကျော်ရှိပြီး ရုပ်အလောင်းရှာဖွေမှုများ ဆက်လုပ်နေဆဲဖြစ်သည်။

တစ်မြို့လုံးနီးပါး ထိခိုက်ထားသည့် အဆောက်အအုံများကို ဖြိုချရှင်းလင်းရေးနှင့် ပြင်ဆင်မှုများ ဆက်လက်လုပ်ကိုင်နေကြပြီး နိုင်နင်းသည့် အခြေအနေတွင်မရှိသေးဘဲ ၊အန္တရာယ်ရှိ အဆောက်အအုံများ ရှင်းလင်းရာတွင် လူထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ငလျင်ဒဏ်သင့်ခဲ့သည့် အထက ၁နှင့် အထက ၃တို့တွင်လည်း ခြံစည်းရိုးများကိုပြန်လည်မပြုပြင်နိုင်သေးဘဲ ကျောင်းများဖွင့်လှစ်ထားပြီး ကျောင်းသားများကို တွေ့ရသည်။

နေပြည်တော်တွင် ထိခိုက်မှုကြီးမားခဲ့သည့် ဝန်ထမ်းအိမ်ယာများရှိ ဝန်ထမ်းမိသားစုဝင်  သားသမီးများလည်း နေရာအပြောင်းအရွှေ့များကြောင့် ကျောင်းပြောင်းနှုတ်ထွက်မှု   ရာနှင့်ချီ၍ ရှိကြောင်းအသက်၄၀ကျော်အရွယ် ကျောင်းဆရာတစ်ဦးက ပြောသည်။

“နေရာ ပြောင်းပြီး နီးစပ်ရာကျောင်းမှာ ပြောင်းထားကြများတယ်၊ အစိုးရကျောင်းတွေကလည်း အသေးစား ပြင်နေတာတွေတော့ရှိတယ်၊ ဘိလပ်မြေနဲ့ဖာပြီး ပြုပြင်နေတာတွေက ရေရှည်ကျရင် ကလေးတွေအတွက်တော့ မကောင်းနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

မတ် ၂၈ရက်က လှုပ်ခတ်ခဲ့သည့် ပြင်အားရစ်ချ်တာစကေး ၇ဒသာမ ၇ ရှိ မြေငလျင်ဒဏ်ကြောင့် လူပေါင်း ၃၇၀၀ ကျော် သေဆုံးပြီး အိမ်ခြေ ၆,၇၀၀၀ ကျော် ပြိုကျပျက်စီး၊ ကျောင်းပေါင်း ၆၄၀၀ကျော်၊ ဆေးရုံဆေးခန်း ၃၅၀ခန့် ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

ပြန်လည်ထူထောင်ရာတွင် ငွေကြေးအခက်ခဲများရှိနေပြီး ငလျင်ဒဏ်နှစ်လပြည့်သည့် အချိန်ထိ စစ်ကောင်စီ အစိုးရယန္တရား လည်ပတ်မည့် အဆောင်အအုံများနှင့် ဝန်ထမ်းများ နေထိုင်ရန် အိမ်ရာများကိုလည်းပြန်လည်ထူထောင်နိုင်ခြင်းမရှိသေးဘဲ ဖြိုဖျက်ရေးအတွက်ပင် ခက်ခဲနေသည့် အခြေနေဖြစ်သည်။

ငလျင်ဒဏ်သင့် မြို့ကြီးများတွင် ကလေးငယ်များ ပညာသင်ကြားရေးနေရာနှင့် မလုံခြုံမှုပြဿနာများ ရင်ဆိုင်နေရသလို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများရှိ စာသင်ကျောင်း၊ ဆေးရုံးများကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်၍ ဆရာ၊ ဆရာမနှင့် ကလေးငယ်များ အစုအပြုံလိုက် သေဆုံးမှုများလည်းရှိနေသည်။

ထိုကြောင့် မြေပြင်တွင် ဖွင့်လှစ်ထားသည့်ကြားကာလ ပညာရေး ကျောင်းများအားလုံးကို ခေတ္တာယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက် မေလနောက်ဆုံးအပတ်က ထုတ်ပြန်ခဲ့သည်။

Related Articles

Back to top button