ငလျင်ဒဏ် အကြီးအကျယ်ခံထားရသည့် မန္တလေးမြို့တွင် အဖမ်းအဆီးများ ဆက်လက် ရှိနေပြီး လုံခြုံရေးတင်းကြပ်ထားရာ လမ်းပေါ်တွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်နှင့်ယာဉ်များကို တားဆီး စစ်ဆေးနေသည်ဟု စုံစမ်းသိရှိရသည်။
ငလျင်ကြီးအပြီး တစ်လကျော်ကြာလာချိန်ကစပြီး မန္တလေးမြို့ပြင်ဂိတ်များတွင် မှတ်ပုံတင်စစ်ဆေးမှု များပြားလာသည်ဟု ဒေသခံတို့က ဆိုသည်။
“စစ်မှုထမ်းတွေလည်း ပြန်ဖမ်းတယ်။ မြို့ထဲအသွားအလာ ဆိုင်ကယ်ဖမ်းတာတွေလည်း
ပြန်ရှိလာပြီ။ လမ်းဂိတ်တွေမှာ အဆိုးဆုံးပဲ”ဟု အသက်၃၃နှစ် အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
မေလကုန်ရက်သတ္တပတ်အတွင်း ၇၇လမ်း နှင့် ၃၆လမ်းထောင့်အနီး နေထိုင်သည့်၊ စစ်မှုထမ်းရန် မဲပေါက်ထားသည့် အသက်၂၀အရွယ် အမျိုးသား နှစ်ဦးကို စစ်သင်တန်းကျောင်းသို့ ပို့ရန် နေအိမ်အထိ လာရောက် ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။
မကြာသေးခင်ကလည်း မန္တလေးမြို့ရှိ ငလျင်ဘေးဒုက္ခသည်များကို ကူညီရေးရန်ပုံငွေအတွက် ပန်းချီပြပွဲတစ်ခု စီစဉ်နေကြစဉ် စစ်ကောင်စီက ထိုနေရာကို စီးနင်းပြီး ပန်းချီဆရာအချို့ကို ဖမ်းဆီးသဖြင့် ပွဲပျက်သွားခဲ့သေးသည်။
ချမ်းအေးသာစံမြို့နယ်၊ ၇၉လမ်း၊ ၂၇လမ်းနှင့်၂၈လမ်းကြားရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ပြုလုပ်မည့် “PHOENIX MANDALAY”အမည်ရှိ ပန်းချီပြပွဲနှင့် ပြိုင်ပွဲ စတင်ရန်တစ်ရက်အလို မေ(၂၂)ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်းကာ ပန်းချီဆရာများနှင့်ဆက်စပ်သူ ၅ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ခုချိန်ထိ စစ်ဆေးနေတုန်းပဲ။ နောက်ဆက်တွဲ မသိရသေးဘူး။ ဘယ်သူတွေပါသွားလဲဆိုတော့
ပန်းချီဆရာတွေပါတယ်။ နာမည်တွေတော့ ထုတ်မပြောချင်သေးဘူးခင်ဗျ” ဟု ပန်းချီဆရာ အမျိုးသားတစ်ဦးက ပြောသည်။
မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၈၁လမ်းနှင့်၃၃လမ်းရှိ အွန်လိုင်းဈေးရောင်းသူ
မဖြူဖြူနှင်းကို ဧပြီလ(၁၃)ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ယမန်နေ့(ဇွန်၂)ညနေပိုင်းတွင်မှ သူ့ကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း၊ ၅၄ရပ်ကွက်နေ ကိုဘုန်းမြင့်အောင်ကိုလည်း ဖမ်းဆီးခဲ့သည်။ ထို ၂ ဦးသည် ဖမ်းဝရမ်းထုတ်ခံထားရသည့် အဆိုတော်ချမ်းချမ်း၏ အွန်လိုင်းဈေးရောင်းလုပ်ငန်းနှင့် စပ်ဆက်သည်ဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။
အဆိုတော် ချမ်းချမ်းသည် ‘Shop Me” အမည်ဖြင့် အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာတစ်ခုဖွင့်လှစ်ကာ နိုင်ငံခြားဖြစ် လက်ကိုင်အိတ်၊ နာရီ၊ ခါးပတ်၊ အင်္ကျီ စသည့် အသုံးအဆောင်ပစ္စည်းများကို ပြည်တွင်းသို့ တရားမဝင်တင်သွင်းကာ ဖြန့်ဖြူးရောင်းချနေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် စွပ်စွဲ ရေးသားထားသည်။
ထို့အတူ လူမှုကွန်ရက်တွင် လူသိများသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင် အပါအဝင် ၈ ဦးနှင့် ဆက်စပ်ဖွယ် ရှိသူတို့ကို အရေးယူရန် ကြိုးစားနေသည်ဟု ထုတ်ပြန်ချက်တွင် ခြိမ်းခြောက်ထားသည်။
မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ခရီးသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်း
အမျိုးသမီး(၅)ဦးလည်း မတ်လ ၂၈ ရက် နံနက်ပိုင်းက ဖမ်းဆီးခံခဲ့ရပြီး မိသားစုများက ယနေ့အချိန်ထိ
ဆက်သွယ်၍မရကြသေးပေ။
မန္တလေးတိုင်းအတွင်း မတ်လ ၇ ရက်နေ့မှစကာ မေလ ၂၁ ရက်နေ့အထိ ၁၆၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီက ကြေညာထားသည်။
ငလျင်ဒဏ်ကယ်ဆယ်ရေး လုပ်ရမည့်အစား လူဖမ်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို မန္တလေးမြို့ခံအချို့က ဝေဖန်နေကြသည်။
မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းအား၇.၇အဆင့်ရှိ မြေငလျင်ဒဏ်ကြောင့် နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင် ၂၀၀၀ကျော် သေဆုံး၊ လူနေတိုက်တာအိုးအိမ်ထောင်နှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ယင်းအပြင် ငလျင်လှုပ်ခတ်ပြီး နှစ်လကျော်ကြာလာသည်အထိ အဆောက်အဦအချို့တွင် ရုပ်အလောင်းများ ဆက်လက်ဖော်ယူနေရဆဲဖြစ်သည်။
အကူအညီ မလုံလောက်မှုများကြောင့် ပြန်လည်ထူထောင်ရေးမဆိုထားနှင့် အဆောက်အဦ ဖြိုချရှင်းလင်းရေးကို မနိုင်မနင်း လုပ်ဆောင်နေကြရဆဲဖြစ်သည်။ ကိုယ်ထူကိုယ်ထ ရှင်းလင်းရေးလုပ်ငန်းများမှ နောက်ဆက်တွဲအန္တရာယ်ဖြစ်ကာ လူသေဆုံးမှုများလည်း ရှိသည်။



