သတင်း

နည်းပညာမြင့် ဒရုန်းများကို စစ်တပ် ဖောဖောသီသီအသုံးပြုလာ

စစ်ဆင်ရေးတွင် ဒရုန်းအသုံးပြုမှုကို တော်လှန်ရေးအင်အားစုက အစပြုခဲ့ခြင်း ဖြစ်သော်လည်း စစ်ကောင်စီတပ်ကလည်း စစ်မျက်နှာ အများအပြားတွင် ဒရုန်းကို အားပြုလာသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခုလုံးနီးပါးလက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်သည်   ဒရုန်းနည်းပညာကိုပါအဆင့်မြင့်၍ တန်ပြန်ထိုးစစ်ဆင်နေသည်ဟု သိရသည်။

အထူးသဖြင့် ကချင်ပြည်နယ် ဗန်းမော်၊ ရှမ်းပြည်နယ် နောင်ချို၊ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်လမ်းပေါ်ရှိ တိုက်ပွဲများတွင်  ဒရုန်းများကို ဖောဖောသီသီ အသုံးပြုလာခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်တွင် အထိနာလာကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ပြောသည်။

ဗန်းမော်မြို့တွင်လည်း  စစ်တပ်က ဒရုန်းများကို အသုံးပြု၍ ပုံမှန်ဗုံးကြဲလျက်ရှိပြီး နည်းပညာပိုင်း ပိုမိုကောင်းမွန်သည်ကို တွေ့ရသည်ဟု ကချင်လွတ်လပ်ရေးတပ် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

ဗန်းမော်တိုက်ပွဲတွင် ပါဝင်နေသူတစ်ဦးကလည်း အလားတူ ပြောသည်။

“လေယာဉ်နဲ့ ဒရုန်း သုံးတာက ဟန်ချက်ညီတယ်လို့ပြောလို့ရတယ်။ ကင်းထောက်ဒရုန်းနဲ့ ကြည့်ပြီးတော့ ဒရုန်းဝင်လို့ရတဲ့နေရာဆိုရင် ဒရုန်းနဲ့ကြဲတယ်။ ဒရုန်းဝင်လို့မရဘူးဆိုရင် တိကျတဲ့ပစ်မှတ်ယူပြီး ဂျက်လေယာဉ်နဲ့ လာကြဲတယ်”  ဟု သူက ပြောသည်။

“သူတို့အရင်က သုံးတဲ့ ဒရုန်းတွေက ကျွန်တော်တို့ ကောင်းကောင်း ခုခံလို့ရတယ်”

၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် မံစီမြို့နှင့် ဗန်းမော်မြို့တို့ကို KIAနှင့် ပူးပေါင်းတပ်က တစ်ပြိုင်တည်းထိုးစစ်ဆင်ခြင်းဖြစ်ပြီး မံစီမြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက် ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့သည်။ 

စစ်စခန်းများပြားသည့် ဗန်းမော်မြို့တွင်မူ စစ်တပ်က နည်းပညာအဆင့်မြင့်ထားသည့် ဒရုန်းများကို သိသိသာသာအသုံးပြု၍ ပြန်လည်ခုခံနေခြင်းဖြစ်သည်ဟု အထက်ပါသတင်းအရင်းမြစ်က ပြောသည်။​

“အရင်က သူတို့ဒရုန်းကို ထည့်တွက်စရာမလိုခဲ့ဘူး။ လေကြောင်းတိုက်ခိုက်မှုကိုပဲ ထည့်တွက်ခဲ့ကြတာ။ ဗန်းမော်တိုက်ပွဲမှာကျတော့ သတိထားရမယ့်အချက်ထဲ ဒရုန်းလည်းပါလာတာပေ့ါ။ ပြီးတော့ ဗန်းမော်ရဲ့ နယ်မြေအနေအထားကလည်း ကျယ်တော့ စိန်ခေါ်မှုရှိတာပေ့ါ”ဟု ၎င်းက ဆိုသည်။

ဗန်းမော်မြို့အတွင်း တိုက်ပွဲများပြင်ထန်စွာဖြစ်ပွားနေစဉ် စစ်တပ်၏ အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အတွင်း တရုတ်နှင့် ရုရှားလူမျိုး စစ်ရေးပညာရှင်တို့ ခေတ္တရောက်လာ၍ သင်တန်းပေးသည်ဟု သတင်းရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူတို့ဒရုန်းနဲ့ကျနော်တို့ ဒရုန်းနဲ့ ဘာမှ မကွာဘူး။ ဒါပေမယ့် အထဲမှာ သုံးတဲ့ နည်းပညာပိုင်းကွာ သွားတာပေ့ါ။ Anti-janma စက်အသေးလေး ပါလာတယ်။ ကင်မရာတွေကောင်းလာတယ်။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပိုက်ဆံရှိလို့ ဝယ်ချင်တယ်ဆိုရင်တောင်မှ ဝယ်လို့မရတဲ့ ပစ္စည်းမျိုးတွေ”ဟု ၎င်းက ပြောသည်။

 စစ်ကောင်စီတပ်သည် တရုတ်နိုင်ငံ SZ DJI Technology ကုမ္ပဏီက ထုတ်လုပ်သည့် DJI Mavic 3 Pro, DJI Matric 350 RTK များကို အသုံးပြုကြောင်း အခြားသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။ 

အဆိုပါ ဒရုန်းများမှာ ဓာတ်ပုံ၊ ဗီဒီယို၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်ပါ အသုံးပြု၍ရသော ဘက်စုံသုံးဒရုန်းများဖြစ်ပြီး အနည်းဆုံးကီလိုမီတာ ၂၀ နှင့်အထက်ပျံသန်းနိုင်သည်ဟု ကုမ္ပဏီ ဖော်ပြချက်အရ သိရသည်။  

အဆိုပါဒရုန်းများကို စစ်တပ်က ညဘက်မြင်ကွင်း၊ အပူလှိုင်းဖမ်းယူပေးကင်မရာစနစ် ထပ်တိုးတပ်ဆင်၍ အသုံးပြုနေခြင်းဖြစ်သည်ဟု သတင်းအရင်းမြစ်က ပြောသည်။

“ဗုံးချတဲ့ ဒရုန်းတွေက Program ရေးပြီးသားတွေ။ လတ္တီကျု၊ လောင်ဂျီကျုယူပြီး Computer ထဲ ထည့်ပြီး ခိုင်းလိုက်ရုံပဲ။ ဗုံးသီးချတဲ့ ဒရုန်းဘေးနားမှာ Mavic 350 က ကပ်လိုက်လာကြည့်တယ်” ဟု အထက်ပါသတင်းအရင်းမြစ်က ဆိုသည်။

တော်လှန်ရေးအင်အားစုနှင့် စစ်ကောင်စီတပ် နှစ်ဘက်စလုံးမှာ ပြည်သူလူထုထံမှ ရရှိသည့်ငွေဖြင့် ဒရုန်းအပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူနေကြခြင်း ဖြစ်သည်။ တော်လှန်ရေးအင်အားစုက မှောင်ခိုစျေးကွက်မှ အကန့်အသတ်ဖြင့် ဝယ်ယူနေရချိန်တွင် စစ်ကောင်စီက ရုရှား၊ တရုတ် အပါအဝင် နိုင်ငံတချို့မှ ပမာဏ အများအပြား ဝယ်ယူနိုင်သည့် အခြေအနေရှိနေသည်။ 

၂၀၂၄ စက်တင်ဘာလက စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေတွင် ပျက်ကျခဲ့သော ထောက်လှမ်းရေးဒရုန်း တစ်စီးမှာ တရုတ်နိုင်ငံထုတ် ဖြစ်သည်။  ဒေါ်လာနှစ်သောင်းကျော် ပေါက်စျေးရှိပြီး ၈ နာရီ ပျံသန်းနိုင်သည့် ဒရုန်း ဖြစ်နိုင်သည်။ 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်စခန်းများကို ၁၀၂၇စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်စဉ် ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်(AA)နှင့် TNLA ပူးပေါင်းတပ်က ဒရုန်းများ အများအပြားကို အသုံးပြု၍ လက်ဦးမှုရယူတိုက်ခိုက်ခဲ့သည်။

အဆိုပါထိုးစစ်အတွင်းမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အပါဝင် ရှမ်းမြောက်တစ်ခုလုံးနီးပါးကို စစ်တပ်က လက်လွှတ်လိုက်ရသည်။ 

ထို့နောက် စစ်တပ်ကလည်း ဒရုန်း အသုံးပြုမှု ပိုများလာသည်။

ယခုနှစ် ဖေဖော်ဝါရီဆန်းပိုင်းမှစ၍ ၎င်းတို့ တန်ပြန်ထိုးစစ်ဆင်နေသည့် နောက်ချို တောင်းခမ်း၊ အုမ္မသီးရွာတိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် ဒရုန်းအသုံးပြု၍  ထိထိရောက်ရောက် တိုက်ခိုက်လျက်ရှိသည်ဟု TNLA ဒရုန်းပညာရှင်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံထုတ် ဒရုန်းများကို ပြန်လည်အဆင့်မြင့်၍ စစ်တပ်က အသုံးပြုနေခြင်းဖြစ်ပြီး တပ်တည်၊ တပ်လှုပ်နေရာများကို ရှင်းလင်းစွာမြင်နိုင်သည့် ကင်မရာများလည်း တပ်ဆင်ထားကြောင်း ၎င်းက ပြောသည်။

“အဆင့်မြင့်ထားပြီး အဆိပ်ငွေ့ဗုံးတွေကို အဓိကထားသုံးနေတဲ့အတွက် တော်လှန်ရေး တပ်ဖွဲ့တွေဘက်က အတော် လေး အထိနာခဲ့တယ်” ဟု သူက ပြောသည်။

စစ်တပ်သည် တိုက်ပွဲများတွင် တရုတ်နိုင်ငံထုတ်   YZT-CZ55RC အမည်ရ မောင်းသူမဲ့ လေယာဉ်၊  Agras T20 အမည်ရ ဘက်စုံသုံးဒရုန်း၊ FLH& အမည်ရ  အသေခံဒရုန်းများကိုလည်း အသုံးပြုလျက်ရှိသည်ဟု စစ်ရေးလေ့လာသူတစ်ဦးက ဆိုသည်။

KIA ကလည်း မကြာသေးမီက အရေးကြီးပစ်မှတ်တစ်ခုကို ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။ 

မေ ၂၀ ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ လာသည့် စစ်ရဟတ်ယာဉ်များကို တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းတစ်ခုတွင် ရဟတ်ယာဉ်ထိပ်ပိုင်း ပန်ကာအုံကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။ ဆင်းသက်ရန် ပြင်နေစဉ် တိုက်ခိုက်ခံရသည့် အဆိုပါရဟတ်ယာဉ်မှာ ချက်ချင်း ပျက်စီးမသွားသော်လည်း တပ်စခန်းသို့ မပြန်နိုင်တော့ဘဲ လမ်းတွင် ဆင်းသက်ရပ်နားထားရစဉ် တိုက်ခိုက်ဖျက်ဆီးခံလိုက်ရသည်။

ထိုဖြစ်ရပ်အပြီး ရက်များမကြာမီတွင် အလားတူ တိုက်ခိုက်မှုမျိုးကို ရုရှားနိုင်ငံတွင် တွေ့လိုက်ရသည်။ လေကြောင်းတိုက်ခိုက်မှု နေ့စဉ် ခံနေရသော ယူကရိန်းက ရုရှားလေတပ်စခန်းများတွင် ရပ်နားထားသော စစ်လေယာဉ်များကို အသေခံဒရုန်း အရေအတွက် အများအပြားသုံးပြီး တိုက်ခိုက်မှု ပေါ်ပေါက်လာသည်။ ၁နှစ်ခွဲကျော်ကြာ အချိန်ယူခဲ့ရသော အဆိုပါ စစ်ဆင်ရေးတွင် ယူကရိန်းက ဒရုန်းအရေအတွက် ၁၁၇ ခု သုံးခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

အရေးကြီးပစ်မှတ်များကို ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းမှာ ရုရှားကျူးကျော်စစ်တွင် ယူကရိန်းက တွင်တွင်ကျယ်ကျယ်သုံးနေသည့် နည်းလမ်းတစ်ခုဖြစ်သည်။

Related Articles

Back to top button