သတင်း

လားရှိုးတိုက်ပွဲတွင် ကိုးကန့်စစ်သား ၈ ဦး သေဆုံးကြောင်း ရှမ်းတပ် SSPP ကြေညာ

မဟာမိတ်များဖြစ်ကြသော ကိုးကန့်တပ် MNDAA နှင့် ရှမ်းတပ် SSPP ကြား ထိပ်တိုက်ရင်ဆိုင်မှု အများအပြား ရှိနေသော်လည်း ယခုတိုက်ပွဲသည် သေဆုံးမှု အများဆုံး တိုက်ပွဲ ဖြစ်လာသည်။

မဟာမိတ်ဖွဲ့ထားသည့် ကိုးကန့်တပ် MNDAA နှင့် ယမန်နေ့ (ဇွန်၁)က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကိုးကန့်တပ်ဘက်မှ ၈ဦး သေဆုံးခဲ့သည်ဟု ရှမ်းတပ် SSPP/SSA က နေ့တွင်းချင်း သတင်းထုတ်ပြန်ခဲ့သည်။

SSPP/SSA ဟုခေါ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်၏ အဆိုအရ ကင်းလှည့်နေသည့် ၎င်းတို့တပ်ဖွဲ့ဝင်များကို နေ့လယ် ၂နာရီခွဲခန့်တွင် ကိုးကန့်တပ် MNDAA က လားရှိုးမြို့နယ်၊ နားလိုင်ကျေးရွာအနီး ခြုံခိုတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

SSPP နှင့် MNDAA တို့  စစ်ရေးဆက်လက်တင်းမာနေသည့် လားရှိုးမြို့နယ်၊ဟန်နားကျေးရွာအာ ၂၀၂၅ ဇွန်လ ၂ ရက်နေ့ကတွေ့ရစဉ် (ဓာတ်ပုံ – ပေးပို့)

မဟာမိတ်တပ်များကြား ထိပ်တိုက်ရင်ဆိုင်မှု အများအပြား ရှိနေသော်လည်း ယခုတိုက်ပွဲသည် သေဆုံးမှု အများဆုံး တိုက်ပွဲ ဖြစ်နေသည်။

ကိုးကန့်တပ်တွင် ဒဏ်ရာရသွားသူများလည်းရှိကြောင်း SSPP/SSA သတင်းပြန်ကြားရေးဌာန၏   ထုတ် ပြန်ချက်တွင် ဖော်ပြသည်။      

အောက်ခြေတွင် နှစ်ဘက်တပ် ထိတွေ့ ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်ဟု SSPP ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက ပြောသည်။

“ဟန်နားရွာ အုပ်စုထဲမှာ အောက်ခြေတပ်တွေ အချင်းချင်း ထိတွေ့မှုဖြစ်တာ ဟုတ်ပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူး” ဟု သူက ပြောသည်။

ညနေ ၄ နာရီတွင် အင်အား ၁၀၀ ကျော်ရှိသည့် MNDAA တပ်ဖွဲ့ဝင်များ ဟန်နားရွာသို့ ဆက်လက် ထိုးစစ်ဆင်သည့်အတွက် တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း SSPP က ဆိုသည်။

ဟန်နားကျေးရွာ ဒေသခံများကမူ SSPPနှင့် MNDAA တပ်ဖွဲ့တို့ ဟန်နားရွာတွင် တိုက်ပွဲဖြစ်ပြီး ဟန်နားရွာ နှင့် သုံးမိုင်ကွာသည့် နမ့်လုတ်ရွာအနီးတွင် ထပ်မံပစ်ခတ်ခဲ့ကြသည်ဟု ဆိုသည်။

တိုက်ပွဲမှာ ခေတ္တခဏသာ ကြာမြင့်ခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

“နမ့်လုတ်ရွာမှာက SSPP ရှိတယ်။ ဟန်နားမှာကျတော့ MNDAA ရော SSPP ပါရှိတယ်။  ဖြစ်တာက နမ့်လုတ်မှာ စဖြစ်တာ။ တော်တော် တိုက်ပွဲပြင်းထန်တယ်။ ကျွန်တော်တို့ ရွာမှာဖြစ်တာကျတော့ ညနေပိုင်းလောက်ဖြစ်တာ။ တောင်ပေါ်က ဆင်းလာတဲ့ SSPP နဲ့ MNDAA ရွာလယ်မှာ တွေ့ကြပြီး စကားများရင်း ဖြစ်ကြတာ။ ခဏပဲဖြစ်တာ။ SSPP  က ကားလမ်းဘက် ထွက်ချင်တာ ကိုးကန့်က ပေးမထွက်လို့ ဖြစ်ကြတာ” ဟု သူက ဆိုသည်။

တိုက်ပွဲပြင်းထန်သည့် နမ့်လုတ်ရွာတွင် MNDAA ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဖြစ်စဉ် အခြေအနေသိရှိသည့် ဒေသခံ နောက်တစ်ဦးက ပြောသည်။

“ကိုးကန့်ဘက်က သေဆုံးတဲ့သူက ငါးယောက်အထက်မှာ ရှိတယ်။ ဒဏ်ရာရတဲ့သူတွေ လည်းရှိတယ်။ အခုသေသွားတဲ့ ကိုးကန့်တပ်ဖွဲ့က ကလေးတွေဆိုတာလည်း … နောင်မွန်တို့ ပုန်းထွန်ရွာတွေက ရှမ်းလူမျိုးကလေးတွေပါပဲ။ ကိုးကန့်က စစ်သားစု ဆောင်းပြီးထည့်ထားတဲ့ သူတွေပါ”    ဟု သူက ပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ MNDAA ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ MNDAA ပြန်ကြားရေး တာဝန်ရှိသူများကို Myanmar Now  က ဆက်သွယ် မေးမြန်းခြင်းကို   ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။

တိုက်ပွဲကြောင့် ဟန်နားကျေးရွာ၊ နမ့်လုတ်ကျေးရွာ၊ ဟိန်းလွမ့် ကျေးရွာ အတွင်းမှ ဒေသခံများ ဘေးလွတ်ရာ  ထွက်ပြေးခဲ့ပြီး ယနေ့မနက်ပိုင်းတွင် နေရပ်ပြန်လာကြသည်ဟု ဒေသခံများကဆိုသည်။

ယနေ့(ဇွန်လ ၂ ရက်)  မနက်ပိုင်းတွင် SSPPနှင့် MNDAA တပ်ဖွဲ့ကြား စစ်အင်အား ထပ် ဖြည့်နေပြီး စစ်ရေးဆက်လက် တင်းမာနေသဖြင့် တိုက်ပွဲပြန်ဖြစ်မည်ကို ဒေသခံများ က စိုးရိမ်နေကြသည်။

ရှမ်းမြောက်ဒေသ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ သိန္နီ၊ နမ့်ခမ်း၊ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း မြို့နယ်များသည် ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းရွာအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊  ရှမ်းပြည်တပ်မတော် (SSPP/SSA)  တပ်ဖွဲ့လှုပ်ရှားရာ ဒေသများ ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိန္နီ၊ လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက် ခဲ့ပြီး နောင်ချို၊ ကျောက်မဲ၊ နမ့်ခမ်း၊ သီပေါမြို့များကို TNLA  က သိမ်းပိုက်ခဲ့သည်။

 အဆိုပါမြို့ နယ်များတွင် SSPP သည် မြို့ကို သိမ်းလိုက်သည့် တပ်များနှင့် နယ်မြေ အငြင်းပွားမှု မကြာခဏဖြစ်ခဲ့သည်။

ဧပြီ ၂၈ ရက်နေ့က သီပေါမြို့နယ်၊ နမ္မကျောက်မီးသွေးတွင်းအနီးရှိ နမ္မ၊ ကုန်း ပေါင်၊ နာနန်း ကျေးရွာရှိ SSPP တပ်စခန်းများကို ဖယ်ရှားပေးရန်  MNDAA တပ်ဖွဲ့က တောင်းဆိုခဲ့ရာ နှစ်ဖက်တပ်ကြား တိုက်ပွဲစတင်ဖြစ်ခဲ့သည်။

နောက်တစ်နေ့တွင်  သီပေါမြို့နယ်အတွင်းရှိ တင်ဟိုင်းကျေးရွာ၊ ဟူးမီးကျေး ရွာ အနီး   နှစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့ပြီး SSPP ထိန်းချုပ်မှု   အောက်ရှိ စိန်ကျော့တပ်စခန်းကို MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုနေ့တွင်ပင် လားရှိုးမြို့နယ်အတွင်းရှိ မိုင်းယော်ကျေးရွာ၊ မိုင်းကျက်ကျေးရွာအတွင်း SSPPနှင့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည်။

SSPP၏ ထုတ်ပြန်ချက်အရ ဧပြီ ၂၈နှင့် ၂၉ ရက်နေ့တွင် နှစ်ဘက်တပ်ကြား  ထိတွေ့မှု ၈ကြိမ် ရှိခဲ့ပြီး နေရာ ပေါင်း ၂၄ နေရာတွင် အပြန်အလှန်  ဖမ်းဆီး၊ ရိုက်နှက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ မတ်လက သိန္နီမြို့နယ် နမ့်စလတ် ကျေးရွာ အတွင်း  နယ်မြေ လှုပ်ရှာမှုပေါ်အခြေခံ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

နယ်မြေအငြင်းပွားမှု ပြဿနာများနှင့်ပတ်သက်၍ ၂၀၂၅ မေလဆန်းပိုင်းတွင် နှစ်ဖက်တပ် ထိပ်ပိုင်းခေါင်းဆောင်များ  UWSA ထိန်းချုပ်ဒေသ ပန်ဆန်းတွင် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရခဲ့ကြောင်း ညှိနှိုင်းမှုအ‌ခြအနေ သိရှိသူ တစ်ဦးကပြောသည်။

“ကိုးကန့်ဘက်က နမ္မကျောက်မီးသွေးတွင် ရှိတဲ့နေရာကနေ ဆုတ်ခွာပေးမယ်။ SSPP ကမူဆယ်ကနေ နမ့်ပေါင် လမ်းမကြီးကနေ ဖယ်ပေးရမယ် ဆိုတာမျိုးတောင်းဆို လာတော့ အဆင်မပြေ ဘူလို့ သိရပါတယ်”

ညှိနှိုင်းမှု အခြေအနေနှင့်ပတ်သက်၍ နှစ်ဘက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေ။

နှစ်ဖွဲ့စလုံးသည် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)  အဖွဲ့ဝင်များ ဖြစ်သည်။ ထိုကော်မတီတွင် ပါဝင်သည့် အခြားတပ်များမှာ 

 အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)  မိုင်းလားတပ်ဖွဲ့ ၊ ကချင်လွတ် မြောက်ရေးတပ်မတော် (KIO/KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ၊  ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA)၊ အာရက္ခတပ်တော်  (AA) တို့ ဖြစ်ကြသည်။

Related Articles

Back to top button