ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ဘက်တွင် ဖမ်းမိသည့် တော်လှန်ရေးသမားများထဲမှ ၄ ဦးကို စစ်ကောင်စီတပ်က သတ်လိုက်ပြီး ၁ ဦး အသက်ရှင်နေဆဲဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) ပြည်သူ့စစ်နှင့် နီးစပ်သူ ၂ ဦးက ပြောသည်။
ဇန်ဝါရီလ ၁၂ ရက်နေ့ တိုက်ပွဲတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ပြည်သူ့စစ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး PNLA က ဇွန်လ ၁ ရက်နေ့တွင် ရုပ်သံမှတ်တမ်းတစ်ခုဖြင့် သတင်းထုတ်ပြန်လာသည်။
ထိုရုပ်သံမှတ်တမ်းတွင် PNLA ရဲဘော်ဟု ယူဆရသည့်၊ အစိမ်းရောင်ယူနီဖောင်း ဝတ်ဆင်ထားကြသည့် ၄ ဦးကို စစ်ကောင်စီတပ် ယူနီဖောင်းဝတ်ထားပြီး ဦးထုပ်နောက်ပြန် ဆောင်းထားသည့် အမျိုးသားက ရိုင်ဖယ်သေနတ်ဖြင့် နောက်ကျောဘက်မှ ပစ်ခတ်ခဲ့ကြောင်း တွေ့ရသည်။
လက်နောက်ပြန်ကြိုး တုပ်ခံထားရသူ အဆိုပါ ၄ ဦးမှာ တန်းစီ မတ်တပ်ရပ်နေကြရစဉ်သေနတ်သံများ ထွက်ပေါ်လာသည့်နောက် မြေပြင်ပေါ် လဲကျသွားကြသည်။
ထို ၄ ဦးကို ပစ်ခတ်ရာတွင် ပါဝင်သည့် အခြားသော သေနတ်တစ်လက်၏ ပြောင်းဝကို ရုပ်သံမှတ်တမ်းတွင် တစ်စွန်းတစ်စတွေ့ရသော်လည်း ထိုသေနတ်ကိုင်ထားသူမည်သူမည်ဝါဖြစ်ကြောင်း မမြင်ရပေ။
ပြည်သူ့စစ်နှင့် နီးစပ်သည့် အခြားအမျိုးသား သတင်းရင်းမြစ်တစ်ဦးကလည်း ထိုသတ်ဖြတ်မှုကို စစ်ကောင်တပ်က ကျူးလွန်ခြင်းဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
နောက်ဆက်တွဲအလုပ် နည်းပါးစေရန် ထိုသို့ သတ်ဖြတ်ရခြင်းဖြစ်သည်ဟု စစ်တပ်က အကြောင်းပြကြောင်း သူက Myanmar Now ကို ပြောသည်။
“ကျွန်တော်သိရတာကတော့ ဖမ်းမိတာ ၅ ဦး၊ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦး ပါတယ်။စစ်တပ်ကတော့ အကုန်သတ်ဖို့လုပ်ပါတယ်။ သူတို့ပြောတာက စစ်ကျင့်ဝတ်အတိုင်းလုပ်ရင် သူတို့ အလုပ်ရှုပ်တယ်။ တိုက်ပွဲမှာ သေတဲ့ပုံစံနဲ့ ဖန်တီးရင် အလုပ်မရှုပ်ဘူးလို့ပြောတယ်” ဟု ၎င်းက ဆိုသည်။
“တိုင်းထဲပြန်အပ်ရင် အမှုအတွက် သက်သေနဲ့ အချိန်တွေ ကုန်ပြီး အလုပ်မရှုပ်ချင်လို့ ရှင်းလိုက်တယ် လို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်သုံ့ပန်းများထဲမှ အသက်မပြည့်သေးသူကို မသတ်ရန် PNA ပြည်သူ့စစ်တပ်မှူးများက မေတ္တာရပ်ခံခဲ့သဖြင့် ထိုလူငယ်မှာ ယနေ့တိုင် အသက်ရှင်လျက်ရှိနေကြောင်း ၎င်းက ဆိုသည်။
“အဲဒီကလေးစစ်သားက လက်ရှိ PNA ထဲမှာရှိပြီး PNAနဲ့ ပြန်ပူးပေါင်းပါတယ်။ စိတ်ချရရင် မိဘဆီ ပြန်အပ်မယ်လို့ သိရပါတယ်။ လက်ရှိ မိဘဆီပြန်အပ်ပြီလားဆိုတာတော့ မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး အများက စိတ်ဝင်စားနေကြသော်လည်း စစ်ကောင်စီတပ်က တုံ့ပြန်ခြင်း မရှိသေးပေ။
PNLA ဘက်ကမူ ၎င်းတို့၏ရဲဘော် ၅ ဦး ဇန်နဝါရီလ ၁၂ ရက်တွင် အဖမ်းခံရပြီး ဇန်နဝါရီလ ၁၃ နံနက်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း ယုံကြည်နေသည်။
PNLA ပြောဆိုချက်
သတ်ဖြတ်မှုအကြောင်း ရုပ်သံမှတ်တမ်းတင်ထားသူ စစ်ကောင်စီတပ်သားကို ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတစ်ခုတွင် တော်လှန်ရေးတပ်က အရှင်ဖမ်းမိခဲ့သည်ဟု PNLA အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆိုသည်။
စစ်သုံ့ပန်း ၅ ဦးစလုံး နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည်ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက စစ်ကောင်စီတပ်သား၏ ထွက်ဆိုချက်ကို အခြေခံ၍ Myanmar Now ကို ပြောသည်။
PNA ပြည်သူ့စစ်အဖွဲ့မှာ ပအိုဝ်းတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုလိုကြောင်း သူက ဆက်ပြောသည်။
“ပအိုဝ်းလူမျိုးအချင်းချင်းမတိုက်ဖို့ ကျွန်တော်တို့ PNLO/PNLA အနေနဲ့ ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီအနေနဲ့ တွဲလာတဲ့အခါမှာ မလွဲသာမရှောင်သာ တိုက်ပွဲဖြစ်ရတာပေါ့။ အဲဒီလိုတိုက်ပွဲဖြစ်တဲ့အခါမှာ ဖမ်းမိတဲ့ ပအိုဝ်းလူငယ်တွေကို ရက်ရက်စက်စက် သတ်ခြင်းအားဖြင့် နောက်နောင် အမျိုးသားညီညွတ်ရေးတွေ အများကြီးထိခိုက်နိုင်တယ်” ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ဆိုသည်။
စစ်သုံ့ပန်းများကို ပစ်သတ်ခြင်းသည် စစ်ရာဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း၊ စစ်ပဋိပက္ခအတွင်း တစ်ဘက်နှင့် တစ်ဘက် ခွင့်မလွှတ်နိုင်သည့်အမှား ထပ်မံ မကျူးလွန်ရန် သတိထားသင့်ကြောင်း သူက ပြောသည်။
PNA နှင့် PNLA တို့သည် ရှမ်းပြည်နယ်ရှိ ပအိုဝ်းလက်နက်ကိုင်တော်လှန်ရေးတွင် အစဉ်အလာကြီးသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ) မှ ဆင်းသက်လာသည့် အဖွဲ့ နှစ်ဖွဲ့ဖြစ်သည်။
ပအလဖသည် ၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပေါင်းရေးမပေါင်းရေးအပေါ် မူတည်ကာ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်လာသည်။
ထို့နောက် ၁၉၇၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မပူးပေါင်းလိုဘဲ ပအိုဝ်း အမျိုးသားရေး လမ်းစဉ်ကို စွဲကိုင်သည့် ဦးအောင်ခမ်းထီက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) ကို ထူထောင်ကာ သီးခြား ရပ်တည်လာသည်။
PNO ကို ပအိုဝ်းဖြူဟု လူသိများသည်။ ရလလဖမှာ ကွန်မြူနစ်ပါတီနှင့်နီးစပ်သဖြင့် ပအိုဝ်းနီဟုလည်း ခေါ်ကြသည်။
PNO/PNA သည် ၁၉၉၁ တွင်စစ်တပ်နှင့်အပစ်ရပ်လက်မှတ်ထိုးခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် လူမျိုးစု လက်နက်ကိုင်တပ်အဖြစ်မှ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အသွင် ပြောင်းလဲခဲ့သလို နိုင်ငံရေးပါတီ ထောင်ကာ အထွေထွေရွေးကောက်ပွဲများတွင် ပါဝင်အရွေးခံခဲ့သည်။
PNO ခွဲထွက်ပြီးနောက်တွင် ရလလဖ သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူကာ ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်အပ်လိုက်သဖြင့် အဖွဲ့ပျက်သွားသည်။
ရလလဖ ပျက်ပြီးနောက် ရလလဖထဲမှ ခွဲထွက်လာသည့် ခွန်သူရိန်ဦးဆောင်သည့်အဖွဲ့နှင့် PNO မှ ခွဲထွက်လာသော ခွန်ဥက္ကာဦးဆောင်သောအဖွဲ့တို့ပူးပေါင်းကာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကို ၂၀၀၉ ခုနှစ်တွင် ထူထောင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် အခြေစိုက်ကာ စစ်ရေးလှုပ်ရှားသည်။
PNLO သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ထိုးပြီး မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် ပါဝင်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ စံဖူးရွာအနီး၌ PNLA သယ်လာသော လက်နက်များကို စစ်ကောင်စီတပ်နှင့် PNO က ပူးပေါင်း၍ ဖမ်းဆီးရာမှ PNLA သည် ကရင်နီ တော်လှန်ရေးတပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်လာသည်။
PNLA သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်မြို့ကို သိမ်းပိုက်ခဲ့ဖူးသော်လည်း PNA ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၃၂ ရက်ကြာ ပြန်လည်တိုက်ခိုက်ပြီးနောက် လက်လွှတ်ခဲ့ရသည်။
PNLA နာယကဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာသည် အဖွဲ့အစည်းမှစက်တင်ဘာလတွင် နုတ်ထွက်ခဲ့သည်။ လက်ရှိ PNLA ကို ဗိုလ်ချုပ်ခွန်သူရိန်က ဥက္ကဌအဖြစ် ဆက်လက်ဦးဆောင်၍ စစ်ကောင်စီတပ်ကို တိုက်နေသည်။



