စစ်ကိုင်းငလျင် (အကြားအမြင် ဗေဒင်ယတြာ နမိတ်များကိုယုံကြည်သည့် စစ်ကောင်စီက မန္တလေးငလျင်ဟု နိုင်ငံတကာအသုံးအနှုန်းကို လက်မခံဘဲ ပြောင်းလဲသုံးနှုန်းနေသည်) ၂၀၂၅ခုနှစ် မတ်လ၂၈နေ့၌ ရိုက်ခတ်အပြီး ပျက်စီးဆုံးရှုံးမှုများနှင့် စီးပွားရေးအပေါ်ထိခိုက်မှု အတိုင်းအတာကို ဆန်းစစ်သုံးသပ်ထားသည့် အစီရင်ခံစာ၂စောင်ကို ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့ ချုပ်တို့က ဧပြီလနှင့်မေလတို့တွင် ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ဘဏ်၏ “Global Rapid Post-Disaster Damage Estimation (GRADE) Report: Myanmar Earthquake-March 28, 2025” အစီရင်ခံစာအရ ထိခိုက်ပျက်စီးမှု (လူနေအိမ်၊ ရုံးအဆောက်အအုံနှင့် လမ်းတံတား အခြေခံအဆောက်အအုံများ) သည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ဘီလီယံခန့်ရှိ ပြီး မြန်မာနိုင်ငံ၏ လက်ရှိဂျီဒီပီ၏၁၄%ခန့်ဖြစ်သည်။
မန္တလေး၊စစ်ကိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် ငလျင်ဒဏ်အခံရဆုံးဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုလည်း အများဆုံးဖြစ်သည်။ လူပေါင်း ၁၇သန်းကျော်အပေါ် သက်ရောက်မှုရှိပြီး ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျစရိတ်များသည် ပျက်စီးဆုံးရှုံးမှုတန်ဖိုးထက် ပိုမိုကုန်ကျနိုင်သည်ဟုလည်း သုံးသပ်တင်ပြထားသည်။
အလားတူ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို-ILO)၏ အစီရင်ခံစာတွင် ငလျင်ဒဏ်ခံ ဒေသတွင်း အလုပ်သမား၃.၅သန်းကျော်ရှိနေပြီး ထိုအလုပ်သမားများ၏ ဝင်ငွေဆုံးရှုံးမှု နေ့စဉ် အမေရိကန်ဒေါ်လာ၃၆.၈သန်းခန့်ရှိနိုင်သည်။ နှစ်အလိုက်ဆိုလျှင် အမေရိကန်ဒေါ်လာ ၉.၆ဘီလီယံခန့် ဝင်ငွေဆုံးရှုံးသွားနိုင်သည်ဟု တင်ပြထားသည်။
အမှန်တကယ်က မြန်မာ့စီးပွားရေးသည် ယခုငလျင်ရိုက်ခတ်မှုနောက် ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းလာခြင်းမဟုတ်ဘဲ ကိုဗစ်-၁၉ကပ်ဘေး ဖြစ်ပွားနေချိန် စစ်အာဏာသိမ်းခြင်း၊ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ်မီးအရှိန် ပြင်းလာမှု၊ ဘဏ္ဍာငွေကြေးမတည်ငြိမ်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုတ်သိမ်းသွားမှု၊ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေတို့ကြောင့် ဆိုးရွားသည့် စီးပွားရေးအခြေအနေများ ပေါ်ပေါက်နေရခြင်း (သို့) စီးပွားရေးအဆောက်အအုံတစ်ခုလုံး ပြိုဆင်းနေခြင်း (structural downturn)ဖြစ်သည်။
စစ်ကိုင်းငလျင်ရိုက်ခတ်မှုနှင့် အထက်ဖေါ်ပြပါ အစီရင်ခံစာ၂စောင်တွင်တင်ပြထားသည့် ပျက်စီးဆုံးရှုံးမှုပမာဏနှင့် အလုပ်သမားများအပေါ်သက် ရောက်နိုင်မှုတို့က မြန်မာ့စီးပွားရေးအတွက် final nail in the coffin of Myanmar Economy ဟုပြော ရမလိုဖြစ်နေသည်။

အထက်ဖေါ်ပြပါ အစီရင်ခံစာ၂စောင်၏ အဓိကမီးမောင်းထိုးပြသည့် အချက်မှာ လိုအပ်သည့် ဘဏ္ဍာငွေကြေးပမာဏဖြစ်သည်။ ပထမအစီရင်ခံစာမှာ ပျက်စီးဆုံးရှုံးသွားသည့် ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ဘီလီယံခန့်ရှိသည်ဆိုသော်လည်း ပြန်လည်တည်ဆောက်ရေးတွင် ထိုပမာဏထက် ပိုမိုကုန်ကျနိုင်သည်ဟုဖေါ်ပြထားသည်။
ထိုကဲ့သို့ ပမာဏကြီးမားသည့် ဘဏ္ဍာငွေလိုအပ်ချက်ကို စစ်ကောင်စီအနေဖြင့် မည်သို့မျှမဖြည့်ဆည်းနိုင်၊ လတ်တလောမှာပင် ဘတ်ဂျက်လိုငွေပြမှုကို ငွေစက္ကူ ရိုက်ထုတ်ဖြည့်ဆည်းနေ၍ ငွေကြေးဖေါင်းပွမှုမြင့်တက်လာခြင်းနှင့် ငွေတန်ဖိုးကျဆင်းမှုကို ကြုံတွေ့နေ ရခြင်းဖြစ်သည်။
၂၀၁၁ခုနှစ်မှ၂၀၂၀ခုနှစ်ထိ မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ပျမ်းမျှ ၆%ကျော်၇%နီးပါး တိုးတက်ခဲ့ရာမှ စစ်အာဏာသိမ်းသည့်နှစ်မှာ ၁၈%ထိုးကျခဲ့သည်ဟုသိရသည်။ ၂၀၂၁ခုနှစ်မှာ လူသားချင်း စာနာမှုအကူအညီလိုအပ်သူ ၁သန်းရှိရာမှ ၂၀၂၄ခုနှစ်တွင် ၁၈.၆သန်းခန့်ခဲ့ပြီး ၂၀၂၅ခုနှစ်တွင် သန်း၂၀နီးပါးရှိလာနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ အဖွဲ့ဝင်နိုင်ငံနှင့်ပတ်သက်သည့် သတင်းအချက် အလက်စာမျက်နှာတွင် (ADB, April 2025: ADB Member Fact Sheet) ဖေါ်ပြထားသည်ကိုတွေ့ရသည်
အလားတူ UNOCHAအစီရင်ခံစာအရ ပြည်တွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူပေါင်း ၃.၅သန်းခန့်ရှိသည်ဟုသိရသည်။ တစ်ချိန်တည်းမှာ ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၂၀၂၄ခုနှစ်မှာ၂၆%ရှိခဲ့သည်။ ထိုအခြေအနေသည် စစ်ကိုင်းငလျင်ကြီး ၂၀၂၅ခုနှစ် မတ်လ၂၈နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို မရိုက်ခတ်မီ အခြေအနေဖြစ်သည်။
တကယ်တမ်းတွင် မြန်မာ့စီးပွားရေးသည် supply shockနှင့်demand shock ဟုခေါ်ဆိုသည့် ထုတ်လုပ်ထောက်ပံ့မှု စွမ်းအားကျဆင်းခြင်းနှင့် ဝယ်လိုအားနှင့် စားသုံးနိုင်မှုကျဆင်းခြင်း ၂မျိုးစလုံးကို ခံစားနေရခြင်းဖြစ်သည်။ အချို့သောပညာရှင်များကလည်း stagflation စီးပွားရေးကျဆင်းခြင်း (stagnant)နှင့် ငွေကြေးဖေါင်းပွမှု ကုန်ဈေးနှုန်းများကြီးမြင့်နေမှု (inflation)၂ခုစလုံးကိုခံစားနေရသည်ဟု သုံးသပ်ပြောဆိုကြသည်။
ထို၂မျိုးစလုံးကို တစ်ပြိုင်နက်တည်း ခံစားရနေပြီဆိုလျှင် ထိုနိုင်ငံသည် စီးပွားရေးအ ရနာလန်ထရန် အတော်ခက်ခဲသွားပြီဖြစ်သည်။ တရုတ်ပြည်သည် လက်ရှိဝယ်လိုအား ကျဆင်းနေခြင်းကို ခံစားနေရသည်။ သို့သော် နိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများက ပြည်တွင်းဝယ်လိုအားထက် အဆမတန် ထုတ် လုပ်နေခြင်း (overcapacity, oversupply)ကြောင့် ကုန်ဈေးနှုန်းများကျဆင်းလာခြင်း (deflation) ကို စိုးရိမ်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု၏ ဝယ်လိုအားကများနေပြီး ပြည်တွင်းထုတ်လုပ်မှုနှင့် ယခုအခါ သမတထရမ့်၏ သွင်းကုန်အခွန်များကြောင့် သွင်းကုန်များတင်သွင်းမှုကျဆင်းပြီး ကုန်ဈေး နှုန်းကြီးမြင့်မှု (inflation)ဖြစ်မည်ကို စိုးရိမ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ဆင်းရဲသည့်ကြား ထို၂မျိုးစ လုံးခံစားရသည့်အခါ အလွန်အမင်း ထိရှလွယ်နေပြီဖြစ်သည်။
နှစ်စဉ်ဒေါ်လာဘီလီယံကျော်ရရှိနေသည့် နိုင်ငံတကာအကူအညီများ ရပ်ဆိုင်းသွားခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှု အလွန်အမင်း ကျဆင်းသွားခြင်းနှင့် ရုတ်သိမ်းသွားခြင်း၊ ငွေကြေးဖေါင်းပွမှုနှုန်း မြင့်တက်လာမှုကြောင့် မြန်မာကျပ်ငွေအစား ရွှေ၊အိမ်ခြံမြေနှင့်နိုင်ငံခြားငွေများ ဝယ်ယူအစားထိုးခြင်းကြောင့် ငွေတန်ဖိုးသည်လည်း ကျသထက်ကျလာရသလို၊ ငွေတန်ဖိုးကျဆင်းခြင်း ကြောင့်လည်း စိုက်ပျိုးရေးသွင်း အားစုများ၊ဒီဇယ်ဆီများ၊စက်ရုံများလိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများကလည်း အဆမတန်မြင့်တက်လာသည်။
တစ်ချိန်တည်းတွင် ပြည်တွင်းစစ်ကြောင့် နယ်စပ်ဂိတ်များပိတ်သိမ်းရခြင်း သယ်ယူပို့ဆောင်ရေးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုအသီးသီး၏ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းခများပေးဆောင်ရခြင်း၊ အစိုးရဌာနများတွင် လာဘ်စားမှုများ ယခင်ကထက် ဆိုးဝါးစွာများပြားလာခြင်းတို့ကြောင့် မလိုအပ်ဘဲပေးရသည့် ကုန်ကျစရိတ်များများပြားလာခြင်းနှင့် စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူလတ်အရွယ်ကောင်း အလုပ်သမားများ ပြည်တွင်းပြည်ပထွက်ခွာခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ အလုပ်သမားခများ ပိုမိုကြီးမြင့်လာရသည်။
ထို့ကြောင့် နိုင်ငံခြားငွေရှားပါးခြင်း ငွေတန်ဖိုးကျဆင်းခြင်းနှင့်စ စ်စီးပွားရေးကြောင့် ကုန်ဈေးနှုန်းများမြင့် တက်နေချိန်တွင် လျှပ်စစ်ပြတ်တောက်မှုကလည်း စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုနှင့် လူမှုဘ၀အခြေအနေများကို ပိုမိုဆိုးရွားသွားစေပါသည်။
လျှပ်စစ်ကဏ္ဍ၏ ၂၀၂၄ခုနှစ်တွင် အမှန်တကယ် လုပ်ငန်းလည်ပတ် လျှပ်စစ်ထုတ်လုပ်နိုင်သည့် စွမ်းရည်သည် ၂၀၁၅ခုနှစ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ဟု ကမ္ဘာ့ဘဏ်၏ ဇူလိုင် ၂၀၂၄ ကထုတ်ပြန်ခဲ့သည့် “Myanmar Energy Sector Update: Energy Poverty Amid Plenty” အစီ ရင်ခံစာတွင်ဖေါ်ပြထားသည်။

သဘာဝဓါတ်ငွေ့မှ လျှပ်စစ်ထုတ်လုပ်မှု အပိုင်းတွင်လည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ (အထူးသဖြင့် ဟောင်ကောင်အခြေစိုက် V-Power Company)ထွက်ခွာသွားခြင်း၊ နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့် သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့် စက်ရုံများတွင် မရှိမဖြစ် အပိုစက်ပစ္စည်းများ ပြတ်တောက်ခြင်း၊ နိုင်ငံတော်ပိုင် လျှပ်စစ်ဓါတ်အာ းထုတ်လုပ်သည့် စက်ရုံများတွင်လည်း သဘာဝဓါတ်ငွေ့လောင်စာ လုံလောက်စွာ မရရှိခြင်းတို့ကြောင့် လျှပ်စစ်ထုတ် လုပ်မှုပမာဏသည် များစွာကျဆင်းသွားပြီဟု ရေးသားတင်ပြထားသည်။
အလားတူ ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းပေါင်း၅၀၀ (သေး၊ငယ်၊လတ်၊ကြီးများ ပါဝင်သည်)ကို ၂၀၂၄ခုနှစ်ဧပြီလက စစ်တမ်းကောက်ယူ တွေ့ရှိချက်များတွင် ဖြေဆိုသူစုစုပေါင်း၏ ၃၃%က လျှပ်စစ်ပြတ် တောက်ခြင်းသည် လုပ်ငန်းလည်ပတ်မှုအတွက် အဓိကစိန်ခေါ်ချက်ဖြစ်သည်ဟု ဖြေဆိုထားကြသည်။ ဖြေဆိုသည့်လုပ်ငန်းအားလုံးသည် လုပ်ငန်းလည်ပတ်နိုင်မှု စွမ်းအား၏၆၅%သာ လုပ်ငန်းလည်ပတ် နေကြသည်ဟုဖြေဆိုကြသဖြင့် လျှပ်စစ်ဓါတ်အားမလုံလောက်ခြင်းသည် စီးပွားရေးအပေါ်မည်မျှ ရိုက်ခတ်နိုင်သည်ကို ဆင်ခြင်ကြည့်နိုင်သည်။
အစီရင်ခံစာများတွင် ဖော်ပြသကဲ့သို့ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု ကျဆင်းခြင်း၊ ပြတ်တောက်ခြင်းတို့ကြောင့် စီးပွားရေးကဏ္ဍ တစ်ခုတည်းတွင်သာ ရိုက်ခတ်သည်မဟုတ်ဘဲ ရန်ကုန်၊မန္တလေးနှင့်အခြားမြို့ အများအပြားတွင် လျှပ်စစ်ပြတ်တောက်မှုမှာ ၂၀၂၀ခုနှစ် မတိုင်ခင်အချိန်နှင့် နှိုင်းယှဉ်လျှင် အလွန်ဆိုးရွားနေသည်။
လူမှုရေးဒုက္ခများ ပြည်သူများခံစားနေရသည်ကို လူမှုကွန်ယက်များပေါ်တွင် မြင်တွေ့နေ ရသည်။ လျှပ်စစ်အချိန်မှန်မလာ၍ ညသန်းခေါင် ထမင်းဟင်းထချက်ကြရ ရေတင်နေရသည့် ရန်ကုန်မြို့နေ လူအများအပြား၏ ဒုက္ခကိုလည်း မြင်တွေ့နေရသည်။ လျှပ်စစ်သည် နိုင်ငံတစ်နိုင်ငံ စီးပွားရေးအတွက် မရှိမဖြစ်အရာဖြစ်သလို လူမှုရေး၊ပညာရေး၊ ကျန်းမာရေးတို့အတွက်လည်း မရှိမဖြစ် အရာဖြစ်သောကြောင့် လက်ရှိကြုံတွေ့နေရသည့် လျှပ်စစ်မလုံလောက်မှုပြသနာသည် အလွန်ကြီးမားပြီး လျှပ်စစ်ကဏ္ဍတွင်လိုအပ်မည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံဆယ်ချီ ဖြစ်သောကြောင့် စစ်ကောင်စီ ဖြေရှင်းနိုင်သည့် စွမ်းပကားမရှိဖြစ်နေသည်။
တဘက်တွင်လည်း နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက ထုတ်ပြန်သည့် အစီရင်ခံစာများအရ လက်ရှိ အချိန်တွင် လူ၃ဦး၌၁ဦးသည် food insecurity ခံစားနေရသည်ဟု သိရသည်။ Food insecurity food insecured ဆိုသည်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အဟာရချို့တဲ့မှုကို စကားလုံးလှလှ သုံးခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်လက်မဲ့ဦးရေ များပြားလာခြင်းနှင့်အတူ အာဏာသိမ်းပြီး ၁နှစ်အကြာမှာပင် အိမ်ထောင်စုစုစုပေါင်း၏ ထက်ဝက်သည် ဝင်ငွေလျှော့နည်းသွားပြီဟု ကမ္ဘာ့ဘဏ်၏ ၂၀၂၂ခုနှစ် ဇွန်လှိုင်လမှာထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရသိရသည်။ ဆင်းရဲမှုနှုန်းကလည်း လူဦးရေ၏၄၀%သို့ မြင့်တက်သွားခဲ့သည်ဟု တင်ပြထားသည်။ ၂၀၂၂ခုနှစ်ထက် ၂၀၂၄-၂၀၂၅ ခုနှစ်အခြေအနေ အထူးသဖြင့် စစ်ကိုင်းငလျင်ရိုက်ခတ်အပြီး အခြေအနေသည် ပိုမိုဆိုးရွားသွားပြီဆိုသည်ကို အစီရင်ခံစာများအရနှင့် မြေပြင်အခြေအနေများအရ အားလုံးအသိပင်ဖြစ်သည်။
ပြည်တွင်းဝယ်လိုအား ကျဆင်းနေချိန် ပြည်ပတင်ပို့မှု (export)က ကောင်းနေလျှင် ခံသာသော်လည်း ၂၀၂၀ခုနှစ်ဖြင့် နှိုင်းယှဉ်လျှင် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၇ဘီလီယံခန့်မှ ၁၅ဘီလီယံခန့်သို့ ကျဆင်းသွားခြင်းကြောင့် အလုပ်လက်မဲ့နှုန်း မြင့်မားလာပြီး အလုပ်အကိုင်၂.၅သန်းလိုအပ်နေသည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၂၃ခုနှစ်မေလကထုတ်ပြန်သည့် “A Growing Crisis: Work, Workers and Wellbeing in Myanmar”ကဖေါ်ပြထားသည်။
တရုတ် ဘီအာအိုင်စီမံကိန်းများအပါအဝင် အခြေခံအ ဆောက်အအုံစီမံကိန်းအသစ်များတွင် ရင်းနှီးမြှုပ်နှံမှု အလွန်နည်းပါးသွားခြင်းကြောင့် အလုပ်အကိုင်များ ရှားပါးလာရသလို ဝင်ငွေများလည်း လျှော့နည်းလာရခြင်းဖြစ်သည်။ အဆိုးသံသရာလည်နေခြင်းဖြစ်သည်။
ထိုအခြေအနေတွင် စစ်ကိုင်းငလျင်ကြီးရိုက်ခတ်လိုက်မှုက မြန်မာ့စီးပွားရေးကို အလဲထိုးခံလိုက်သလို ဖြစ်သွားခဲ့သည်။ စစ်ကောင်စီ သတင်းစာများတွင်ဖေါ်ပြနေသည့် အလှူငွေပမာဏသည် ဆိတ်ပါးစပ်နှမ်းပက်လို့ ဆိုရမလိုဖြစ်နေသည်။ အလှူငွေ မြန်မာငွေ ကျပ်ဘီလီယံရာကျော်သည် အမေရိကန်ဒေါ်လာ ၁ဘီလီယံ(ဈေးကွက်လဲလှယ်နှုန်းအရ မြန်မာငွေကျပ် ဘီလီယံ၄၀၀၀ကျော်)နှင့် မည်သို့မျှ နှိုင်းယှဉ်မရသလို ငွေစက္ကူရိုက်ထုတ်ပြီး ပြန်လည်တည်ဆောက်ရေး လုပ်လျှင်လည်း ငွေဖေါင်းပွနှုန်းသည် ရာခိုင်နှုန်း ၁၀၀%ကျော် သွားနိုင်သည်။
ထိုကဲ့သို့ စစ်ကောင်စီအတွက် ဘေးကျပ်နံကျပ် အခြေအနေ၊ နေပြည်တော်ရှိ ဝန်ကြီးဌာနှင့် ဌာနဆိုင်ရာ ရုံးအသီးသီး၏ အဆောက်အအုံများ ပြိုလဲပျက်စီးနေချိန်တွင် စစ်ကောင်စီ၏ အစည်းအဝေးများတွင် စစ်ခေါင်းဆောင်၏ ပြောကြားသည့်မှတ်ချက်များနှင့် အောက်ဖေါ်ပြပါ စစ်ကောင်စီ၏ မူဝါဒချမှတ်မှုပုံစံက မြန်မာ့စီးပွားရေး နာလန်ထမှုကို ပိုမိုဝေးကွာသွားစေရန် အလားအလာများလျက်ရှိသည်။

စစ်ကောင်စီ၏ မူဝါဒချမှတ်မှုပုံစံ
စစ်ကောင်စီ၏ စီးပွားရေးနှင့်သက်ဆိုင်သည့် မူဝါဒများအပါအဝင် မူဝါဒချမှတ်ခြင်းကို လေ့လာလျှင် ပထမဦးစွာတွေ့ရမည်မှာ ယင်းတို့ အာဏာတည်မြဲရေး (သို့) regime survival သည် ပထမဖြစ်သည်ကို တွေ့ရမည်။ စီးပွားရေး ထိခိုက်ကျဆင်းခြင်းကိုလည်း ဂရုမစိုက်သလို ဂရုလည်းမစိုက်နိုင်။ လုပ်သားရှား ပါးနေချိန် လူငယ်လူရွယ်များသည် အနာဂတ်အတွက် အရေးကြီးဆုံးသူများဖြစ်သော်လည်း စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖေါ်ဆောင်ခြင်းသည် သက်သေဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မာ့စီး ပွားရေးကို နိုင်ငံတကာပညာရှင်များက စစ်စီးပွားရေး (သို့) War Economy ဟုဆိုကြခြင်းဖြစ်သည်။ နိုင်ငံအတွင်းက လူ့စွမ်းအားအပါအဝင် အရင်းအမြစ်များအားလုံးသည် ယင်းတို့စစ်အောင်နိုင်ရေးနှင့် အာဏာတည်မြဲရေးအတွက်သာဖြစ်သည်။
ဒုတိယအချက်မှာ ထိန်းချုပ်ကန့်သတ်ခြင်းများဖြင့် စီးပွားရေးကိုထိန်းကျောင်းခြင်းဖြစ်သည်။ ပို့ကုန်သွင်းကုန်ဆိုင်ရာ ကန့်သတ်ချက်များ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းကို နှုန်းရှင်မှသည် နှုန်းသေနှင့် လဲလှယ်နှုန်း အမျိုးမျိုးထားရှိခြင်း၊ ဆန်ဆီအအပါအဝင် ကုန်ဈေးနှုန်းများကို ဈေးနှုန်းကြီးမြင့်လာတိုင်း ဈေးနှုန်းသတ်မှတ်ခြင်း၊ သတ်မှတ်ထားသည့် ပမာဏ (quota) ကိုသာဝယ်ယူနိုင်ခြင်း၊ စီးပွားရေးသမား များကို အပြစ်ပုံချ၍ ဖမ်းဆီးချုပ်နှောင်ခြင်းတို့သည် စစ်ကောင်စီ၏ မူပိုင်ခွင့်ပုံစံဖြစ်နေခြင်းဖြစ်သည်။
ပြဿနာ၏ ဇစ်မြစ်ကို အကြောင်းအကျိုးဖြင့် ဆင်ခြင်သုံးသပ်ခြင်းထက် ထိန်းချုပ်ကန့်သတ်၊ ဖမ်းဆီးအ ရေးယူခြင်းသာ လုပ်တတ်သလိုဖြစ်နေ၍ စီးပွားရေးသမားများအတွက် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာရ သလို ရင်းနှီးမြှုပ်နှံလိုစိတ် ရေရှည်လုပ်ငန်းလည်ပတ်လိုစိတ်များ ကျဆင်းစေခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာလည်း တတိယအချက်အနေဖြင့် တွေ့ရှိချက်ဖြစ် သက်ဆိုင်သည်ဟု ပြောရမည်။ ထိုအချက်မှာ စစ်ခေါင်းဆောင်၏ အမူအကျင့်ကြောင့်လည်းဖြစ်သလို စစ်တပ်အဖွဲ့အစည်း၏ DNA ၌ ပြဿနာများကိုဖြေရှင်းရာတွင် အာဏာပါဝါကိုသာ အသုံးချတတ်ခြင်းကြောင့်ဖြစ်သည် ဖမ်းကွာစီးကွာ ဆိုတာသာတတ်သလို ဖြစ်နေခြင်းကြောင့် ရှုပ်ထွေးလှသည့် လူမှုစီးပွားပြသနာများကို ဖြေရှင်းနိုင်စွမ်း မရှိခြင်းဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများကိုလည်း စနစ်တကျ မတွက်ချက်နိုင်ခြင်းကြောင့် ဖြစ်သလို အထက်မှပေးလိုက်သည့် အမိန့်အာဏာကို မလွန်ဆန်ရဲခြင်းကြောင့်လည်း အလယ်အလတ်နှင့် အောက်ခြေဝန်ထမ်းများသည် မှားနေမှန်းသိသိနှ င့်လိုက်လံအကောင်အထည်ဖေါ်နေကြရသည်။
စတုတ္ထအချက်မှာ စစ်ခေါင်းဆောင်၏ ယုံတမ်းစကားများကို လိုက်လံအကောင်အထည်ဖေါ် ဆောင်ရခြင်းဖြစ်သည်။ အထက်မှာဖေါ်ပြခဲ့သလို agro-based industry တည်ထောင်ရမည်ဟု စစ်ခေါင်းဆောင်က အစည်းအဝေးတွင်ပြောကြားပြီးနောက် စစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးများနှင့်ဝန်ကြီး ချုပ်များသည် ကြက်ခြံဝက်ခြံများကို သွားရောက်လေ့လာရခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်မှုများ ထွက်ခွာသွားခြင်း၊ နိုင်ငံတကာ အကူအညီနှင့် ချေးငွေများမရရှိခြင်းနှင့် ပို့ကုန် တန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် သွင်းကုန်အစားထိုး မူဝါဒချမှတ်၍ စိုက်ပျိုးရေးဖြင့်စက်မှုကဏ္ဍဖွံ့ဖြိုး ရေးဟုကြွေးကြော်လာခြင်းဖြစ်သည်။

ပို့ကုန်၂ဆတိုးမြှင့်ကြဆိုသည့် ကြွေးကြော်သံများလည်း စစ်ခေါင်းဆောင် အစည်းအဝေး၌ သူ၏ပြောကြားချက်တွင် ပါဝင်သည့်တိုက်တွန်းချက်များကို ကြွေးကြော်သံအဖြစ် ပြောင်းလဲကာ သတင်းစာများတွင်ဖေါ်ပြရခြင်းကလည်း ဝန်ကြီးဌာနများ၏ ဒုက္ခဟုဆိုရမည်။ ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးကြောင့် ဖွံ့ဖြိုးတိုးတက်လာသည့်နိုင်ငံ မရှိသလို စိုက်ပျိုးရေးကဏ္ဍ၏ နိုင်ငံဂျီဒီပီတွင် ပါဝင်မှု အချိုးအစားသည်လည်း စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ ကျဆင်းရမည်သာဖြစ်ပြီး စိုက်ပျိုးရေးတွင် လုပ်သားအင်အားသည် လုပ်သားစုစုပေါင်း၏ ၅၀%နီးပါးရှိနေခြင်းသည် ကောင်းသည့်လက္ခဏာမဟုတ်။ ထိုသို့ ကြွေးကြော်မှုများကြားမှာပင် စိုက်ပျိုးရေးကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်လာမှုမရှိဘဲ ထွက်နှုန်းများ ကျဆင်းနေသည်ကို သုတေသနစာ တမ်းများတွင်တွေ့ရှိနိုင်သည်။
ထို့ထက်ပိုဆိုးသည်က တကမ္ဘာလုံးတွင်ရှိ သံမဏိထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းကြီးများ (ဂျပန်၊တောင်ကိုရီးယားအပါအဝင်)က တရုတ်၏အလွန်အကျွံ သံမဏိ ထုတ်လုပ်မှုကြောင့် တရုတ်သံမဏိ ဈေးနှုန်းများနှင့်မယှဉ်ပြိုင်နိုင်ဖြစ်ပြီး ဈေးကွက်များပျောက်ဆုံးမှာကို စိုးရိမ်ထိပ်လန့်နေရသည်။ မြန်မာနိုင်ငံကဲ့သို့ သယ်ယူပို့ဆောင်ရေးစရိတ်၊ ထုတ်လုပ်စရိတ်ကြီးမားပြီး လျှပ်စစ်လို အပ်ချက်ကလည်း များပြားနေသည့်နိုင်ငံက သံမဏိထုတ်လုပ်ရန် ရုရှားနှင့်အကျိုးတူပူးပေါင်း လုပ်ဆောင်နေခြင်းမှာ အဟောသိကံများသာ ဖြစ်သည်ဟုဆိုရမည်။ ကိုယ့်မရှိမဲ့ရှိမဲ့ အရင်းအနှီးများကို ဖြုန်းတီးနေခြင်းသာဖြစ်သည်။ စစ်ခေါင်းဆောင်၏ သွင်းကုန်အစားထိုးမူဝါဒကို အတင်းလျှောက်လုပ် နေခြင်းသာဖြစ်သည်။
နောက်ဆုံးအချက်ကတော့ မူဝါဒချမှတ်ခြင်း၊မူဝါဒအပြောင်းအလဲများနှင့် တင်ဒါပါမစ်လိုင်စင် ထုတ်ပေးခြင်းတို့တွင် စစ်ခေါင်းဆောင်သားသမီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ၏ ဆွေတော်မျိုးတော်များနှင့် ယင်းတို့ နှင့်ရင်းနှီးသူများသာ အကျိုးခံစားနေရခြင်း၊ အခွင့်အရေးများ ရရှိနေခြင်းနှင့် အဂတိလိုက်စားမှု အဆမ တန်ကြီးထွားနေခြင်းဖြစ်သည်။
အကျိုးဆက်အားဖြင့် လူတစ်စုကောင်းစားရေးသာ ဖြစ်နေခြင်းကြောင့် လူအများစုသည် အလုပ်အကိုင် အခွင့်အလမ်းများဆုံးရှုံးရခြင်း၊ ဝင်ငွေလျှော့နည်းလာခြင်းမှသည် မိသားစုဝင်ငွေများ ကျဆင်းလာရခြင်းကြောင့် စားနပ်ရိက္ခာမဖူလုံမှု ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့လာရသည်ကို ကမ္ဘာ့ဘဏ်အစီရင်ခံစာများ၊ အာရှဖွံ့ဖြိုးရေးဘဏ်အစီရင်ခံစာများနှင့် အခြားကုလသမဂ္ဂအစီ ရင်ခံစာများတွင် ဖေါ်ပြထားသည်ကိုတွေ့ရှိရသည်။
ထိုအချက်၅ချက်သည် စစ်ကောင်စီ၏ အဓိက မူဝါဒချမှတ်အကောင်အထည် ဖေါ်ဆောင်မှုတွင် လွှမ်းမိုးထားသည့် အရာများဖြစ်ခြင်းကြောင့်လည်း မြန်မာ့စီးပွားရေးသည် ၂၀၂၁ခုနှစ်စစ် အာဏာသိမ်းပြီး နောက်ပိုင်း ကျဆင်းနေရခြင်းဖြစ်သည်။

အဆုံးသတ်
ထိုကဲ့သို့ ဘဏ္ဍာငွေကြေး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဘီလီယံဆယ်ဂဏန်း လိုအပ်နေမှုကို မည်သည့်အလှူရှင်၊မည်သည့်နိုင်ငံက ဝင်ရောက်ကူညီမည်နည်း ဆိုသည့်မေးခွန်းလည်း ပေါ်ပေါက်လာပါသည်။ စစ်ကောင်စီနှင့်အရင်းနှီးဆုံး တရုတ်နှင့်ရုရှားတို့က ကူညီနိုင်မည်လား၊ ရုရှားသည် သူ့ဘာ သာပင် ယူကရိန်းနှင့်တိုက်နေရသလို ရေနံဈေးကျဆင်းလာမှုကြောင့် အခွန်ဘဏ္ဍာဝင်ငွေ ကျဆင်းနေသဖြင့် ရုရှားထံမှ ရရန်မျှော်လင့်ချက်မရှိဟု ဆိုရမည်။
လက်ရှိ စစ်ကောင်စီ အာဏာမစွန့်လွှတ်ရရေးအတွက် မြန်မာပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် ကူညီနေသည့် တရုတ်အနေဖြင့် ဒေါ်လာ၁၀ဘီလီယံချီ အကူအညီ ချေးငွေပေး မည်လား (သို့) ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လုပ်ကိုင်မည်လားဟု မေးလျှင်တော့ မထင်ဟုဖြေရမည်။ တရုတ် ဘီအာအိုင်စီမံကိန်းများတည်ရှိရာ လာအိုအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကြွေးမြီပြသနာဖြင့် ရင်ဆိုင်နေရသလို တရုတ်အစိုးရကလည်း ဘီအာအအိုင်စီမံကိန်းများ၏ ချေးငွေပမာဏကို လျှော့ချပြီး small is beautiful approach ဖြင့်ချဉ်းကပ်လာနေသဖြင့် မြန်မာနိုင်ငံလို စစ်ပွဲပဋိပက္ခ ပြင်းထန်နေပြီး ရင်းနှီးမြှုပ်နှံမှုများအတွက် ဆုံးရှုံးနိုင်သည့်အန္တရာယ် မြင့်မားသည့်နိုင်ငံမှာ အလုပ်အကိုင်အများအပြား ဖန်တီးပေးနိုင်သည့် အခြေခံအဆောက်အအုံစီမံကိန်းများ၊ စက်ရုံအလုပ်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံ ရန် လောလောဆယ် မဖြစ်နိုင်ဟုဆိုရမည်။
လာရောက်ရင်းနှီးမြှုပ်နှံလျှင်လည်း ၎င်းသြဇာလွှမ်းမိုးပြီး သံယံဇာာတပေါ်ကြွယ်ဝသည့် မြောက်ပိုင်းအဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းမှာသာ သံယံဇာတစီမံကိန်းများကို ကုန်ကြမ်းထုတ်လုပ်ရန် လာရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ယခင် နဝတ နအဖ စစ်အစိုးရလက်ထက်ကလို ဖြစ်နိုင်သည်။
ပြည်တွင်းစီးပွားရေး လုပ်ငန်းများက ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ကိုင်ရန်ကလည်း မဖြစ်နိုင်။ လျှပ်စစ် အခက်အခဲကပင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို အတော်ခေါင်းစားစေသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၂၄ခုနှစ် ဧပြီလက စီးပွားရေးလုပ်ငန်းများကို စစ်တမ်းကောက်ခံမှုအရ လက်ရှိမှာပင် ၎င်းတို့လုပ်ငန်းများ ထုတ်လုပ်လည်ပတ်နိုင်မှု စွမ်းရည်အောက် ၆၅%သာ ထုတ်လုပ်လည်ပတ်နေသည် ဟုဖြေဆိုထား၍ လုပ်ငန်းတိုးချဲ့ရန်ကလည်း မဖြစ်နိုင်။
စစ်ကောင်စီအနေဖြင့်လည်း ယခုပင်ဘတ်ဂျက်လိုငွေပြမှုက မြင့်တက်နေပြီး နိုင်ငံတကာ အကူအညီမရ၊ ချေးငွေလုံလုံလောက်လောက် မရရှိဘဲ လိုငွေကို ငွေစက္ကူရိုက်ထုတ် ဖြည့်ဆည်းနေရခြင်းကြောင့် ထပ်မံရိုက်ထုတ်ရန်လည်းမဖြစ်နိုင်။
ထိုအခြေအနေ အကျပ်အတည်းကိုကျော်လွှားရန် ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် အာဏာ ရလာသည့် အစိုးရမျိုးအတွက်ပင် အင်မတန်ခက်ခဲမည်ဖြစ်သည်။ နိုင်ငံတကာ အကူအညီများ ပြန်လည်ဝင် ရောက်လာလျှင်ပင် ၄-၅-၁၀နှစ်ကမ ရုန်းရအုံးမည်ဖြစ်သောကြောင့် ပြည်သူလူထု ထောက်ခံမှုမရှိ၊ တရားဝင်မှုမရှိသည့် စစ်အစိုးရအတွက် မလွယ်ကူကြောင်း တင်ပြလိုက်ရပါသည်။



