စီးပွားရေးသတင်း

မြန်မာနိုင်ငံသားများ၏ ထိုင်းအိမ်ခြံမြေ ဝယ်ယူမှု ဆက်လက်မြင့်တက်နေ

ငလျင်အပြီး မြန်မာဝယ်လက်များ၏ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုပုံစံသည် အနည်းငယ် ပြောင်းလဲသွားသည်၊ ယခင်က ဘတ် ၃ သန်း မှ ၅ သန်းကျော်ရှိ (မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ဝန်းကျင်မှ သိန်း ၆၆၅၀ ဝန်းကျင်ခန့်)၊ အဆင့်မြင့်ကွန်ဒိုများကို အဝယ်များခဲ့ရာမှ ယခုတွင် ဘတ် ၁ သန်းဝန်းကျင် နှင့် ၁ သန်းအောက် (မြန်မာငွေကျပ်သိန်း ၁၃၃၀ ဝန်းကျင်ခန့်) တန်ကြေးရှိ ကွန်ဒိုတိုက်ခန်းများကိုသာ အဝယ်များကြတော့သည်ဟု ဘန်ကောက်မှ အိမ်ခြံမြေအကျိုးဆောင်ကဆိုသည်။

ပြည်တွင်း၌ ပဋိပက္ခများကျယ်ပြန့်နေခြင်း၊ စီးပွားရေးပြိုကျနေပြီး ငွေကြေးဖောင်းပွနှုန်းထားများ အလွန်အမင်းမြင့်တက်နေ၍ မြန်မာနိုင်ငံသားများ၏ အိမ်နီချင်း ထိုင်းနိုင်ငံ ကွန်ဒိုနှင့် အိမ်ခြံမြေ စျေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်ဟု ဘန်ကောက်မြို့ရှိ မြန်မာ များကိုအဓိကဝန်ဆောင်မှုပေးနေသော အိမ်ခြံမြေအေးဂျင့်လုပ်ငန်းများထံမှ သိရသည်။ 

ပြီးခဲ့သော မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်လက်စ အထပ်မြင့် အဆောက်အဦးတစ်ခုပြိုကျခဲ့ပြီး မြန်မာနိုင်ငံသား ၉၀ ကျော်သေဆုံးခဲ့သည်။ 

အခြားသော မြို့လယ်ခေါင်မှ မိုးမျှော်တိုက်ကြီးတချို့ နှင့် အထပ်မြင့်ကွန်ဒိုများသည် ငလျင်ဒဏ်သင့် ခဲ့သည်။ 

ထိုအခြေအနေများရှိသည့်တိုင်၂၀၂၅၊ မြန်မာနှစ်သစ်ကူးကာလအပြီး ဧပြီလ တတိယအပတ်ဝန်းကျင်မှ စတင်ကာ ဘန်ကောက်မြို့မှ ကွန်ဒိုများကို မြန်မာက ဆက်လက်ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့ကြသည်ဟု ကွန်ဒို အရောင်းအဝယ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသော ဘန်ကောက်မြို့မှ မြန်မာအေးဂျင့်အမျိုးသား တစ်ဦးက ပြောသည်။  

“ ငလျင်ဖြစ်တော့ အဝယ်တွေ တန့်သွားတယ်၊ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အရောင်းအဝယ်တွေက ပြန်ဖြစ် လာတယ် ” ဟု သူက Myanmar Now ကို ပြောသည်။ 

သို့သော်လည်း ငလျင်အပြီး မြန်မာဝယ်လက်များ၏ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုပုံစံသည် အနည်းငယ် ပြောင်းလဲသွားသည်၊ ယခင်က ဘတ် ၃ သန်း မှ ၅ သန်းကျော်ရှိ (မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ဝန်းကျင်မှ သိန်း ၆၆၅၀ ဝန်းကျင်ခန့်)၊ အဆင့်မြင့်ကွန်ဒိုများကို အဝယ်များခဲ့ရာမှ ယခုတွင် ဘတ် ၁ သန်းဝန်းကျင် နှင့် ၁ သန်းအောက် (မြန်မာငွေကျပ်သိန်း ၁၃၃၀ ဝန်းကျင်ခန့်)  တန်ကြေးရှိ ကွန်ဒိုတိုက်ခန်းများကိုသာ အဝယ်များကြတော့သည်ဟု ဘန်ကောက်မှ အိမ်ခြံမြေအကျိုးဆောင်ကဆိုသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေးကျဆင်းမှုကြောင့် မြန်မာများသည်  ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊  စမွတ်ပရာကန် စသည့်မြို့များတွင် ကွန်ဒို နှင့် အိမ်ခြံမြေဝယ်ယူမှု တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာသည်ဟု ထိုင်းသတင်းဌာနတို့က ထိုင်းနိုင်ငံ၏ အိမ်ခြံမြေသတင်း အချက်အလက်စင်တာ (REIC) ၏ စာရင်းကို ကိုးကားဖော်ပြကြသည်။ 

ယမန်နှစ် ၂၀၂၄ ခုနှစ် ထိုင်းအိမ်ခြံမြေစျေးကွက်စာရင်းများအရ မြန်မာသည် ရုရှားတို့ကို ကျော်တက်ကာ တရုတ်များပြီးလျှင်  ကွန်ဒိုနှင့် အိမ်ခြံမြေ အများဆုံးဝယ်လက်ဖြစ်ခဲ့သည်။ 

တရုတ်ဝယ်လက်များသည် ၂၀၂၄ ခုနှစ်တွင် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ဒိုအခန်းပေါင်း ၅၆၇၀ ခန်း ဝယ်ယူခဲ့သည်၊ ငွေပမာဏမှာ ဘတ် ၂၆ ဒသမ ၆ ဘီလီယံ ဖြစ်သည်။ မြန်မာနိုင်ငံသားများသည် ကွန်ဒို နှင့် အိမ်ခြံမြေ ၁၃၈၈ ခုကို ဝယ်ယူခဲ့ပြီး ဘတ် ၇ ဘီလီယံတန်ကြေးရှိသည်ဟု REIC စာရင်းအရ သိရသည်။

ထိုင်းဆောက်လုပ်ရေးကုမ္ပဏီများ နှင့် အေးဂျင့်များက ယခုအခါ အသစ်ဆောက်လုပ်မည့် ကွန်ဒိုစီမံ ကိန်းများ နှင့် ဆောက်လုပ်လက်စစီမံကိန်းများကို အတိုးနှုန်းနည်းပါးသော အရစ်ကျငွေပေးချေမှုစနစ် များကို တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် ယခုနှစ်တွင်လည်း ထိုင်းအိမ်ခြံမြေစျေးကွက်တွင် မြန်မာတို့၏ ဝယ်ယူမှု ဆက်လက်မြင့်တက်ဖွယ်ရှိနေသည်ဟု ဘန်ကောက်မြို့တွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ကိုင်နေသော မြန်မာကုမ္ပဏီတစ်ခုမှ တာဝန်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။  

ယခင်က ထိုင်းကုမ္ပဏီများသည် အရစ်ကျငွေပေးချေမှုတွင် အတိုးနှုန်းကို ၅ ရာခိုင်နှုန်းနှင့်အထက် တောင်းခံခဲ့သော်လည်း ယခုအခါ တစ်နှစ်အတွင်း ငွေပေးချေပါက အတိုးမဲ့သို့ ပြောင်းလဲလာခြင်း နှင့် နှစ်ရှည်အရစ်ကျငွေပေးချေမှုများကိုလည်း အတိုးနှုန်းများလျှော့ချလာသည်ဟု သူက Myanmar Now ကို ပြောသည်။  

မြန်မာဝယ်လက်များသည် ဘန်ကောက်မြို့တွင်းပတ် ရထားလိုင်း BTS Skytrain (အစိမ်းလိုင်း) ဖြတ်သန်းရာ လမ်းကြောင်းဝန်းကျင်၊ ပတူနမ်စျေး၊ ပိုမိုဖွံ့ဖြိုးစည်ပင်လာသည့် Rama 9 နယ်မြေတွင် အဝယ်များပြီး ဘန်ကောက် နှင့် စမွတ်ပရာကန်ခရိုင်ကြားရှိ နယ်မြေများကို စိတ်ဝင်စားကြကြောင်း သူက ပြောဆိုသည်။ 

“အရင်ကဆိုရင် မြန်မာတွေက ကွန်ဒိုအသစ်စျေးကွက်ကို အဝယ်လိုက်ကြတာပေါ့၊ အခုဆိုရင် ဘတ်ဂျက် အခြေအနေအရ အသစ်ထက် အဟောင်းစျေးကွက်ဘက်ကို အဝယ်ပြန်လိုက်နေတယ်” ဟု ထိုအမျိုးသမီး က ဆိုသည်။ 

နိုင်ငံခြားအရန်ငွေ ခန်းခြောက်လာနေ၍ ပြည်ပသို့ ဒေါ်လာစီးထွက်မှုကို နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ် ထိန်းချုပ်နေသော စစ်ကောင်စီသည် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူသူ၊   အကျိုးဆောင်လုပ်သူတို့ကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ 

မြန်မာ့ အိမ်ခြံမြေသူဌေးကြီး FMI နှင့် ရိုးမလုပ်ငန်းစု ပိုင်ရှင် ဦးသိမ်းဝေ ခေါ် Serge Pun ကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အိမ်ရာ နှင့် တိုက်ခန်းများကို မြန်မာနိုင်ငံသားတို့  ဝယ်ယူနိုင်ရန် ရိုးမဘဏ် နှင့်ချိတ်ဆက်ပေးခဲ့သူဟုဆိုကာ ဖမ်းဆီးအရေးယူခဲ့သည်။ 

ထိုကာလအတွင်း ဘန်ကောက်ကွန်ဒို နှင့် အိမ်ခြံမြေစျေးကွက်တွင် မြန်မာနိုင်ငံသားတို့၏ အရောင်း အဝယ်များ ရပ်တန့်သွားခဲ့သည်၊ ထို့နောက် ထိုင်းဆောက်လုပ်ရေးကုမ္ပဏီများ၊ အေးဂျင့်များက ကွန်ဒိုဝယ်ယူသူတို့၏ အချက်အလက်ကို လျှို့ဝှက်လာကြသဖြင့်  အရောင်းအဝယ်ပြန်ရှိလာခဲ့သည်ဟု သိရသည်။ 

ထိုင်းနိုင်ငံ၏ အိမ်ခြံမြေနှင့် အဆင့်မြင့်ဇိမ်ခံကွန်ဒိုများကို ဝယ်ယူရင်းနှီးမြှုပ်နှံရာတွင် သာမန်လုပ်ငန်းရှင်များ ပါဝင်သကဲ့သို့  အဓိကဝယ်ယူရင်းနှီးမြှုပ်နှံသူတို့မှာ ခရိုနီစီးပွားရေးသမားများ၊ မြန်မာစစ်ဗိုလ်ချုပ်မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းများသာ ဖြစ်သည်ဟု လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။  

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လွန်စွာနီးစပ်မှုရှိပြီး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသော လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ်ဆိုလျှင် ထိုင်းတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီး အမှုဖွင့်ခံရစဉ်က ဇိမ်ခံကွန်ဒိုတိုက်ခန်း၊ ဟိုတယ်နှင့် အပန်းဖြေစခန်း၊ ဇိမ်ခံပစ္စည်းနှင့် ကားများ အပါအဝင် စုစုပေါင်းတန်ဖိုး ဘတ် ၁ ဒသမ ၈ ဘီလျံရှိသော ပိုင်ဆိုင်မှုများ သိမ်းဆည်းခံခဲ့ရသည်။

ထိုသိမ်းဆည်းခံရသော ပိုင်ဆိုင်မှုများထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများဖြစ်သော ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သည့် အဆင့်မြင့်ဇိမ်ခံ Belle Rama 9 ကွန်ဒိုရှိ အခန်းတစ်ခန်း၊ ဒေါ်ခင်သီရိ သက်မွန်အမည်ဖြင့် ဖွင့်လှစ်ထားသော Siam Commercial Bank (SCB) ဘဏ်စာရင်းစာအုပ် ပါဝင်ကြောင်း သိရသည်။ 

သာမန်လုပ်ငန်းရှင်များသည်  ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းမှုကြားမှ မိမိတို့ ပိုင်ဆိုင်မှု နစ်နာဆုံးရှုံးမှုမရှိစေရန် မိသားစု ကျန်းမာရေး နှင့် ပညာရေးကိစ္စရပ်များကို ထိုင်းနိုင်ငံဘက် ပြောင်းရွှေ့လုပ်ကိုင်နေကြရ၍ ထိုင်းတွင် ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်သည်ဟု ဘန်ကောက်မြို့တွင် ဘတ် ၂ သန်းကျော်တန် ကွန်ဒိုအခန်းဝယ်ယူထားသော  လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း အပါအဝင် လုပ်ငန်းမျိုးစုံဆောင်ရွက်နေသော ခရိုနီသူဌေးကြီးတချို့က  ဆောက်လက်စ ကွန်ဒို စီမံကိန်းများ နှင့် အိမ်ယာစီမံကိန်းများတွင်  ဝင်ရောက်ရင်းနှီးမြှုပ်နှံနေသည်ဟု သူက ဆိုသည်။ 

ကွန်ဒို အရောင်းအဝယ် များပြားရခြင်းမှာ ဝယ်ယူသည့် နိုင်ငံခြားသားက အမည်ပေါက်ပိုင်ဆိုင်ခွင့် ရှိခြင်းကြောင့် ဖြစ်သည်။

ထိုင်းတွင်  မြေကွက်၊ သာမန် အထပ်မြင့်တိုက်ခန်းတို့ကို နိုင်ငံခြားသားများ   ဝယ်ယူ ပိုင်ဆိုင်ခွင့်မရှိပေ။ 

သို့သော်လည်း မြေကွက် ငှားရမ်းပြီး မြေပိုင်ရှင်နှင့် သဘောတူညီမှု ရယူ ဆောက်လုပ်သည့်  အဆောက်အဦကို ပိုင်ဆိုင်ခွင့် ရှိသည်။ ထိုသို့ ဆောက်လုပ်နေထိုင်သူတချို့လည်း ရှိသည်။

ပြင်ဆင်ချက် –

(၁) ‘ဘတ် ၃ သန်း မှ ၅ သန်းကျော်ရှိ (မြန်မာကျပ်ငွေ သိန်း ၂၀၀၀ မှ ၃၀၀၀ ခန့်))’  အစား ‘ဘတ် ၃ သန်း မှ ၅ သန်းကျော်ရှိ (မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ဝန်းကျင်မှ သိန်း ၆၆၅၀ ဝန်းကျင်ခန့်)’

(၂) ‘ဘတ် ၁ သန်းဝန်းကျင် နှင့် ၁ သန်းအောက် (မြန်မာငွေကျပ်သိန်း ၇၀၀ခန့်)’ အစား ‘ ဘတ် ၁ သန်းဝန်းကျင် နှင့် ၁ သန်းအောက် (မြန်မာငွေကျပ်သိန်း ၁၃၃၀ ဝန်းကျင်ခန့်) ’ 

ဟုပြင်ဆင်တည်းဖြတ်ထားပါသည်။

Related Articles

Back to top button