သတင်း

ရခိုင်သို့ ကုန်သွယ်ရေးလမ်းများပိတ်နေ၊ ကုန်စည်အချို့ ၃ ဆမှ ၇ ဆ အထိဈေးတက်လာ

ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်နယ်တွင် မိုးကြောင့် လမ်းပျက်စီးမှုများ ရှိလာပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသည်ကို AA အုပ်ချုပ်သည့် မြို့များတွင် တွေ့နေရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ရခိုင်ပြည်နယ်၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းများ မြေပြိုကျ၊ ကားလမ်းပျက်စီးနေပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်သွားသောကြောင့် ကုန်စျေးနှုန်း အဆမတန်  တက်နေသည်။

အာရက္ခတပ်တော် (AA) အုပ်ချုပ်သည့် မြို့များမှာ ကုန်သွယ်ရေးတွင် အိန္ဒိယနယ်စပ်နှင့် ဆက်စပ်နေပြီး  ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုဒေသတွင် လမ်းပန်းဆက်သွယ်ရေး ထိခိုက်မှု များပြားနေသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ လမ်းသည် ရခိုင်ဒေသအတွက် အားကိုးရသည့်လမ်းပိုင်း  ဖြစ်ပြီး လက်ရှိ ရာသီဥတုဆိုးရွားမှု နောက်ဆက်တွဲအခြေအနေကြောင့် ကုန်သည်များလည်း သွားလာမှု ရပ်ထားရသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် – ပလက်ဝလမ်းပိုင်းတွင် လမ်းပျက်စီးမှုရှိနေ၍ ကားအစီးရေ ၅၀ ကျော်ခန့်ပိတ်မိနေသည်၊ ရေကြောင်းခရီးသွားလာမှုလည်း ထိခိုက်နေသည်ဟု ချင်းပြည်နယ်၊ ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ အဲဒီဘက်ကလည်း (အိန္ဒိယဘက်ကလည်း) မသွားခိုင်းဘူး။ မြစ်ကြောင်းကလည်း အဆင်မပြေဘူး။ အမှိုက်တွေ၊ ထင်းတွေမျှောနေတယ်” ဟု အသက် ၃၀ ဝန်းကျင် အထက်ပါ အမျိုးသားက ဆိုသည်။

ထို့ပြင် မကွေးတိုင်း ဆော-ပလက်ဝလမ်းပိုင်းလည်း   ကားအစီးရေ အများအပြားပိတ်နေပြီး ရခိုင်ဘက်သို့ ကုန်စည်စီးဆင်းမှုရပ်တန့်နေသည်ဟု ထိုဒေသမှ ကုန်သည်တစ်ဦးက ပြောသည်။

“ကားက အစီးရေ ၁၀၀ ကျော်လောက် ပိတ်မိနေတယ်၊ လမ်းတော့ပြင်နေကြတယ်။ ဘယ်နေ့ သွားလာလို့ ရမလဲ မသိသေးဘူး” ဟု ၎င်းက  ဆိုသည်။

ကုန်ပစ္စည်း ပြတ်လပ်လာသည့် ရခိုင်ပြည်နယ်တွင်  ကုန်စျေးနှုန်း မြင့်တက်နေကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။”ကြက်ဥလည်းစျေးတက်တယ်၊ ဓာတ်ဆီတွေလည်း စျေးတက်လာတယ်။ အရင်ကတည်းက ခက်ခဲနေတာ၊ အခုစျေးတက်လာတော့ပိုပြီး စားဝတ်နေရေး ခက်ခဲတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်သို့ ကုန်သွယ်ရာလမ်းကြောင်း တစ်ကြောင်းဖြစ်သည့် ဆော-ပလက်ဝ လမ်းပိုင်း ပျက်စီးနေပုံ။ (ဓာတ်ပုံ − ပေးပို့)

ရခိုင်ပြည်နယ်တွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၁,၃၀၀၊ စက်သုံးဆီ တစ်လီတာ ၁၃,၀၀၀၊ ပဲဆီ တစ်ပိဿာ ၂၈,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ၁၅,၀၀၀ ပေါက်စျေးရှိနေသည်။

အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ စျေးတက်နေခြင်း ဖြစ်သည်။

​နေပြည်တော်တွင် ကြက်ဥ တစ်လုံး ၅၀၀၊ ပဲဆီတစ်ပိဿာ ၂၀,၀၀၀ ဈေးပေါက်သည်ဟု ဒေသခံများက ပြောသည်။ ရန်ကုန်တွင် ကြက်ဥ ၁၀ လုံး ကျပ် ၄,၅၀၀၊  ဘဲဥ ၁၀ လုံး ၅,၀၀၀၊  ကြက်သွန်နီအကြီး တစ်ပိဿာ ၂,၅၀၀၊ အသေး ၂,၀၀၀  ဖြစ်နေသည်ဟု သိရသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင် စက်သုံးဆီ 92 Ron နှင့် 95 Ron တို့၏ တစ်လီတာ ဈေးနှုန်းမှာ စစ်တွေမြို့တွင် ၃,၂၀၀ ကျော် ဖြစ်သည်ဟု ရည်ညွှန်းဈေး သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

AA တပ် မည်သည့်မြို့ကိုမျှ သိမ်းပိုက်ခြင်းမရှိသည့် အချိန်ကပင် ကုန်စည် စီးဆင်းမှုကို စစ်တပ်က ကန့်သတ်ခဲ့သည်။ 

စစ်ကောင်စီတပ်ကို စစ်ကြေညာပြီး တိုက်ခိုက်သည့် ၂၀၂၃၊ နိုဝင်ဘာလတွင် စစ်ကောင်စီက မြန်မာပြည်မနှင့် ရခိုင်ပြည်နယ်အကြား ကုန်းလမ်း၊ ရေလမ်းတို့ကို ပိတ်ဆို့လိုက်သဖြင့် ရခိုင်ပြည်နယ်သို့ ကုန်စည်ဝင်ရောက်မှု နှောင့်နှေးသွားသည်။

ယခုအခါ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပြီး AA က ကျန် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားသည်။

Related Articles

Back to top button