၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သော ပဋိပက္ခကျယ်ပြန့်လာမှု နှင့် စီးပွားရေးကျဆင်းမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် လူပေါင်း ၂ ဒသမ ၇ သန်းကျော် ဆင်းရဲမွဲတေမှု ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ယမန်နေ့ ဇွန်၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့ပြဆင်းရဲမွဲတေမှုကို လှစ်ဟသုံးသပ်ခြင်းဟု အမည်ပေးထားသော UNDP ၏ အစီအရင်ခံ စာတွင် ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့ပြလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ဝင်ငွေနည်းဆင်းရဲသူ များဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင်မူ ၄၃ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်ဟု ဆိုထားသည်။
UNDP က ရန်ကုန်မြို့ပြ လူဦးရေကို ၆ ဒသမ ၂ သန်းရှိသည်ဟု ခန့်မှန်းထား၍ လူ ၂ ဒသမ ၇ သန်းခန့် ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေပြီဟု ဖော်ပြလိုက်ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံရေးမတည်ငြိမ်မှု နှင့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ အခြေချ နေထိုင်မှုများကြောင့်လည်း ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များတွင် ကြုံတွေ့နေရသော ဆင်းရဲမွဲတေမှု တိုးလာနေသည်ဟု အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ယခင်က ပိုမိုကောင်းမွန်သော လူနေထိုင်မှု နှင့် ဘဝတိုးတက်ကောင်းမွန်ရေးအတွက် မြို့ပြများသို့ ရွှေ့ပြောင်းကြခြင်းဖြစ်သော်လည်း ယခုတွင်မူ နေရပ်ဒေသများတွင် ဆက်လက်ရှင်သန်နေထိုင်ရန် အခက်အခဲများကြောင့် အရာအားလုံးကို စွန့်လွှတ်ကာ မျှော်လင့်ချက်မဲ့စွာ ရွှေ့ပြောင်းလာရခြင်းဖြစ်သည်ဟု UNDP ၏ အစီအရင်ခံစာက ဆိုသည်။
ရန်ကုန်မြို့သို့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်မှု လူဦးရေသည် ရန်ကုန်ရှိ အိမ်ထောင်စုအားလုံး၏ ၂၆ ရာခိုင်နှုန်းဖြစ်ပြီး ဧရာ၀တီတိုင်းမှ ရွှေ့ပြောင်းလာသူများမှာ ၄၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကာ ထို့နောက်တွင် မန္တလေး၊ ပဲခူး နှင့် မကွေးတိုင်းတို့မှ အများဆုံးရွှေ့ပြောင်းလာကြသူများဖြစ်သည်။
ထိုသူများသည် ရန်ကုန် ဆင်ခြေဖုံးမြို့နယ်များဖြစ်သော ရွှေပြည်သာ၊ လှိုင်သာယာ နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် အများဆုံး ပြောင်းရွှေ့နေထိုင်သည်။
ဆင်းရဲမွဲတေမှုသည် ငွေကြေးမလုံလောက်ခြင်းသာ သာမက စိတ်ဖိစီးမှုများ နှင့် နေ့စဉ်မရေရာ မသေချာမှုများကြား စွန့်စားနေထိုင်နေကြရသည်ဟု UNDP က ဆိုသည်။ ထိုအခြေအနေများကို ရန်ကုန်မြို့ရှိ အိမ်ထောင်စု ၄ စုတွင် ၁ စုက ကြုံတွေ့နေရလျက်ရှိသည်။
မလောက်ငသော လုပ်ခလစာ နှင့် ဆက်တိုက်မြင့်တက်လာနေသော အခြေခံကုန်စျေးနှုန်းများကြား အခြေခံလူတန်းစားများသည် အသားဟင်းကိုပင် နေ့စဉ် စားသောက်နိုင်ခြင်းမရှိတော့ကြောင်း ပဲခူးတိုင်းမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ အလုပ်လုပ်ကိုင်နေသော စက်ရုံလုပ်သားအမျိုးသားတစ်ဦးက ပြောသည်။
“လက်ရှိ ကုန်စျေးနှုန်းတွေရော၊ တိုင်းပြည်အခြေအနေရော၊ အဆောင်အခန်းခ တွေနဲ့ ကျွန်တော်တို့ စားတာသောက်တာနဲ့က ရတဲ့ တစ်လစာ(ဝင်ငွေ)က ဘယ်လိုမှ မလောက်ဘူး” ဟု သူက ဆိုသည်။
ရန်ကုန်မြို့ရှိ စက်ရုံလုပ်သားများ၏ လစဉ် ဝင်ငွေမှာ အချိန်ပိုကြေးများအပါအဝင် ပျမ်းမျှ ကျပ် ၃ သိန်း မှ ၄ သိန်းကျော်သာ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အနည်းဆုံးလုပ်ခလစာနှုန်းထားကို ၂၀၁၈ ခုနှစ်၊ မေလတွင် တစ်ရက်လျှင် ကျပ် ၄,၈၀၀ အဖြစ် သတ်မှတ်ထားသည်။ ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် လုပ်ခလစားနှုန်းထားအသစ် ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။
အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခကို ကျပ် ၄,၈၀၀ နှုန်း သတ်မှတ်ခဲ့စဉ်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ကျပ် ၁၃၄၀ ဝန်းကျင် သာရှိ၍ တစ်ရက်လုပ်ခမှာ ၃ ဒေါ်လာ ကျော် ရရှိကြသည်။
အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီက အလုပ်သမားများကို တစ်ရက်လုပ်ခ အပိုထောက်ပံ့ ကြေးအဖြစ် ကျပ် ၁၀၀၀ နှစ်ကြိမ် တိုးမြှင့်ပေးရန် သတ်မှတ်ခဲ့၍ ကျပ် ၆,၈၀၀ ဖြစ်လာသည်။ သို့သော်လည်း ဒေါ်လာသည် ပြင်ပစျေးကွက်တွင် ကျပ် ၄၅၀၀ မှ ၆၀၀၀ ဝန်းကျင်ရှိနေ၍ တစ်ရက် လုပ်ခသည် ၁ ဒေါ်လာကျော်သာ ဖြစ်နေသည်။
အခြေခံအလုပ်သမားများ၏ လုပ်ခလစာနှုန်းထားသည် ထိုမျှသာ ရှိသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်ကောင်စီ၏ စီးပွားရေးစီမံခန့်ခွဲမှုလွှဲမှားခြင်း၊ ဘတ်ဂျက်လိုငွေကို ဖြည့်တင်းရန် ငွေစက္ကူအသစ်များ ရိုက်ထုတ်ခြင်း နှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ပိတ်ပင်မှုများကြောင့်
ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းကာ ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်လာခဲ့သည်။
၂၀၂၁ ဇန်နဝါရီလတွင် ရွှေဘိုပေါ်ဆန်း ဆန်အမျိုးအစားသည် တစ်အိတ်လျှင် ကျပ် ၅၇,၀၀၀ သာရှိပြီး ဧရာ၀တီပေါ်ဆန်း ဆန်အမျိုးအစားသည်လည်း ၃၈,၀၀၀ သာရှိခဲ့သည်၊ စစ်အာဏာသိမ်းမှု ၄ နှစ်အကြာတွင်မူ ထိုစျေးနှုန်းများမှ ၃ ဆခန့် မြင့်တက်သွားသည်။
ယခုတွင် ရွှေဘိုပေါ်ဆန်း သည် တစ်အိတ်လျှင် ၁၅၀,၀၀၀ ကျော်၊ ဧရာ၀တီပေါ်ဆန်း တစ်အိတ်လျှင် ၁၂၅,၀၀၀ ဝန်းကျင်အထိ စျေးနှုန်းရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထား သော စျေးနှုန်းများအရ သိရသည်။
ထို့အပြင် စားအုန်းဆီစျေးနှုန်းသည်လည်း ၂၀၂၀ ပြည့်နှစ်နှစ်ကုန်ပိုင်းတွင် ၁ ပိဿာလျှင် ကျပ် ၂,၀၀၀ ကျော်သာရှိပြီး စစ်ကောင်စီ၏ ရည်ညွှန်းလက်ကားစျေးနှုန်းသည် ၁ ပိဿာလျှင် ၆,၃၁၀ ဖြစ်သည်။
စစ်ကောင်စီသည် ဆန် နှင့် စားအုန်းဆီ လက်လီလက်ကားစျေးကွက်များတွင် ရောင်းချရမည် အရေ အတွက် နှင့် စျေးနှုန်းများကို ကန့်သတ်ထိန်းချုပ်ထား၍ စျေးကွက်ထဲတွင် ယခုဖော်ပြပါ ရည်ညွှန်း စျေးနှုန်းများထက် ပိုမိုမြင့်တက်လျက်ရှိသည်။
ကြက်ဥတစ်လုံးစျေးနှုန်းမှာပင် ယခုတွင် ကျပ် ၄၀၀ မှ ၅၀၀ ကျော်အထိဖြစ်လာနေပြီး စစ်အာဏာမသိမ်း ခင်ထက် ၅ ဆခန့် စျေးနှုန်းများ မြင့်တက်လာနေရာ ထိုကုန်စျေးနှုန်းဝန်ထုတ်ဝန်ပိုးများသည် ဝင်ငွေနည်း အိမ်ထောင်စုများအပေါ် ပိုမိုသက်ရောက်နေသည်။

ကုန်စျေးနှုန်းမြင့်တက်မှုအပြင် စီးပွားရေးကျဆင်းမှုကြောင့် အလုပ်အကိုင်ရှားပါးမှုများကိုလည်း ကြုံတွေ့နေရသည်၊ ထိုမျှသာမကသေးဘဲ နေ့စဉ်လျှပ်စစ်မီးအချိန်ပြည့်မရဘဲ မီတာခသုံးစွဲခများ ပိုမို ပေးဆောင်နေရခြင်း နှင့် သယ်ယူပို့ဆောင်စရိတ်များ ကြီးမြင့်လာမှုများကလည်း နေ့စဉ်ကြုံတွေ့ နေရ သော အခက်အခဲများဖြစ်သည်ဟု ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ပြောသည်။
“ဝန်ထမ်းလုပ်ခလစာ နဲ့ မလောက်လို့ ကိုယ့်စီးပွားရေး ကိုယ်လုပ်ဖို့ကျပြန်တော့လည်း ကုန်ပစ္စည်းစျေး တွေကကြီး၊ မီးက မမှန်ဖြစ်တော့ အလုပ်တွေကို ဖြစ်သလို လှည့်လုပ်နေကြရတဲ့ သဘောမျိုးဖြစ်နေတယ်” ဟု သူက ပြောသည်။
စီးပွားရေးပြိုကျပြီး အထွေထွေကုန်စျေးနှုန်း မြင့်တက်နေချိန် စစ် ကောင်စီက လျှပ်စစ်မီတာခနှုန်းထားများကို နှစ်ဆခန့် တိုးမြှင့် ပြောင်းလဲကောက်ခံမည်ဟု ၂၀၂၄ခုနှစ်၊ ဩဂုတ် ၃၀ တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာထားသည်။
ရန်ကုန်မြို့မှ အိမ်ထောင်စုများသည် ဆေးကုသစရိတ်နှင့် ကလေးငယ်များ ပညာသင်ကြားနိုင်ရေး ကိစ္စရပ်များတွင်လည်း ဝန်ထုတ်ဝန်ပိုးရှိသည်ဟု UNDP က ဆိုသည်။
ပြီးခဲ့သော ၁၂ လအတွင်း၌ အိမ်ထောင်စုများသည် ကျန်းမာရေး၊ ဆေးကုသမှုများအတွက် လိုအပ်သော ငွေကြေးကို ချေးငှားခြင်း (သို့မဟုတ်) ပိုင်ဆိုင်မှုများကို ရောင်းချခြင်းဖြင့် ဖြေရှင်းကြသည်။
လုပ်ငန်းခွင်ဝင်ရန် မသင့်တော်သေးသော အသက်မပြည့်သေးသည့် လုပ်သားအရေအတွက်သည် တိုးပွားလာလျက်ရှိပြီး အလုပ်လုပ်ကိုင်ရန်အတွက် ပညာသင်ရေးကို စွန့်လွှတ်လိုက်ရသော ကလေးဦးရေသည် ၃၇ ဒသမ ၄ ရာခိုင်နှုန်းအထိရှိကြောင်း UNDP ၏ အစီအရင်ခံစာက ဆိုထားသည်။
ရန်ကုန်မြို့၏ မြို့ပြဆင်းရဲမွဲတေမှုနှုန်းထားများ တစ်စထက်တစ်စ မြင့်တက်လာခြင်းသည် စီးပွားရေးကျဆင်းမှု လက္ခဏာကို ထင်ဟပ်နေပြီး အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၊ အမျိုးသမီးများ နှင့် လူငယ်များသည် ထိုအခက်အခဲများကို အဓိက ရင်ဆိုင်နေရကြောင်း UNDP က သတိပေးထားသည်။



