ရှမ်းပြည်နယ်တောင်ပိုင်းမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဦးအောင်စိုးမင်းသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးနောက် ၅ လအကြာတွင် သေဆုံးခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ယမန်နေ့ (ဇွန် ၄) တွင် ထုတ်ပြန်သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမင်းသည် ၂၀၂၄ ဒီဇင်ဘာ ၁၈ တွင် တိမ်းရှောင်နေသည့် ပြင်ဦးလွင်မြို့အနီး နေအိမ်တစ်အိမ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထို့နောက် စစ်ကြောရေးစခန်းသို့ရောက်ပြီး ၆ လ အကြာတွင် သေဆုံးသွားသည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။
“သူ့ကို ရှောင်ဖို့ ပြောတော့ ကျေးရွာအုပ်ကြီးက သူ့ကို ဘာမှ မဖြစ်ဘူးဆိုပြီး ပြောတယ်။ မယုံနဲ့၊ ရှောင်တော့လို့ ပြောတဲ့ အချိန်မှာ မိသွားတာပဲ” ဟု မိတ်ဆွေဖြစ်သူက ပြောသည်။
ပြင်ဦးလွင် မြို့မရဲစခန်းမှ လွတ်မြောက်လာသူတစ်ဦး၏ အကူအညီဖြင့် ပြင်ပနှင့် အဆက်အသွယ်ရပြီး အထိန်းသိမ်းခံနေရသည့်သူ့အတွက် လိုအပ်သည့် ပစ္စည်းများ ပေးပို့နိုင်ခဲ့သည်ဟု မိတ်ဆွေဖြစ်သူက ပြောသည်။ ထို့နောက် အိုးဘိုထောင်သို့ ရောက်သွားသည်ဟု သတင်းရပြီးနောက် သေဆုံးသွားသည်ဟုသိရကြောင်း ၎င်းက ဆက်ပြောသည်။
တော်လှန်ရေး တပ်ဖွဲ့များကို ထောက်ပံ့ကူညီနေသည့် ရွာငံ ဒေသခံ အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းမိသွားရာမှ ဦးအောင်စိုးမင်းကိုပါ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူကဆိုသည်။ ဦးအောင်စိုးမင်း သေဆုံးချိန်တွင် အသက် ၄၇ နှစ် အရွယ် ရှိပြီဖြစ်သည်။
ဦးအောင်စိုးမင်းသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုပြီး ရွာငံမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ဖြစ်သည်။
စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လုံလောက်စွာ ဆေးကုသခွင့် မရခဲ့ခြင်းတို့ကြောင့် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၃) ဦး အကျဉ်းထောင်တွင်း သေဆုံးခဲ့ရသည်၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကိုလည်း စစ်တပ်က ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု ယမန်နေ့(ဇွန် ၄) က ထုတ်ပြန်သည့် CRPH ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ကိုယ်စားလှယ် အရေအတွက် ၅၉ ဦး ရှိနေသေးသည်၊ ကိုယ်စားလှယ်အများအပြားနှင့် ၎င်းတို့၏ မိသားစုဝင်များ တိမ်းရှောင်နေကြရပြီး ၎င်းတို့၏ နေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်ထားသည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်လှယ်များ အတွက်လည်း စိုးရိမ် ပူပန်နေရသည်ဟု CRPH ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်တပ်က ၎င်းတို့ ဖမ်းဆီးထားသူများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့ မရှိပေ။



