နိုင်ငံတကာသတင်းသတင်း

မြန်မာနိုင်ငံသားများကို ပြည်ဝင်ခွင့်ပိတ်ကြောင်း အမေရိကန် ကြေညာ

အမေရိကန်က နိုင်ငံအများအပြားမှ ပြည်သူများကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ရာ ထိုအထဲတွင် မြန်မာနိုင်ငံသားများလည်း ပါဝင်သွားသည်။

မြန်မာအပါအဝင် ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း   သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး ကြေညာလိုက်သည်။

“အန္တရာယ်ရှိသော နိုင်ငံခြားသားများ၏ရန်မှ အမေရိကန်နိုင်ငံသားများကို ကာကွယ်ရန်” အတွက်  ခရီးသွားလာခွင့် ပိတ်ပင်သည့်အမိန့်ကို  လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို၊ အီကွေတိုရီယယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံများပါဝင်ပြီး အဆိုပါ နိုင်ငံသားများ ဝင်ရောက်ခြင်းကို အပြည့်အဝကန့်သတ်မည်ဖြစ်သည်။

နိုင်ငံအများစုမှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ ဖြစ်သည်။

အခြားနိုင်ငံ  ၇နိုင်ငံဖြစ်သည့် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယဲရားလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့မှ   ဝင်ရောက်မှုများကို တစ်စိတ်တစ်ပိုင်း ကန့်သတ်ထားမည်ဖြစ်သည်။

ဝင်ရောက်ခွင့်လုံးဝ ပိတ်ပင်ခံရသော နိုင်ငံများသည် “ဗီဇာဆိုင်ရာစိစစ်ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ အားနည်းချက်များ ရှိနေကြောင်း တွေ့ရှိရပြီး အမေရိကန်နိုင်ငံအတွက် လွန်စွာ အန္တရာယ်ရှိသည်ဟု ဆုံးဖြတ်ထားကြောင်း”   ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါကြေညာချက်သည် ဇွန်လ ၉ ရက် နံနက် ၁၂:၀၁ အရှေ့ပိုင်းစံတော်ချိန်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်သည်။  ထိုရက်မတိုင်မီ ထုတ်ပေးထားသော ဗီဇာများကို မရုပ်သိမ်းကြောင်း အမိန့်တွင် ဖော်ပြထားသည်။

ထရမ့်အစိုးရက မြန်မာပြည်သူများကို ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ စစ်ကောင်စီနှင့် ပတ်သက်နေသူများကိုသာ  ပစ်မှတ်ထား ပိတ်ပင်သင့်ကြောင်း  Myanmar Now ၏ ပင်တိုင်ဆောင်းပါးရှင် သုတဇော်က မှတ်ချက်ပြုသည်။

“သာမန်မြန်မာနိုင်ငံသားတွေက အမေရိကန်ရဲ့ ပြည်တွင်း အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် နိုင်တယ်လို့ ထရမ့်အစိုးရက ယူဆ ကောက်ချက်ဆွဲပြီး၊ မြန်မာကို ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ စာရင်းထဲ ထည့်ခဲ့ တာမဟုတ်ဘဲ၊ ထရမ့်ရဲ့ Anti-immigration မူဝါဒ အောက်မှာ မြန်မာ ပါဝင်သွားတယ်လို့ ထင်ပါတယ်” ဟု သုတဇော်က ပြောသည်။

“တကယ်တော့ လွှတ်တော် နှစ်ရပ်စလုံးမှာ ပါတီနှစ်ခုလုံးဖက်က တလောကမှ မြန်မာအတွက် နှစ်စဉ် Burma Act အရ ပေးနေကျ ဒေါ်လာ ၁၂၁ သန်း ထောက်ပံ့ဖို့ Trump အစိုးရ ကို တိုက်တွန်းခဲ့ပါသေးတယ်။ အခုကိစ္စက မြန်မာနိုင်ငံသားအားလုံး ကို ကန့်သတ်တာထက် စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းကနေ အောက်ခြေအထိ တပ်ဖွဲ့ဝင်အားလုံး၊ ၄င်းတို့မိသားစုဝင်တွေ၊ စီးပွားဖက် ခရိုနီ အသိုက်အဝန်းတစ်လုံးကိုသာ targeted group sanctions မျိုး လုပ်သင့်တာပါ”

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး မှတ်ချက်တချို့ ဖော်ပြထားသည်။

မြန်မာပြည်သားများမှာ အမေရိကန်ပြည်ထောင်စုတွင်  ဗီဇာသက်တမ်းကျော်လွန်ပြီး နေထိုင်သူ များပြားကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် ပြန်ပို့ခံရမည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း ဖော်ပြထားသည်။ 

မြန်မာနိုင်ငံသားများထဲမှ immigrants  (နေထိုင်၊ အလုပ်လုပ်ကိုင်မည့်သူများ)၊ nonimmigrants (အလည်အပတ် လာရောက်သူများ၊ ကျောင်းတက်မည့်သူများ) ကို  အမေရိကန်သို့ ဝင်ခွင့် လုံးဝ ရပ်ဆိုင်းလိုက်သည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားတို့ကို  ပြည်ဝင်ခွင့် ပိတ်ပင်ကြောင်း မည်သည့်နိုင်ငံကမျှ ကြေညာခဲ့ဖူးခြင်း မရှိပေ။ ဤအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

ကြေညာချက်တွင် မြန်မာနိုင်ငံကို Burma ဟု ဖော်ပြထားသည်။

Related Articles

Back to top button