သတင်း

ညောင်ရွှေမြို့နယ်ရှိ တော်လှန်ရေးတပ်စခန်း ၂ ခုကို စစ်တပ်နဲ့ PNA တိုက်ခိုက်သိမ်းပိုက်

လက်နက်ကိုင်အင်အား ၁,၀၀၀ ကျော်နှင့် လက်နက်ကြီးပစ်အား သုံးပြီး စစ်ကြောင်းထိုးနေသည့် တပ်က ပြည်နယ်မြို့တော်အနီး စစ်စခန်းနှစ်ခုကို သိမ်းယူလိုက်သည်။

အင်အားတစ်ထောင်ကျော်ပါသည့် စစ်ကောင်စီနှင့် ပအို၀်းပြည်သူ့စစ်(PNA) တပ်ဖွဲ့ စစ်ကြောင်းက ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာနှင့် ရေပူကျေးရွာရှိ တော်လှန်ရေးတပ်ဖွဲ့ တပ်စခန်းများကို ဇွန်လ ၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ကရင်နီကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ အင်းလေဒေသကာကွယ်ရေးတပ်ဖွဲ့(IPDF)၊ တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် တပ်စခန်းများကို လက်နက်ကြီးနှင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ပြီး သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲအခြေအနေ သိရှိသည့် ဒေသခံတစ်ဦးကပြောသည်။

“လက်နက်ကြီးက တစ်မိနစ်ကိုနှစ်လုံး၊ သုံးလုံးလောက် ဆက်တိုက်ပစ်တာ။ အကြိမ်ရေ တစ်ရာကျော်တယ်ပစ်တာ။ ဟိုဘက်က မခံနိုင်တော့ ဆုတ်ပေးသွားတယ်” ဟု သူက ပြောသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် ရေပူနှင့် ဘုရားတောင်ကျေးရွာရှိ နေအိမ် ၆ လုံးကို မီးရှို့လိုက်သည်၊  အဆိုပါကျေးရွာမှ အမျိုးသားများကို နေရပ်ပြန်လာကြရန် PNA က တိုက်တွန်းထားသည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်နှင့် PNA ၏ တုံ့ပြန်ချက် ရယူဖော်ပြနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်နေသည့် ညောင်ရွှေမြို့နယ်သည် ပြည်နယ်မြို့တော် တောင်ကြီးနှင့် ကပ်လျက် တည်ရှိသည်။ 

ဇွန်လ ၄ ရက်နေ့ ယနေ့တွင်  စစ်တပ်နှင့် PNA ပူးပေါင်းအဖွဲ့က နန်းတုတ်နှင့် ညောင်လေးပင် ကျေးရွာဘက်သို့ ဆက်လက် ထိုးစစ်ဆင်ရန်ပြင်နေသောကြောင့် တောင်ပို့ကွဲနှင့် ဟိုပန်ကျေးရွာ ဒေသခံ ၅၀၀ ကျော် ဘေးလွတ်ရာကို ရှောင်နေရသည်ဟု ဒေသခံများကဆိုသည်။

ဒေသတွင်း နေထိုင်သူ အများအပြား ယခင်ကပင် စစ်ရှောင်နေခဲ့ကြသည်ဟု  ရေပူကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ရေပူရွာမှာက အစကတည်းက လူတွေမရှိကြဘူး။ စစ်ရှောင်နေတာကြာပြီ။ အခုက စစ်တပ်က ပြန်ရသွားတော့ အနီးအနားရွာတွေကိုပါ ဆက်ပြီး စစ်ကြောင်းထိုးနေတာ” ဟု ထိုအမျိုးသမီးက ပြောသည်။

“တောင်ပို့ကွဲနဲ့ ဟိုပန်ကရွာသားတွေလည်း အခုပြေးပြီ။ ပြောရရင် စစ်ကြောင်းဦးတည်မယ်လို့ သတင်းထွက်တဲ့  ရွာတွေကပြေးကြတာ” 

တိမ်းရှောင်လာသူတို့ကို နီးစပ်ရာကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် ဒေသခံများက ကူညီနေသည်ဟုဆိုသည်။

စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား သည့် ညောင်ရွှေနှင့် ဖယ်ခုံကြားရှိ ရေပူ၊ စွန့်စွဲ လွယ်လုံကျေးရွာများကို မေ ၆ ရက် နေ့မှ စတင်စစ်ကြောင်းထိုးနေ၍  နေ့စဉ်တိုက်ပွဲဖြစ်ခဲ့သည်ဟု PDF  ရှမ်းတောင်အမှတ်( ၁)စစ်ဒေသခွဲက မေလ ၁၆ ရက်နေ့တွင်ထုတ်ပြန်သည်။

စစ်ကြောင်းထိုးရသည့် ရည်ရွယ်ချက်မှာ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်လိုခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ 

ယခုတိုက်ပွဲနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ပအို၀်းပြည်သူ့စစ် PNO/PNA  ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများတွင်လည်း ဘုရားကုန်းကျေးရွာနှင့် ရေပူကျေးရွာအား  တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း  ဖော်ပြထားသည်။

၂၀၂၄ ဇန်နဝါရီလ အတွင်း ရေပူကျေးရွာနှင့် ဘုရားတောင်ကျေးရွာ အနီး   တိုက်ပွဲပြင်းထန်ခဲ့ရာ ကျေးရွာအတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ၁၆ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။

Related Articles

Back to top button