သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်ကို  မြို့ပြပြောက်ကျားအဖွဲ့ ပယ်ချ

ရန်ကုန်မြို့ ပစ်ခတ်မှုများအတွက် ၆ နှစ်သမီးတစ်ဦး အပါအဝင် အများအပြားကို ဖမ်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ အပြစ်မဲ့သူများကို ဖမ်းထားခြင်း ဖြစ်သည်ဟု ပစ်ခတ်သည့် အဖွဲ့က ဆိုသည်။

ဗိုလ်မှူးချုပ်ဟောင်းချိုထွန်း​အောင်  ရန်ကုန်တွင် သတ်ဖြတ်ခံရမှုအကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် အလိမ်အညာများ ပါဝင်နေသလို ဖမ်းဆီးထားသူများလည်း သတ်ဖြတ်မှုနှင့်မပတ်သက်သည့် အပြစ်မဲ့ပြည်သူများ ဖြစ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့ Golden Valley Warriors က ယနေ့ (ဇွန် ၆) တွင် Myanmar Now ကို ပြောသည်။ 

ထိုအဖွဲ့သည် အငြိမ်းစားသံအမတ်လည်းဖြစ်သူ ဦးချိုထွန်း​အောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည့် အဖွဲ့လည်း ဖြစ်သည်။

၎င်းတို့အဖွဲ့  လမ်းတွင်ကြုံသလို ငှားရမ်းခဲ့သည့် တက္ကစီ၊ ဘေးတွဲဆိုင်ကယ်၊ အဝေးပြေး ယာဉ်မောင်းများသာမက အမှုနှင့်မသက်ဆိုင်သည့် မိသားစုဝင်များ၊ ၆ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ကိုပါ စစ်ကောင်စီက ထည့်သွင်းအမှုတည်ဆောက်ထားသည်ဟု ထိုအဖွဲ့တာဝန်ခံက ပြောသည်။ 

ထိုသို့ အပြစ်မရှိသူများကို ဖမ်းဆီးပြခြင်းသည် မြို့ပြဒေသ တော်လှန်ရေးသမားများ    ကြောက်စိတ်ဝင်စေရန် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

 “အငှားယာဉ်မောင်းတွေကော ကလေးလေးတွေပါ တရားခံ စာရင်းပြထားတယ်။ သတင်းဖတ်ကြည့်တာလဲ တော်တော်ကျိုးကြောင်း ဆီလျော်မှုမရှိဘူး။ တက်သုတ်ရိုက် ထုတ်ပြန်ချင်ပုံရတယ်” ဟု ၎င်းက ပြောသည်။ 

အခင်းဖြစ်ရာအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများကိုပါ တရားခံစာရင်း သွင်းထားသည်ဟု  ထိုအဖွဲ့တာဝန်ခံက ထောက်ပြသည်။ ထို့ပြင် စစ်ကောင်စီထုတ်ပြန်ချက် မှတ်တမ်းဓာတ်ပုံတွင် ပါဝင်သည့် သေနတ်မှာလည်း  ကော်စေ့ထည့် ပစ်ခတ်ရသော သေနတ်ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

 “သူတို့ ဖမ်းမိထားသမျှတွေကို စုစည်းပြီးတော့ အဖွဲ့နာမည်နဲ့မိပါပြီ လုပ်ချင်တာ။ သူတို့ထုတ်ပြန်တဲ့ စာမှာကိုက အချက်အလက် မခိုင်မာနေတာ။ ဘယ် UG ကမှ တက္ကစီကို ဘိုင်သေ (ပုံသေ) မထားကြဘူး၊ ထားတာနဲ့ နေ့တဝက်မကျိုးဘူး၊ မိမှာ။ အဲဒါကြောင့် တက္ကစီကို ကြုံသလိုငှားစီးကြတာ။ အဲ့ဒါတွေကို တောက်လျှောက် လိုက်ဖမ်းပုံရတယ်။ ဘေးတွဲသမားတောင် မချန်ဘူး” ဟု ၎င်းက ဆိုသည်။ 

Golden Valley Warriors အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဗိုလ်မှူးချုပ် (ဟောင်း) ဦးချိုထွန်းအောင်

 ဦးချိုထွန်းအောင်သည် မရမ်းကုန်းမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင်   မေ ၂၂ နံနက်က ပစ်သတ်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီက ပစ်ခတ်မှုတွင် ပါဝင်သူတို့ကို ရန်ကုန်မြို့ အနှံ့ ပိုက်စိတ်တိုက် ရှာဖွေနေခဲ့ပြီး  ၂ ပတ်အကြာ ဇွန် ၄ တွင် တရားခံများကို ဖမ်းမိသည်ဟု ဆိုသည်။ ထိုဖမ်းထားသူများတွင်   ၆ နှစ်သမီးလည်း ပါဝင်ပြီး စုစုပေါင်း ၁၆ ဦး ဖြစ်သည်။

စစ်ကောင်စီ၏ ယမန်နေ့ (ဇွန် ၅) ထုတ်ပြန်ချက်တွင် ပစ်ခတ်မှုဖြစ်သည့်နေရာနှင့် ကပ်လျက်ရှိ မြောက်ဥက္ကလာပမြို့နယ်တွင် ဘက္ကထရီတပ် စက်ဘီးကိုတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။  ဘက္ကထရီ ၃ လုံးတပ် အဖြူရောင် စက်ဘီးဖြစ်ကြောင်း တွေ့ရသည်။ 

 သို့သော် စစ်ကောင်စီ မူလထုတ်ပြန်ထားသည့် ပစ်ခတ်သတ်ဖြတ်မှု  CCTV မှတ်တမ်းတွင် ပါဝင်သည့် စက်ဘီးမှာ ဘက္ကထရီ ၂ လုံးတပ် ငွေရောင် စက်ဘီးဖြစ်နေသည်။   

မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သည့် သုံးဘီးယာဉ်မောင်း ဦးစန်းထက်အောင်ကို ဖမ်းဆီးမိပြီးနောက် ၎င်း၏အိမ်နီးချင်း ဦးဝင်းသူကို ထောက်ပို့အဖြစ် စွပ်စွဲဖမ်းဆီးခဲ့သည်၊ သူတို့၏ထွက်ဆိုချက်ကို အခြေခံကာ ပစ်ခတ်မှု၏ အဓိက တရားခံဟု ယူဆသူများကို စစ်ကောင်စီက ဆက်လက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

ပစ်ခတ်မှု၏ အဓိကတရားခံဟု စစ်ကောင်စီက စွပ်စွဲထားသူ ကိုမျိုးကိုကို၊ ဇနီး မပြုံးပြုံး၊ သမီးဖြစ်သူ ၆ နှစ်အရွယ် မလင်းလက်ရွှေ၊   ကားမောင်းပို့ဆောင်သူဟု စွပ်စွဲခံရသူ အမျိုးသား ၂ ဦးတို့ကိုလည်း ဖမ်းထားသည်ဟု ဆိုသည်။  

လုပ်ကြံသတ်ဖြတ်သူဟု စွပ်စွဲခံရသူ အခြားတစ်ဦးဖြစ်သည့် ကိုချစ်ကိုကိုမှာ  မြဝတီမြို့သို့ ထွက်ပြေး လွတ်မြောက်သွားသည်၊ သူ၏ ဇနီး၊ သား၊ ညီဖြစ်သူတို့ကို ဖမ်းထားသည့်အပြင်   မြဝတီသို့ သွားရောက်ရန် ချိတ်ဆက်ပေးသူ တစ်ဦးကိုပါ ဖမ်းထားသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။  

လုပ်ကြံသတ်ဖြတ်သည့် အဖွဲ့ ဖွဲ့စည်းရန် NUG အစိုးရက စီစဉ် ထောက်ပံ့ပေးထားသည်၊ ထိုအဖွဲ့က ရန်ကုန်တွင် အခြားလုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ရာ  NUG အစိုးရက “(၁)ကြိမ်လျှင် ၂ သိန်းကျပ်” ပေးခဲ့သည်၊ ထိုအဖွဲ့မှ အဖွဲ့ ခေါင်းဆောင် ကိုထက် အပါအဝင် ၈ ဦး လွတ်မြောက်နေသည်ဟု   စစ်ကောင်စီထုတ်ပြန်ချက်က ဆိုသည်။

Related Articles

Back to top button