သတင်း

ပုလဲတွင် ဗုံးကြဲသည့် စစ်လေယာဉ်ပျက်ကျ

ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှုကြောင့် စစ်လေယာဉ်တစ်စီး စစ်ကိုင်းတိုင်းအတွင်း ပျက်ကျကာ လေယာဉ်မောင်း၊ ဗုံးကြဲသည့်အရာရှိများ သေဆုံးသွားသည်။

စစ်ကိုင်းတိုင်းအတွင်း တစ်ပတ်ကျော်ကြာတိုက်ပွဲပြင်းထန်နေသည့် ပုလဲမြို့နယ်သို့ သွားရောက်တိုက်ခိုက်သည့်   စစ်လေယာဉ်တစ်စီး ယနေ့ (ဇွန် ၁၀) နေ့လယ်ပိုင်းတွင် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းသို့ ပျက်ကျပြီး ပေါက်ကွဲပျက်စီးသွားသည်။

လေယာဉ်သည် ပုလဲမြို့နယ် ကန့်ဒေါင့်၊ ဇီးဖြူကုန်းဝန်းကျင်သို့ ဗုံးလာကြဲခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

 ဒေသတွင်းတွင်လှုပ်ရှားနေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အဆိုပါလေယာဉ်ကို ၎င်းတို့တပ်ဖွဲ့ဝင်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

“၁၂း၁၅မှာ ဗုံးကြဲဖို့ ဆင်းလာတဲ့အချိန်မှာ ကျွန်မတို့ရဲဘော်က ပစ်ချလိုက်တယ်။ ပျက်ကျသွားတဲ့ အခြေအနေအသေးစိတ်ကို ကျွန်မတို့ထုတ်ပြန်ပါမယ်။ ဘာနဲ့ ဘယ်လိုပစ်ချလဲဆိုတာတော့ ကျွန်မတို့ရဲဘော်တွေကို ပြန်ပြီးတော့ မေးရဦးမယ်”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောသည်။ 

 ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ဗုံးကြဲချပြီး ခပ်နိမ့်နိမ့်ပျံနေချိန်တွင် တော်လှန်ရေးအင်အားစုက ပွိုင့်ဖိုက်ကျည်ဆံ ထည့်သွင်းအသုံးပြုရသော ပွိုင့်ဖိုက် ခေါ် M2 Browning စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ မြို့နှင့် ၆ မိုင်ခန့်အကွာ ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ပျက်ကျသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက်က ဆိုသည်။ 

“ကြဲပြီးတဲ့အချိန်မှာ ပြန်ခေါက်တာကို တော်တော်နိမ့်တယ်ဗျ။ အောက်မှာ ပွိုင့်ဖိုက် လိုဟာမျိုး မရှိလောက်ဘူးလို့ တွက်ဆပုံ ရတယ်။ တော်တော်လေးကိုနိမ့်ပြီးပျံတယ်။ ဒီဘက်မှာလည်း ပွိုင့်ဖိုက် ကလည်း အဆင်သင့်ရှိနေတော့ ပစ်လိုက်တဲ့အချိန်မှာ စက္ကန့်ပိုင်းမှာပဲ ကျသွားတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။ 

“လေယာဉ်က ဘုန်းကြီးကျောင်းပေါ်ကို ဇောက်ထိုးပြုတ်ကျပြီး လေယာဉ်က ပေါက်ကွဲသွားတာပေါ့”

ပျက်ကျသည့် လေယာဉ်အမျိုးအစားကို မသိရသေးကြောင်း ဦးဇော်ထက်က ဆိုသည်။ 

လေယာဉ်ပေါက်ကွဲပျက်စီးသည့် အနီးဝန်းကျင်တွင်  ဦးထုပ်နှင့် ဦးခေါင်းခွံ အပိုင်းအစများကိုလည်း တွေ့ရှိရသည်၊  လေယာဉ်မှူးများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်နိုင်သည်၊  လေယာဉ်မောင်းသူများ လေထီးအသုံးပြုလွတ်မြောက်လာလျှင် ဖမ်းဆီးရန် တော်လှန်ရေးသမားတို့က ပြင်ဆင်ကြသေးသည်ဟု ဦးဇော်ထက်က ဆိုသည်။ 

“ပေါက်ကွဲလွင့်လာတဲ့ အထဲမှာ ပိုင်းလော့ရဲ့ အုတ်ခွံ (ဦးခေါင်းခွံ) ပုံစံမျိုးတွေ တွေ့ခဲ့တယ်။ ပိုင်းလော့ဆောင်းတဲ့ ဦးထုပ်တွေ လွှင့်စင်လာတာတွေ့တယ်။ ပိုင်းလော့ နှစ်ဦးစလုံး က ပေါက်ကွဲတဲ့ထဲပါတယ်လို့ ယူဆရတယ်ပေါ့” ဟု ၎င်းက ဆိုသည်။ 

“လေယာဉ်ပျက်ကျပြီး ပိုင်းလော့က လွတ်သွားမှာစိုးလို့ ဝိုင်းတာလေ။ ခုက ပိုင်းလော့တွေပါ သေသွားပါပြီ။ အားလုံးပျက်စီးသွားတယ်”

အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် နှစ်မိနစ်ကျော် ကြာသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် ဘုန်းကြီးကျောင်းဝင်းအတွင်း အဆောက်အဦတစ်ခုမှာ မီးဟုန်းဟုန်း တောက်လောင်နေသည်။ ကျောင်းဘေး ကပ်လျက်ရှိ မြေသားလမ်းပေါ်တွင်လည်း လေယာဉ်ဘီးတစ်ခု၊ ခန္ဓာကိုယ်အပိုင်းအစတချို့ ရှိနေသည်ကို ထိုရုပ်သံထဲတွင်တွေ့မြင်ရသည်။ 

ပုလဲမြို့နယ်တွင် စစ်တပ်နှင့်ပြည်သူ့စစ် အခိုင်အမာ တပ်စွဲထားရာ နေရာတစ်ခုဖြစ်သည့် ကန့်ဒေါင့် နယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုက ဇွန် ၂ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေရာ စစ်တပ်ကလည်း လေကြောင်းအားပြုပြီး အပြင်းအထန် ခုခံနေသဖြင့် တိုက်ပွဲပြင်းထန်နေသည်မှာ တစ်ပတ်ကျော်အထိ ရှိလာပြီဖြစ်သည်။ 

ကန့်ဒေါင့်ရွာအနီးဝန်းကျင် ပြည်သူ့စစ်အခြေစိုက်ရာကျေးရွာများကို လေကြောင်းမှ တဆင့် စစ်ကူ ချပေးမှုခြင်း၊ လက်နက်ခဲယမ်းအင်အားဖြည့်တင်းမှုတို့ လုပ်ဆောင်နေကြောင်း PLAပြောခွင့်ရသူက ဆိုသည်။

“လေကြောင်းနဲ့က မပြတ်တမ်းဗုံးကြဲနေတာ။ အလုံးပေါင်းကို ရာနဲ့ထောင်နဲ့ရှိနေပြီ။ ရိက္ခာ၊ ခဲယမ်းတွေ လေယာဉ်နဲ့ချပေးတာရှိနေတော့ အထဲကနေလည်း ခံတိုက်နေတဲ့အနေအထားပေ့ါနော်”ဟု ၎င်းက ဆိုသည်။ 

စစ်တပ်က ၎င်း၏ အားသာချက်ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုများ နိုင်ငံအနှံ့  အရှိန်မြှင့် ပြုလုပ်လာပြီး အညာဒေသမှ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက တိုက်လေယာဉ်ကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်မေ ၂၀ ရက်နေ့ကလည်း ကချင်ပြည်နယ် တောင်ပိုင်း ဗန်းမော်မြို့တွင် စစ်တပ် ရဟတ်ယာဉ် နှစ်စီးကို တော်လှန်ရေးအင်အားစုများက ပစ်ချနိုင်ခဲ့သည်။ 

အာဏာသိမ်းပြီး လအတန်ကြာတွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အနီး စစ်ရဟတ်ယာဉ် တစ်စီးကို KIA ပစ်ချနိုင်ခဲ့သည်။ ထို့ပြင် ၂၀၂၄ ဇန်နဝါရီလထဲတွင်လည်း ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် ဗုံးလာကြဲသည့် စစ်လေယာဉ်ကို KIA က ပစ်ချနိုင်ခဲ့သည်။  ထိုလကုန်ပိုင်းတွင်ပင် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အနိမ့်ပျံလာသော ရဟတ်ယာဉ်တစ်စီးကို သတင်းကြိုရသည့် တော်လှန်ရေး အင်အားစုက စောင့်ဆိုင်း ပစ်ခတ်သဖြင့် တပ်မမှူးကို တင်ဆောင်လာသော  အဆိုပါရဟတ်ယာဉ် ပျက်ကျသွားသည်။

လေယာဉ်၊ ရဟတ်ယာဉ်တို့ ပစ်ချခံရတိုင်း လိုက်ပါလာသူတို့ သေဆုံးလေ့ရှိသည်။ သို့သော်လည်း 

၂၀၂၃ နှစ်ကုန်ပိုင်းတွင် ကယား (ကရင်နီပြည်နယ်) ဖရူဆိုမြို့နယ်တွင် တိုက်လေယာဉ်တစ်စီး ပစ်ချခံရပြီး လေထီးသုံးပြီး အသက်ဘေးမှ လွတ်မြောက်သွားသည့် လေယာဉ်မှူးကို တော်လှန်ရေးအင်အားစုက ဖမ်းဆီးထားသည်။ 

စိုးမိုးနယ်မြေကျဉ်းမြောင်းလာသည့်စစ်တပ်က မြေပြင်စစ်ကြောင်းထက် လေကြောင်းတိုက်ခိုက်မှုများ ကို သိသိသာသာပြုလုပ်လာပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းစသည့် အရပ်သားပစ်မှတ်များကို ဦးတည်တိုက်ခိုက်မှု သိသိသာသာမြင့်တက်လာသည်။ 

မေလဆန်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်းကို လေကြောင်းမှ  တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂၂ ဦးနှင့် ဆရာမ ၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ အရပ်သားများ အစုအပြုံလိုက်သေဆုံးခဲ့ရသည့် အဆိုးရွားဆုံးလေကြောင်းတိုက်ခိုက်မှုတစ်ခုဖြစ်လာသည်။

မတ်လငလျင်နောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဇွန်လကုန်အထိ ယာယီအပစ်ရပ် မည်ဟု ကြေညာချက်ထုတ်ထားသည့် စစ်တပ်က  နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်နေသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဇွန် ၂ ရက်နေ့ ထုတ်ပြန်သည့် အချက်အလက်များအရ ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ မေ ၃၀ အထိ နှစ်လကျော်အတွင်းစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၅၂၀ ကျော် ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုများကြောင့် ပြည်သူ ၄၆၂ ဦးသေဆုံးကာ ၈၈၄ ဦး ဒဏ်ရာရရှိခဲ့သည်။  

Related Articles

Back to top button