ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ ကျေးရွာအုပ်စုမှ လူဦးရေ ၆၀၀၀ ကျော်ကို စစ်ကောင်စီ လက်အောက်ခံ ပအို၀်းပြည်သူ့စစ် (PNO/PNA) တပ်ဖွဲ့က ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်း ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။
ဟိုပုံး၊ ဆီဆိုင်၊ လွိုင်ကော် ကားလမ်းကြီး တစ်လျှောက် စစ်ရေးလှုပ်ရှားသည့် PNO/PNA အထူးဒေသ (၆) သူရိယခမ်း စစ်တိုင်းဌာနက ပေးပို့သည့်စာတွင် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင် ဗိုရွာ၊ ပင်စက်ရွာ၊ တောင်ရှေ့ ကျေးရွာအုပ်စု နောင်ထော်ရွာ၊ ကလားလမ်ရွာခံများ ရွှေ့ပြောင်းပေးရမည် ဖြစ်သည်။
ဆီဆိုင်မြို့နယ်၊ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်း အတွင်းသို့သာ ရွှေ့ပြောင်းရမည်ဟု ထိုစာတွင် ဖော်ပြထားသည်။
ရွှေ့ပြောင်းရန် ငြင်းဆန်ပါက လုံခြုံရေး တာဝန်မယူကြောင်း ပြောဆိုထားသည်ဟု ပအို၀်းလူငယ်အစည်းအရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“မရွှေ့ဘူး၊ အန္တရာယ် တစ်စုံတရာဖြစ်လာတယ်ဆိုရင် တာဝန်မယူဘူး။ ၁၅ ရက်နေ့ နောက်ဆုံးထားပြီးတော့မှ အကုန်လုံး ထွက်ပေးဖို့ ပြောထားတယ်။ ထွက်ခိုင်းတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ ပြောတာတော့ မရှိဘူး။ ရွှေ့ခိုင်းတာက ဘုရားဖြူဘက်ကို အကုန်လုံးရွှေ့ပေးဖို့ ပြောထားတာပေါ့” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်း ထိုးစစ်ဆင်နေသည့် အဆိုပါကျေးရွာများမှာ ဆီဆိုင် မြို့ နှင့် ၁၀မိုင်ကျော် ကွာဝေးပြီး ဖုန်းနှင့် အင်တာနက်လိုင်းများလည်း ဖြတ်တောက် ခံထားရသည်ဟု ဆီဆိုင်မြို့ခံတို့က ဆိုသည်။
အဆိုပါကျေးရွာများတွင် အာဏာသိမ်းမှု ဆန့်ကျင်သည့် ပအို၀်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (PNLA) အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များ လှုပ်ရှားနေသည်။
အဆိုပါကျေးရွာများမှ ဒေသခံအချို့မှာ တိုက်ပွဲများကြောင့် ယခင် ကတည်းက ဘေးလွတ်ရာကို ကြိုတင် တိမ်းရှောင်နေကြသည်ဟု ဒေသခံတို့က ဆိုသည်။
လက်ရှိတွင် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းဖွဲ့က အဆိုပါကျေးရွာများအား ထိုးစစ်ဆင်နိုင်ဖွယ် ရှိသည်ဟု ဒေသခံများက ခန့်မှန်းသည်။
“နောင်ကျော အထိကို စစ်တပ်က ပိုင်တာပေါ့နော်။ နောင်ကျော ဟိုဘက်ကျတော့ စစ်တပ်တို့၊ PNO တို့က မသွားရဲကြဘူး။ ဟိုဘက်က ပိုင်တဲ့သဘောပေါ့” ဟု ပအို၀်းလူငယ်အစည်းအရုံး တာဝန်ရှိသူက ဆိုသည်။
“ဟိုတလောက နောင်ကျောရဲ့ တောင်ဘက်မှာ တိုက်ပွဲတော်တော် ဖြစ်သွားတာပေါ့။ သူတို့က ဟိုဘက်ကို သွားပြီး သိမ်းချင်တော့ ရွှေ့ခိုင်းပြီးတော့ အဲဒီဘက်ကို လက်နက်ကြီး ထုမယ်ထင်တယ်”
Myanmar Now က ဆက်သွယ်ခဲ့သည့် PNO/PNA တာဝန်ရှိသူတစ်ဦးကမူ ကျေးရွာများ ရွှေ့ပြောင်းခိုင်းသည့် ကိစ္စအတိအကျ မသိရကြောင်း တုံ့ပြန်သည်။
သို့ရာတွင် အဆိုပါကျေးရွာများမှာ မြို့နှင့် အလှမ်းဝေးသည်၊ ဒေသခံတို့၏ လုံခြုံရေးနှင့် ကလေးငယ်များ ပညာရေးအတွက် အခက်အခဲဖြစ်၍ ရွှေ့ပြောင်းခိုင်းခြင်း ဖြစ်နိုင်သည်ဟု ထိုသူက မှတ်ချက်ပေးသည်။
PNLA အဖွဲ့ကမူ ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များ မထိတွေ့နိုင်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု တုံ့ပြန်သည်။
“သူတို့ ဒီလိုလုပ်တာက တော်လှန်ရေးနဲ့ လူထုကို အဆက်အသွယ်ပြတ်အောင် ထိစပ်မှု မရှိအောင် လုပ်ချင်တာလည်း ဖြစ်ပါတယ်။ ကိုယ်ကျိုးစီးပွားအတွက်နဲ့ ပြည်သူလူထုကို ပြန်လည်ပြီးတော့မှ မောင်းထုတ်နေပြီလို့ ဒေသခံတွေပြောတဲ့အတိုင်းပဲ ပြောရမှာဖြစ် ပါတယ်” ဟု PNLA တာဝန်ရှိသူတစ်ဦးက ပြောသည်။
စိုက်ပျိုးရာသီတွင် ယခုကဲ့သို့ ရွှေ့ပြောင်းခိုင်း၍ တစ်နှစ်စာ စားဝတ်နေ ရေးအတွက် သီးနှံ စိုက်ပျိုးရန် အခက်တွေ့ကြရသည်ဟု ဒေသခံတို့က ဆိုသည်။
ရွှေ့ပြောင်းလာမည့် ဒေသခံများကို ဘုရားဖြူရွာတွင် လက်ခံရန် ပြည်သူ့စစ် လက် အောက်ခံ အုပ်ချုပ်ရေးဖွဲ့က စီစဉ်နေသော်လည်း ယနေ့(ဇွန်၁၀) အထိ ရွှေ့ပြောင်းလာသူများ မတွေ့ရှိရသေးဟု ဆီဆိုင်မြို့ခံတစ်ဦးကပြောသည်။
ဇွန်လ ၂ ရက်နေ့က ညောင်ရွှေမြို့နယ် ဘုရားတောင်နှင့် ရေပူကျေးရွာတွင် တပ်စွဲထားသည့် တော်လှန်ရေးတပ်ဖွဲ့ စခန်းများကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ အင်အား ၁၀၀၀ ကျော်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် ညောင်ရွှေနှင့် ပင်လောင်း နှစ်မြို့နယ်ကြားရှိ နန်းတုတ်၊ ညောင်လေးပင် ကျေးရွာများဘက်သို့ ဆက်လက်ထိုးစစ်ဆင်နေသည်။
အဆိုပါကျေးရွာမှ ထောင်နှင့်ချီသည့် ဒေသခံများသည် ကယားပြည်နယ်အတွင်းအထိ စစ်ဘေး တိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။
ပအို၀်းဒေသ လုံခြုံရေး အတွက်ဟုဆိုကာ ပြည်သူ့စစ်က စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ရှမ်း၊ ကယားနယ် ပင်လောင်း၊ ဖယ်ခုံ မြို့နယ်များအထိ ထိုးစစ် အရှိန်မြင့်လာသည်။
အဆိုပါ ထိုးစစ်တွင် ဒေသအတွင်း လူသစ်စုထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များအား အသုံး ပြုထားသည်ဟု ဒေသခံတို့က ဆိုသည်။
ထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ်လို ဖြစ်နေပြီး ရှမ်းပြည်တောင်ပိုင်း တစ်ခုလုံးတွင် ၂၀၂၅ မေလ အထိ ဒေသခံ ၅၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ပအို၀်းလူငယ်အစည်းအရုံး တာဝန်ရှိသူက ပြောသည်။



