
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် လူစည်ကားသည့် ကျည်တောက်ပေါက်ရွာရှိ တိုက်နယ်ဆေးရုံ ယနေ့(ဇွန်၉) နံနက် ၅း၃၀ ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် သက်လတ်ပိုင်းအမျိုးသမီး ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသွားသည်ဟု သိရှိရသည်။
စဉ့်ကူးမြို့နှင့်၉မိုင်အကွာမှ ၁၆ ကုတင်ဆံ့ အဆိုပါ ဆေးရုံကို တံတားဦးလေဆိပ်မှတက်လာသည့် စစ်လေယာဉ်တစ်စီးက ပေါင်(၂၅၀)ဗုံးတစ်လုံးနှင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်း ထုတ်ပြန်သည်။
“ဆေးရုံဝန်းအတွင်းထဲမှာ ဈေးဝယ်နေတဲ့ အမျိုးသမီးလေးဦး ထိတယ်။ တစ်ဦးသေပြီး တစ်ဦးက လက်ဖြတ်ရတယ်။ ကျန်နှစ်ဦးက ပေါင်နဲ့လက်တွေ ထိမှန်ဒဏ်ရာရတယ်လို့ပြောတယ်ခင်ဗျ”ဟု ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက ပြောသည်။
အဆိုပါနေရာသည် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့တိုက်ခိုက်ခြင်းဖြစ်ပြီး ဆေးရုံအဆောက်အဦတစ်လုံးလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်မေလ(၁၀)ရက် နေ့လယ်ပိုင်းကလည်း စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာကို စစ်ကောင်စီကဗုံးကြဲခဲ့သေးပြီး ထိုတိုက်ခိုက်မှုကြောင့် ကျည်တောက်ပေါက်ရွာမှ အသက်၅နှစ်ဝန်းကျင်အရွယ် ကလေးနှစ်ဦး၊ အသက် ၃၀ ဝန်းကျင်အရွယ်အမျိုးသားနှစ်ဦးတို့အပါအဝင် ၅ ဦး သေဆုံးခဲ့သေးသည်။
ဇွန်(၆)ရက် ညနေပိုင်းက စဉ့်ကူးမြို့နယ်နှင့်ကပ်လျက် သပိတ်ကျင်းမြို့နယ်အတွင်းမှ ကြက်ရိုးပင်ကျေးရွာရှိ ဘုန်းကြီးကျောင်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ သိမ်ကျောင်းဆောင်တစ်ခု ပျက်စီးခဲ့ပြီး စစ်ရှောင်ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ အရပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။
သက်တော်(၆၇)နှစ်ရှိသော ကျောင်းထိုင်ဆရာတော်ဦးအရိယာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ၎င်းသည်သပိတ်ကျင်းမြို့နယ် တောင်လည်ရွာမှ ကျောင်းထိုင်ဆရာတော်ဖြစ်ကြောင်း၊ အဆိုပါကြက်ရိုးပင်ရွာ ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်၍ လာရောက်သတင်းသုံးချိန်၌ ဗုံးကြဲခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုတွင် အသက်၁၆နှစ်အရွယ်အမျိုးသား(၂)ဦး၊ ၂၄နှစ်အရွယ် အမျိုးသား (၁)ဦး၊ ၂၉နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့ဒဏ်ရာရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် နှင့် မတ္တရာ စသည့်နေရာတို့မှ လူနေရပ်ကွက်များ၊ ကျေးရွာများ၊ စာသင်ကျောင်းများကို ယခုလပိုင်းအတွင်း နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်နေသည်။
ထိုမြို့နယ်၄ခုအတွင်း သပိတ်ကျင်းမြို့နယ်အတွင်းပင် ဧပြီလတစ်လထဲ၌ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ ၂၀ကျော်ရှိခဲ့ပြီး လူ၅၀ကျော်သေဆုံးခဲ့သည်ဟု ပြင်ဦးလွင်ခရိုင်ပကဖထံက သိရှိရသည်။



