သတင်း

လိုင်စင်မဲ့ဆိုင်ကယ်များ အဖမ်းအဆီး ကြမ်းနေ၍ အခြေခံပြည်သူများ ပိုကျပ်တည်းလာ 

လုံခြုံရေးအကြောင်းပြချက်ဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ် လိုက်လံဖမ်းဆီးခြင်းကြောင့် အခြေခံလူတန်းစားများ၏ သွားလာရေးနှင့် အသက်မွေးဝမ်းကြောင်း ထိခိုက်နေသည်။

နိုင်ငံအနှံ့ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ ရှာဖွေ သိမ်းဆည်းသည့် အစီအစဉ်ကြောင့် အခြေခံပြည်သူများအတွက် သွားလာရေးနှင့် စားဝတ်နေရေးအကျပ်တည်းများ ဖြစ်ပေါ်နေပြီး  စစ်ကောင်စီလက်အောက်ခံ အဖွဲ့များ ငွေရှာရလွယ်သည့် အခြေအနေ ဖြစ်လာသည်။

ဇွန်လဆန်းပိုင်းက စတင်ပြီး  လမ်းပေါ်တွင်သာမက အရောင်းပြခန်းများကိုပါ စစ်ဆေးနေသည်၊  နေအိမ်များထဲအထိ ဝင်ရောက်စစ်ဆေးမည့် သတင်းကြောင့် လိုင်စင်မဲ့ယာဉ် အားကိုးနေရသည့် ဝင်ငွေနည်းပြည်သူတို့ ပိုမို စိုးရိမ်နေကြသည်။

အခြေခံလူတန်းစားအများအပြားသည် လိုင်စင်မဲ့ သုံးသိန်းနှင့် ငါးသိန်းကြား ဆိုင်ကယ်များကို ဝယ်စီး၍ လုပ်ငန်းခွင်ရှိရာသို့ နှစ်ယောက်၊ သုံးယောက်စီး၍ အလုပ်သွားကြရကြောင်း နေပြည်တော်နှင့် မန္တလေးဒေသခံများက ဆိုသည်။

“ဒါကြီးကလေ အခြေခံ လူတန်းစားတွေကို ပိုဖိနှိပ်တာပဲ၊ အခုခေတ် စက်ပစ္စည်းဈေးနှုန်းတွေနဲ့ အောက်ခြေလူတန်းစားက တော်တန်ယုံ (လိုင်စင်နှင့်ဆိုင်ကယ်) မဝယ်စီးနိုင်ကြဘူး” မဟာအောင်မြေမြို့နယ်မှ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးမှုများကြောင့် အလုပ်သမား၊ ပန်းရံသမား၊ ကုန်ထမ်း အခြေခံ အလုပ်သမားများသည် ယာဉ်ထိန်းများ ဖမ်းဆီးသည့် အချိန်နှင့် နေရာကို ရှောင်ကွင်း၍ မိုးချုပ်ချိန်မှ နေအိမ်သို့ ပြန်ကြခြင်း၊ ကားများကို စုပေါင်းငှား၍ အလုပ်သွားရခြင်း စသည့် နည်းလမ်းများ သုံးပြီး  ဖြေရှင်းနေရသည်ဟု ၎င်းက ဆိုသည်။

မော်တော်ယာဉ်ကို ပြည်တွင်းတွင် မထုတ်လုပ်နိုင်သေးသည့် မြန်မာနိုင်ငံတွင် ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်များအတွက် အခွန်အခ အများအပြားသတ်မှတ်ထားသဖြင့် တရားဝင် မှတ်ပုံတင်ထားသော ဆိုင်ကယ်၊ ကားများမှာ နိုင်ငံတကာထက် စျေးပိုများနေသည်။ ဤအခြေအနေတွင် နယ်စပ်မှ တရားမဝင်တင်သွင်းလာသော၊ တရားဝင် မှတ်ပုံတင်မထားသော လိုင်စင်မဲ့ မော်တော်ယာဉ်များကို နိုင်ငံအနှံ့အပြားတွင် အသုံးပြုနေကြခြင်း ဖြစ်သည်။

နေပြည်တော် အာဟာရသုခဈေးတွင် လိုင်စင်မဲ့ဘီးဖြင့် ဆိုင်ကယ်ကယ်ရီဆွဲနေသူ အသက် ၂၈နှစ်အရွယ် အမျိုးသားကလည်း လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးနေ၍ အလုပ်နားထားရပြီး ကုန်ထမ်း၍ ဝမ်းရေး ဖြေရှင်းနေနေရကြောင်း ပြောသည်။

“ဈေးထဲမှာ ဆိုက်တွဲမောင်းတဲ့သူအများစုက လိုင်စင်မဲ့ ဘီးတွေများတယ်၊ ခုက ဖမ်းပြီး ထောင်ချတာ၊ လူပါဖမ်းတော့ ဘယ်သူမှအရဲစွန့်ပြီး မဆွဲရဲကြတော့ စားဖို့အတွက်တောင် မနည်းရုန်းကန်ရပြီ” ဟု ယင်းအမျိူးသားက ဆက်ပြောသည်။

ဆိုက်တွဲ ဟု ခေါ်သော သုံးဘီးတပ်ဆိုင်ကယ် အများအပြားမှာ လိုင်စင်မဲ့ယာဉ်များ ဖြစ်သည်။ 

မတ်လ ၂၈ ရက် ငလျင်လှုပ်ပြီးနောက် တရိပ်ရိပ်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေး ကျပ်တည်းမှုကိုရင်ဆိုင်နေရသည့် အခြေခံလူတန်းစားများမှာ လိုင်စင်မဲ့ဘီးများကို ဖမ်းဆီးမှုကြောင့် ပိုမိုကျပ်တည်းလာခြင်းဖြစ်သည်။

လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စီးနင်းသည့် နေရာနှင့် စီးနင်းသူများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များနှင့် ယာဉ်ထိန်းတပ်ဖွဲ့များက သိရှိပြီး လမ်းပေါ်နှင့် နေအိမ်များပါ ဝင်ရောက် စစ်ဆေးဖမ်းဆီးကြပြီး စစ်တပ်နှင့် ဆက်နွယ်သူများသာ သက်သာခွင့်ရသည်ဟု ကားဝယ်ရောင်းလုပ်နေသည့် အသက် ၅၀အရွယ် နေပြည်တော် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တပ်ထဲမှာတင်ကို လိုင်စင်မဲ့ကားတွေအများကြီးပဲ၊ ပြီးတော့ရပ်ကွက်ထဲဆို သုခတော်ဝင်အိမ်ရာမှာဆို တပ်ဘက်က အငြိမ်းစားနဲ့ အရာရှိတွေချည်းပဲ လိုင်စင်မဲ့ကားတွေစီးနေတာ၊ အဲလိုနေရာကျ ဝင်မဖမ်းရဲဘူး၊ ခုက အထက်က ခိုင်းတော့ လုပ်ရတဲ့ လူထုကိုပဲ ဖိနှိပ်တာပါ” ဟု ဆိုသည်။

သုခတော်ဝင်အိမ်ရာသည် ဇဗ္ဗူသီရိမြို့နယ် မြို့မဈေးအနီးတွင်တည်ရှိသည့် နေရာတစ်ခုဖြစ်သည်။

လိုင်စင်မဲ့ဆိုင်ကယ်များကို စီးနင်း၍ ဝမ်းရေးဖြေရှင်းနေရသူ အသက် ၄၀ကျော်အရွယ် ဆိုင်ကယ်ကယ်ရီဆွဲသူတစ်ဦးကလည်း လိုင်စင်မဲ့ ဆိုင်ကယ်များကို သက်သာသည့်နှုန်းဖြင့် လိုင်စင်ပေးရန် စီစဉ်ပေးစေလိုကြောင်း ဆိုသည်။

“တစ်နိုင်ငံလုံးဘီးတွေကို လိုင်စင်ပေးဖို့ခွင့်ပြုမယ်ဆိုရင် သူတို့အစိုးရလည်း ပိုက်ဆံအများကြီးရမယ်၊ ပြီးမှ (လိုင်စင်သက်တမ်း) မတိုးတဲ့ဘီးကို ဖမ်းမယ်ဆိုရင် တော်သေးတယ်၊ ဒါက သူဒေါသနဲ့သူ ဖြစ်သွားပြီလေနော်၊ ဟု သူက ပြောသည်။

“ခုက ကျွန်တော်တို့လည်း ဒုက္ခရောက်၊ ဘဲဥ(ယာဉ်ထိန်း)တွေကတော့ ပိုက်ဆံရှာကောင်းတာပေါ့ဗျ”

အိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီးမည့် သတင်းများကြောင့် လိုင်စင်မဲ့ဘီးဆိုလျှင် အရောင်းအဝယ် ရပ်နားထားကြောင်း ဆိုင်ကယ်ပွဲစားလုပ်ကိုင်နေသူ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

လိုင်စင်မဲ့ဘီးများသည် ဆိုင်ကယ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၃ သိန်းမှ ၁၀သိန်းကြား ပေါက်စျေး ဖြစ်နေသည်။  လိုင်စင်ရှိသော ဘီးတစ်စီးလျှင်  ၆ သိန်းမှ ၁၀သိန်းအထက်တွင်ရှိနေသည်။

မေလ ၂၀ရက်နေ့ အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်က လိုင်စင်မဲ့ယာဉ်များကြောင့် အခွန်အခများ နစ်နာသည်၊ လုံခြုံရေးဆိုင်ရာ အခက်ခဲများလည်း ဖြစ်ပေါ်လာနိုင်၍ ကြပ်မတ်ကြရန် ညွှန်ကြားခဲ့ပြီးနောက် ဇွန်လဆန်းမှစ၍ ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုသို့ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များကို တက်သုတ်ရိုက်ဖမ်းနေခြင်းသည်  မြို့ပြပျောက်ကျားများ၏အန္တရာယ်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း၊ ပြောက်ကျားများက ဆိုင်ကယ်စီးနင်း တိုက်ခိုက်သလို လက်နက်ခဲယမ်း သယ်ဆောင်ရာတွင်လည်း လိုင်စင်မဲ့ယာဉ်ကို သုံးကြကြောင်း  စစ်ကောင်စီဘက်တော်သားတချို့က ပြောသည်။

Related Articles

Back to top button