စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုများကြောင့် ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမား ၁၃၀ ဝန်းကျင်ဖြင့် လည်ပတ်လုပ်ကိုင်ခဲ့သည့် မလေးရှားအခြေစိုက် Scientex ပလတ်စတစ်ကုမ္ပဏီက လုပ်ငန်းရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၇ တွင် Scientex သည် မြန်မာကုမ္ပဏီ Myanmar Smart Pack Industrial နှင့်ပေါင်း၍ Daibochi Packaging Myanmar ဖက်စပ်ကုမ္ပဏီကို ထူထောင်ကာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ဖက်စပ်ကုမ္ပဏီတွင် Scientex က ရှယ်ယာ ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်းရင်းနှီးမြှုပ်နှံခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံရေးနှင့် စီးပွားရေးမတည်ငြိမ်မှုကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အနာဂတ်တွင်လည်း တိုးတက်မည့်လက္ခဏာများမတွေ့ရခြင်းကြောင်း မြန်မာပြည်ရှိ လုပ်ငန်းကိုရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့ကြောင်း ယခုနှစ် ဇွန် ၉ ရက်တွင် ထုတ်ပြန်သည့် Scientex ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ထိုလုပ်ငန်းရပ်ဆိုင်းမှုမှ လုပ်ငန်းလည်ပတ်မှုနှင့် ဘဏ္ဍာရေးသက်ရောက်မှုများ လျော့နည်းနိုင်ရန် လုပ်ငန်းအုပ်စုအနေဖြင့် ဆက်လုပ်ဆောင်ရွက်သွားမည်” ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ပလတ်စတစ်ထုတ်လုပ်ရေးလုပ်ငန်းမှဝင်ငွေသည် ၂၀၂၄ တွင် Scientex ကုမ္ပဏီ စုစုပေါင်းဝင်ငွေ၏ ၃ ဒသမ ၈ ရာခိုင်နှုန်းသာရှိသည်။
စစ်တပ် အာဏသိမ်းပြီးနောက် ပလတ်စတစ်လုပ်ငန်းအတွက် အဓိကလိုအပ်သည့် ကုန်ကြမ်းများကို တင်သွင်းခွင့်လိုင်စင်မချပေးတော့၍ စက်ရုံရပ်ဆိုင်းလုနီးပါးဖြစ်သွားပြီး လုပ်သားအင်အားကိုလည်း ထက်ဝက်ခန့်လျှော့ချထားရကြောင်း ထိုကုမ္ပဏီနှင့်နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့က Oversea Raw Import (ပြည်ပကုန်ကြမ်း) ကို ၉၀ ရာခိုင်နှုန်းလောက် မှီခိုရတဲ့ အခါကြ တော့ အဲ့ဒီကနေသွင်းလို့မရဘူးဆိုရင် ဒီဘက်ကနေ Process (လုပ်ငန်းစဉ်) က ဘာမှလုပ်လို့မရဘူးပေါ့” ဟု ဆိုသည်။
“ခြုံငုံပြီးပြောရရင်တော့ ဒီအခက်အခဲကတော့ တစ်နိုင်ငံလုံးရင်ဆိုင်နေရတာပဲပေါ့နော်။ အရည်အသွေး ပိုင်းကို အဆင်ပြေတဲ့ Product နဲ့လုပ်မယ်ဆိုရင်တော့ ပြည်တွင်းမှာ ရနိုင်တဲ့ ကုန်ကြမ်းနဲ့ရှာဖွေပြီးတော့ လည်ပတ်တာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်းအသင်းတွင် အသင်းဝင်ကုမ္ပဏီပေါင်း ၃၃၀ ကျော်ရှိပြီး ကုန်ကြမ်း ရရှိမှုသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း ထိုလုပ်ငန်းရှင်များက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားဝင်ငွေအကျပ်အတည်းတွေ့နေသည့် စစ်ကောင်စီသည် ဒေါ်လာသုံးစွဲမှုလျှော့ချနိုင်ရန် ပြည်ပသွင်းကုန်များကို ကန့်သတ်ထားပြီး စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးကဲ့သို့ မရှိမဖြစ်သွင်းကုန်များကိုပင် လုံလောက်စွာတင်သွင်းနိုင်ခြင်းမရှိတော့ပေ။
စစ်ကောင်စီလက်ထက် ပြည်ပကုန်ကြမ်းများကို အဓိကမှီခိုနေရသည့် စက်ရုံ၊ အလုပ်ရုံများအနက် အထည်ချုပ်လုပ်ငန်းများမှာ နိုင်ငံတကာအော်ဒါနှင့် ကုန်ကြမ်းများဆက်လက်ရရှိနေခြင်းကြောင့် လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ဆဲဖြစ်သည်။
ကမ္ဘာပေါ်တွင် လုပ်ခလစာဈေးသက်သာခြင်းကြောင့် နိုင်ငံတကာအမှတ်တံဆိပ်ကုမ္ပဏီအများအပြား မြန်မာနိုင်ငံတွင် ဆက်လုပ်လည်ပတ်နေသည်။ သို့သော်လည်း အခြားတစ်ဖက်တွင် တရိပ်ရိပ်တက်လာ သော ကုန်ဈေးနှုန်းကြောင့် အလုပ်သမားများမှာ စားဝတ်နေရးမလုံလောက်ဘဲ လုပ်ခလစာတိုးတောင်း သည့် ဆန္ဒပြပွဲများပေါ်ပေါက်လျှက်ရှိသည်။
စစ်ကောင်စီလက်ထက်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်( ILO)၏ ပြဋ္ဌာန်းချက် အမှတ် ၈၇ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ ပြဋ္ဌာန်းချက်အမှတ် ၂၉ အဓမ္မခိုင်းစေမှုပပျောက်ရေးကို ချိုးဖောက် သည်ဆိုကာ ILO က ဖွဲ့စည်းပုံဥပဒေပုဒ်မ ၃၃ အရအရေးယူရန်ဆုံးဖြတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်ကြောင့် ILO အဖွဲ့ဝင်တစ်နိုင်ငံချင်းအလိုက် လိုအပ်သလို အရေးယူမှုလုပ်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းနှင့် အကူအညီများရပ်ဆိုင်းလာနိုင်ကြောင်း အလုပ်သမားအရေးလှုပ်ရှားသူတို့က သုံးသပ်ကြသည်။



