သတင်း

ပုလဲမြို့ စစ်လေယာဉ်ပျက်ကျရာ အဆောက်အအုံတွင် ရှိနေသည့် ဒေသခံတချို့ သေဆုံး

စစ်ကိုင်းတိုင်းအတွင်း စစ်လေယာဉ်ပျက်ကျသည့် နေရာတွင် ရှိနေသူ ၄ ဦးသေဆုံးသည်၊ နာရီပိုင်းအတွင်း ထိုရွာကို လေတပ် တိုက်ခိုက်သဖြင့် ၂ ဦး သေဆုံးသည်။ မီးသင့်အလောင်းများထဲတွင် လေယာဉ်မှူးအလောင်း ပါနိုင်သည်ဟု ဆိုသည်။

ဇွန် ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကျေးရွာတစ်ခုအတွင်း စစ်လေယာဉ် ပျက်ကျ ပေါက်ကွဲသည့်နေရာတွင် ရှိနေသူ အနည်းဆုံး ၄ ဦး သေဆုံးသည်၊ ထိုဖြစ်ရပ်အပြီး ထိုရွာကို လေတပ် လာရောက်တိုက်ခိုက်သဖြင့်  ၂ ဦး သေဆုံးသည်ဟု ဒေသခံများနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရသည်။

ကနဦးသေဆုံးသူတို့မှာ မြို့အနောက်ဘက် ၇ မိုင်ခန့်အကွာတွင်ရှိသော စပါးစေ့ကျေးရွာရှိ ဘုန်းကြီးကျောင်းအနီး  အဆောက်အဦတွင် ခိုလှုံနေသူများ ဖြစ်သည်၊ မီးလောင်သွားသည့်အထဲတွင် ထိုအဆောက်အဦလည်းပါဝင်သည်ဟု  အမျိုးသားညီညွတ်ရေးအစိုးရ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့ ခိုလှုံနေတဲ့အဆောက်အဦထဲကို တိုက်လေယာဉ်ပျက်ကျလို့ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပါတယ်” ဟု ပအဖအဖွဲ့ဝင် အမျိုးသားက ဆိုသည်။

တော်လှန်ရေးအင်အားစု၏ ထုတ်ပြန်ချက်များတွင် အရပ်သားသေဆုံးမှုအရေအတွက် ဖော်ပြကြသော်လည်း လေယာဉ်မှူး၏ရုပ်အလောင်းကို ထည့်သွင်းရေတွက်မထားပေ။

လေယာဉ်ကိုယ်ထည်အပိုင်းအစများ၊ ပျက်စီးသွားသည့် ပိုင်းလော့ဦးထုပ်၊ မီးလောင်နေသော လေယာဉ်ဘီးတို့ကို တော်လှန်ရေးအင်အားစု ထုတ်ပြန်ထားသော ဓာတ်ပုံများနှင့် ရုပ်သံများတွင် တွေ့မြင်ရသည်။ 

သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း၊ အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည့်အခြေအနေကြောင့် ယနေ့အထိ ထိုနေရာကို ရှင်းလင်းရေးမလုပ်နိုင်သေးကြောင်း အဆိုပါနေရာသို့ ရောက်ရှိခဲ့သည့် PDF ခရိုင်တပ်ရင်းမှူးတစ်ဦးက ယနေ့ (ဇွန် ၁၂) တွင် ပြောသည်။

“ဒီမနက်အထိက အလောင်းတွေကို မကောက်ရသေးဘူး။ ရှင်းလင်းရေးတောင် မလုပ်ရသေးဘူး။ မီးလောင်ထားတဲ့အပိုင်းအစတွေက ဒီနားမှာ အရိုးတစ်စု၊ ဟိုနားက အရိုးတစ်စု၊ ယောကျ်ားမိန်းမ ခွဲလို့ မရဘူး။ ကျွန်တော်တို့ စာရင်းကောက်ကြည့်ထားတာလည်း လူက လေး၊ ငါးယောက်လောက် ပျောက်နေတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ပျက်စီးလေယာဉ်တွင် တွေ့ရသော  ကျည်တချို့။ (ဓာတ်ပုံ-PLA)

ပျက်ကျပြီး ၂ နာရီခန့် အကြာတွင် အဆိုပါကျေးရွာအနီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ခဲ့သောကြောင့် ဒေသခံ ၂ ဦး သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အလားတူ စပါးစေ့ရွာ၏အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာရှိ မင်းတိုင်ပင်ကျေးရွာအတွင်း စားသောက်ဆိုင်တစ်ဆိုင်လည်း ပျက်စီးခဲ့သည်။

ပုလဲမြို့နယ်၌  စစ်ရေးပြင်းထန်နေစဉ် PLA နှင့် ပူးပေါင်းတပ်များက ကန့်ဒေါင့်ကျေးရွာရဲစခန်း သိမ်းပိုက်နိုင်ရေးအတွက် ဇွန်လဆန်းက စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ကလည်း လေကြောင်းမှ အပြင်းအထန် ဗုံးကြဲခဲ့သည်။ 

PLA က ကန်ဒေါင့်ရွာစခန်းသိမ်းတိုက်ပွဲမှ လေကြောင်းပစ်ကူလာပေးသည့်လေယာဉ်ကို  ၎င်းတို့ပစ်ချလိုက်ခြင်းဖြစ်သည်ဟု ယင်းနေ့မှာပင် ထုတ်ပြန်ခဲ့သည်။

တိုက်လေယာဉ်ပျက်ကျခဲ့သည့် စပါးစေ့ကျေးရွာသည်  တိုက်ပွဲဖြစ်ပွားရာကန့်ဒေါင့်ကျေးရွာ၏ အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် ရှိသည်။  စစ်ကောင်စီ ထိန်းချုပ်ထားသည့် ပုလဲမြို့၏အနောက်ဘက် ၇ မိုင်ခန့်အကွာတွင်ရှိသည်။ 

ဇွန် ၂ ရက်နေ့ကတည်းက ကန့်ဒေါင့်ရွာရဲစခန်း PLA နှင့်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေခြင်း ဖြစ်သည်။  ဇွန် ၁၀ ရက်နေ့တွင် ကန်ဒေါင့်ရွာအရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် ရှိသော ဇီးဖြူကုန်းရွာ ပြည်သူစစ်စခန်းကို တိုက်ခဲ့ကြသည်။

ဇွန် ၁၀ ရက် မွန်းတည့် ၁၂း၁၅ ခန့်တွင် ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ချခဲ့သည့်လေယာဉ်သည် ကျေးရွာထဲ ထိုးစိုက်ဆင်းသွားကြောင်း PLA က ယမန်နေ့က အတည်ပြုထားသည်။

လေယာဉ်ပျက်ကျသည့်နေရာအနီး ရုပ်အလောင်းများ မီးလောင်ထားသဖြင့်  လေယာဉ်မှူး၏ ရုပ်အလောင်းကို ခွဲခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း PLA က ထုတ်ပြန်ထားသည်။ 

အဆိုပါလေယာဉ် ပစ်ချသည်ဆိုသောအချက်နှင့်ပတ်သက်ပြီး အငြင်းပွားမှုတချို့လည်း ပေါ်ပေါက်နေသည်။

PLA ဘက်ကမူ အထောက်အထား ခိုင်ခိုင်မာမာရှိသည်ဟု ဆိုသည်။ 

“ဒီလေယာဉ်ပစ်ချတာကတော့ ကျွန်မတို့ PLA က ပစ်ချတာ အတိအကျပါပဲ။ ဘယ်လက်နက်နဲ့ ပစ်ချလဲ ဆိုတာကို ကျွန်မတို့ လုံခြုံရေးအခြေအနေအရ မထုတ်ပြန်တော့ပါဘူး။ မှတ်တမ်းမှတ်ရာတွေ အကုန်ရှိပါတယ်” ဟု PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောသည်။ 

ယခုလအတွင်း နေ့စဉ်နှင့်အမျှ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ၊ စစ်ကောင်စီ ဘက်က လေကြောင်း၊ လက်နက်၊ လူများဖြင့် စစ်ကူဖြည့်တင်းနေကြောင်း၊ ဗုံးအလုံးပေါင်းမြောက်မြားစွာ  ရာချီကြဲချခဲ့ကြောင်း  ၎င်းက ဆိုသည်။ 

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း မပြုသေးသော်လည်း လေယာဉ်ပစ်ချနိုင်ခဲ့ခြင်းကြောင့် သတင်းထုတ် ပြန်လိုက်ခြင်းဖြစ်သည်ဟု  ရဲဘော်နီနီကျော်က ပြောသည်။ 

“ဒီသတင်းကို ကျွန်မတို့က မထုတ်လို့မရတော့ဘူး။ တခြားအဖွဲ့တွေကလည်း သူတို့ပစ်ချပါတယ် ထုတ်လာတာတွေ တွေ့တဲ့အခါကျတော့ ဒါ သမိုင်းဝင် အဖြစ်အပျက်လည်း ဖြစ်တယ်၊ ကျွန်မတို့ PLA ရဲ့ ပထမဦးဆုံးအကြိမ်လည်း ဖြစ််တယ်၊ ပစ်ချခဲ့တာလည်း ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါ လူထုကိုရော၊ မီဒီယာကိုရော ရှင်းရှင်းလင်းလင်းသိအောင် ပြောဖို့လိုတဲ့အတွက်ကြောင့် ကျွန်မတို့ ပစ်ချခဲ့တယ် ဆိုတာကို သတင်းတရားဝင်ထုတ်ပါတယ်” ဟု  ရဲဘော်နီနီကျော်က ပြောသည်။ 

စစ်ကောင်စီ အတည်ပြု

စစ်ကောင်စီကလည်း လေယာဉ် ဆုံးရှုံးလိုက်ရကြောင်း အတည်ပြုသည်။ သို့သော်လည်း အဆိုပါ စစ်လေယာဉ်မှာ “လေ့ကျင့်ပျံသန်း”နေစဉ် စပါးစေ့ရွာအနီး “ရုတ်တရက်စက်ချို့ယွင်း”မှုကြောင့် ပျက်ကျ၊ မီးလောင်သည် ဟု နေ့တွင်းချင်း သတင်းထုတ်ပြန်သည်။

ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များက ထိုလေယာဉ်မှာ ပျူစောထီး ကြီးစိုးသည့် ဇီးဖြူကုန်းရွာ ဝန်းကျင်ကို  တိုက်ခိုက်ပြီးနောက် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

“ဇီးဖြူကုန်းမှာ (လေယာဉ်နဲ့) အရင်လာကြဲတယ်။ ကျွန်တော်တို့ အဖွဲ့တွေက ဒီနေ့မနက် ဇီးဖြူကုန်းမှာ  စခန်းဝင်သိမ်းနေတယ်။  ဇီးဖြူကုန်းကို တစ်ခေါက် လာခေါင်းစိုက်ပစ်ကူပြီး  ဇီးဖြူကုန်းရဲ့အနောက်ကနေ အရှေ့တောင်ဘက်ကိုပြန်ထောင်တက်တဲ့အချိန်မှာ ဝေါခနဲ့အသံက ချက်ချင်းထိုးရပ်သွားပြီး  ပျက်ကျသွားတာ” ဟု ပုလဲမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထိုနေ့က Myanmar Now ကိုပြောသည်။

“ကျွန်တော့အထင်ကတော့ ပွိုင့်ဖိုက်တွေပါကြတယ်။ ပစ်လည်းပစ်ကြတယ်။ စက်ချို့ယွင်းတာလား၊ ဘာကြောင့်ပျက်ကျသွားလဲဆိုတာလဲ သဲသဲကွဲကွဲတော့ မသိရနိုင်ဘူး။ အားလုံး ပူးပေါင်းလုပ်‌ဆောင်မှုရဲ့ ရလဒ်ပါ” 

ပုလဲမြို့နယ်တွင်ပျက်ကျသွားသည့် တိုက်လေယာဉ်သည် မကွေးလေတပ်မှ   Hunter 77 ဟုခေါ်သည့် F-7 အမျိုးအစားဖြစ်သည်ဟု  CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။ 

“လေသူရဲ တစ်ဦးတည်းမောင်းလို့ရတဲ့ တိုက်လေယာဉ်အမျိုးအစားဖြစ်တယ်။ လေယာဉ်မှူးက စစ်တပ် အပတ်စဉ် ၅၆ ဗိုလ်ကြီးနေမင်းကျော်လို့ သိရှိထားရပြီး အတည်ပြုဖို့စိစစ်နေဆဲပါ” ဟု ၎င်းကပြောသည်။

အပျက်အစီးအပိုင်းအစတချို့မှတ်တမ်းဓာတ်ပုံများအရ ထိုလေယာဉ်မှာ တရုတ်ထုတ် F-7 အမျိုးအစား ဖြစ်နိုင်ကြောင်း စစ်လက်နက်ပစ္စည်းများအကြောင်း ရေးသားနေသည့် Tactical Raptor Facebook စာမျက်နှာတွင် ဖော်ပြထားသည်။အပျက်အစီးအစိတ်အပိုင်းများတွင် မြင်ရသည့် Camo အရောင်ကြောင့်  F-7 ဖြစ်ရန် ရာခိုင်နှုန်း များ ကြောင်း၊ K-8W, FTC-2000G ဆိုပါက MAF မိုးပြာရောင်ကို  တွေ့ မြင်ရမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

ပျက်စီးလေယာဉ်အပိုင်းအစတစ်ခုနှင့် F-7 လေယာဉ်တစ်စီး။

ပျက်ကျလေယာဉ်သည် F-7 အမျိုးအစားဖြစ်နိုင်ပြီး F-7 ကို ဝေဟင် ကြားဖြတ်တိုက်ခိုက်ရေးအတွက် အသုံးပြုရမည်ဖြစ်သော်လည်း စစ်ကောင်စီက မြေပြင်ဗုံးကြဲရေးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်ဟု လေကြောင်းတိုက်ခိုက်မှုများကို စောင့်ကြည့်နေသည့် Nationwide Air Scout အဖွဲ့ ကလည်း ပြောသည်။ 

“F-7 M က မ​ကွေး​လေတပ်စခန်းဌာနချုပ် အမှတ် (၆၁)အုပ်ကြားဖြတ်တိုက်ခိုက်​ရေးအုပ်စုက လေယာဉ် ဖြစ်ပြီး ကြားဖြတ်တိုက်ခိုက်​ရေး Interceptor ပါ။  Air to Air (တိုက်ခိုက်ရေးလေယာဉ်အမျိုးအစား) ပါ။ အခုက Air to Ground အတွက်ပါ စစ်ကောင်စီက သုံး​နေ​တယ်။ ​နောက်ပြီး F-7, A-5 ဆိုတာ​တွေက ပြတိုက် ပို့ရ​တော့မယ့် အို​ဟောင်း​နေတဲ့အမျိုးစား​တွေပါ” ဟု NAS အဖွဲ့ တည်ထောင်သူ ကို Ki က ဆိုသည်။  

တိုက်လေယာဉ်ပျက်ကျခဲ့သည့် ညနေပိုင်းတွင် ပုလဲနယ်၊ အင်မထီးရွာမှ စစ်ကြောင်းတစ်ခု ထွက်လာသည်၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ကိုင်းတွင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ထိုစစ်ကြောင်း နောက်ပြန်ဆုတ်သွားသည်ဟု သိရသည်။ 

စစ်လေယာဉ်များ အသုံးပြုနိုင်ခြင်းမှာ စစ်ကောင်စီတပ်၏ အားသာချက်ဖြစ်သည်။

ဇွန် ၇ နှင့် ၈ ရက်နေ့က လေတပ်တိုက်ခိုက်မှုကြောင့် ပုလဲနယ် မင်းတိုင်ပင်နှင့် ကြက်ရင်းကျေးရွာများတွင် အရပ်သား ၃ ဦး သေဆုံး၊ ၁၂ ဦးခန့် ဒဏ်ရာရသွားသလို  စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။  

တော်လှန်ရေးတပ်ဖွဲ့များက စစ်လေယာဉ်များကို တိုက်ခိုက်ခဲ့ရာတွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က အများဆုံးပစ်ချနိုင်ခဲ့ပြီး နွေဦးတော်လှန်ရေးအားကောင်းရာ နိုင်ငံအလယ်ပိုင်းတွင်မူ ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့သည်။ 

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး နိုင်ငံရေး အဖွဲ့ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ အသစ်ပြန်ဖွဲ့စည်းလိုက်သော လက်နက်ကိုင်အဖွဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) လည်း အာဏာရှင်ပြုတ်ကျရေး တော်လှန်တိုက်ပွဲများတွင် ပါဝင်လာသည်။

PLA ၏ တပ်ဖွဲ့စည်းပုံတွင် စစ်ကိုင်းတိုင်းကို အမှတ် (၁) စစ်ဒေသ၊ တနင်္သာရီတိုင်းကို အမှတ် (၈) စစ်ဒေသ၊ MNDAA ထိန်းချုပ်နယ်မြေတွင် အမှတ် (၉) စစ်ဒေသ၊ TNLA ထိန်းချုပ်နယ်မြေတွင် အမှတ် (၂) စစ်ဒေသ ဟူ၍ ဖွဲ့စည်း၍ စစ်ကောင်စီကို တော်လှန်နေသည်။

ပုလဲနယ်အတွင်း စစ်ကောင်စီခြေကုပ်ယူထားသည့် နေရာများကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် မဟာမိတ်အဖွဲ့က ၂၀၂၄ နိုဝင်ဘာ ၁၁ ရက် နံနက်စပြီး ၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားရာမှ ယခုနှစ် ဇွန်၂ ရက်မှ စတင်၍ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာသည်။

Related Articles

Back to top button