သတင်း

မန္တလေးတိုင်း ၃ မြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများပြင်းထန်နေသော မတ္တရာနယ်မြေကိုသာမက ကပ်လျက် စဉ့်ကူးမြို့နယ်၊ နွားထိုးကြီးမြို့နယ် များကို လေတပ်က ပစ်မှတ်ထားတိုက်ခိုက်နေသည်။

မန္တလေးတိုင်း၊ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ် ခဲ့၍ ရှေးဟောင်းဘုရားစေတီ အဆောက်အဦများ ပျက်စီးကာ လူအသေအဆုံးအထိအခိုက်များလည်းရှိ ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 နွားထိုးကြီး၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်းအရှိန် မြှင့်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ယနေ့ (ဇွန် ၂၄) နံနက်အစောက မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်း တည်ထားကိုး ကွယ်သည့် ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူဖြစ်သော  ရှင်မင်သာထွန်းဦးဘုရားကို တိုက်ခိုက်ရေး လေယာဉ်တစ်စီးက ဗုံး ၂ လုံးကြဲချခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားစေတီအပါအဝင် ဘုရားပရဝုဏ်အတွင်းရှိ အဆောက်အဦအများ အပြား ပြိုကျပျက်စီးခဲ့ရသည်ဟု နွားထိုးကြီးမြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

နွားထိုးကြီးမြို့နယ်အတွင်း ယခုလမှစ၍ တိုက်ပွဲများဖြစ်ပွားနေခြင်းမရှိဘဲ လေတပ်က အကြောင်းမဲ့ တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“နွားထိုးကြီးမှာ တိုက်ပွဲမဖြစ်တာ တစ်လကျော်လောက်ရှိသွားပြီ။ ဒီဘုရားအနီးမှာ တိုက်ပွဲဖြစ်ပွားနေခြင်း လည်း မရှိဘူး။ အရင်ကလည်း တပ်စွဲထားတာမျိုးတွေလည်းမရှိဘူး။ ဒါကိုပဲ ဗုံးလာကြဲသွားတာ”ဟု ၎င်းက ဆက်ပြောသည်။

နွားထိုးကြီးမြို့နယ်သည် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီပုထိုးများ အလွန်ပေါများသည့်မြို့နယ် ဖြစ် သည်ဟု သိရပြီး ယခုဗုံးကြဲခံရသည့် ရှေးဟောင်းသမိုင်းဝင် ရှင်မင်သာထွန်းဦးဘုရားသည် နွားထိုးကြီး မြို့သူမြို့သားများ အဓိကအားထားကိုးကွယ်သည့် တန်ခိုးကြီး ဘုရားစေတီတစ်ဆူဖြစ်သည်ဟု ဒေသခံ များထံက သိရသည်။

“ဒါက တစ်မြို့နယ်လုံးရဲ့ အကြီးဆုံးဘုရားလည်းဖြစ်တယ်။ တစ်မြို့လုံးကိုးကွယ်ကြတဲ့ဘုရားပါ”

“ဒီလိုတွေ သူတို့ပဲဖျက်ဆီးနေကြတာ။ ရွာတွေလည်း မီးတွေရှို့… ပြီးတော့ ဘာသာရေးမှိုင်းတွေတိုက်၊အမျိုးဘာသာသာသနာ ခေါင်းစဉ်တပ်နေကြတာ အံ့ဩမိပါတယ်။ စစ်အုပ်စုအာဏာသိမ်းလိုက်တာ တိုင်းပြည်ကတော့ ကုန်းကောက်စရာမရှိအောင် ပျက်စီးသွားပါပြီ”ဟု အထက်ပါ နွားထိုးကြီးမြို့ခံ အမျိုးသားက ဆိုသည်။

နွားထိုးကြီးမြို့နယ် ဘုရားအနီး ဗုံးကျရောက်ပေါက်ကွဲသောနေရာတစ်ခု။(ဓာတ်ပုံ-ပေးပို့)


စစ်ကောင်စီသည် နွားထိုးကြီးမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်နေသကဲ့သို့ မန္တလေးမြို့၏မြောက်ဘက် မတ္တရာ နှင့်စဉ့်ကူးမြို့နယ်တို့ကိုလည်း ယခုရက်ပိုင်းအတွင်း လေကြောင်းအရှိန်မြှင့်တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဇွန် ၂၂ ရက်နေ့ ညပိုင်းက မတ္တရာမြို့နယ်နှင့်စဉ့်ကူးမြို့နယ်အကြားရှိ ယက်ကန်းစင်းတောင် ကျေးရွာအနီးတည်ရှိသော  မေတ္တာနန္ဒ အမည်ရှိ ဒေသန္တရဆေးရုံဗုံးကြဲတိုက်ခိုက်ခံရသည်၊ အသက် ၃၀ အရွယ် မီးနေသည်အမျိုးသမီး သေဆုံးပြီး၊ မွေးကင်းစကလေးများအပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

ယင်းနေ့ ညနေ ၆ နာရီခန့်တွင်လည်း စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာကို လေတပ်က လာရောက်ဗုံးကြဲခဲ့ သည်။ “အထိအခိုက်များမယ်ထင်တယ်။ လူနာတင်ယာဉ်တွေ အများကြီး အဲဒီဖက်ကိုသွားတယ်”ဟု စဉ့်ကူး ဒေသခံ အမျိုးသမီးတစ်ဦးကယမန်နေ့ညနေက ပြောသည်။

စဉ့်ကူးမြို့၏တောင်ဘက်ကပ်လျှက်တည်ရှိသော မတ္တရာမြို့နယ်အတွင်း ယမန်နေ့ည ၁၀ နာရီကျော်တွင် လေတပ်က ဗုံးကြဲခဲ့ပြီး မတ္တရာမြောက်ခြမ်း ဥက္ကံဘုန်းကြီးကျောင်းအနီးတဝိုက်သို့ ဗုံးများကျရောက်ကာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု မတ္တရာမြို့အခြေအနေများကို ကင်းထောက် ဖော်ပြနေသည့် Voice Of Mandalay(Vomdy)အဖွဲ့က Myanmar Now ကို ပြောသည်။

မတ္တရာမြို့နယ်အတွင်း ယခုလဆန်းမှစ၍ တိုက်ပွဲများပြန်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီလေတပ်က လည်း တိုက်ခိုက်မှု အရှိန်မြှင့်နေသည်။

မတ္တရာမြို့၏အရှေ့တောင်ဘက် ၆ မိုင်ခွဲအကွာက ထန်းပင်ကုန်း၊ ဘိုကုန်း၊ ကင်း စသော ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားနေရာ တိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF)သတင်းတာဝန်ခံကိုအော်စမွန်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

တိုက်ပွဲပြင်းထန်နေသည့် မတ္တရာကိုသာမက စစ်ကောင်စီသည် မန္တလေးတိုင်းအတွင်း တိုက်ပွဲ မဖြစ်ပွား သည့် နွားထိုးကြီး၊ စဉ့်ကူးမြို့နယ်ကိုပါ ယခုရက်ပိုင်းအတွင်း လေကြောင်းဖြင့်အပြင်းအထန်တိုက်ခိုက်နေ သည်။

မန္တလေးတိုင်းအတွင်း သပိတ်ကျင်း၊ တကောင်းနှင့် စဉ့်ကူးမြို့နယ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များက သိမ်းပိုက်ထားပြီး မတ္တရာအရှေ့ခြမ်းအထိ နယ်မြေစိုးမိုးထားကာ မိုးကုတ်မြို့နယ်ကိုမူ တအာင်းတပ် (TNLA) က သိမ်းယူထားသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့လက်လွှတ်လိုက်ရသောနယ်မြေများကို ပြန်ရယူနိုင်ရေးအတွက် မြေပြင် စစ်ကြောင်းထိုးမှုများကို နိုင်ငံအလယ်ပိုင်းတွင် ပြုလုပ်လာသလို ရှမ်းမြောက်ဝင်ပေါက်ဖြစ်သော နောင်ချို မြို့နယ်အတွင်း တွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော အချက်အလက် များအရ စစ်ကောင်စီလက်ချက်ကြောင့် ဇွန် ၁ ရက်မှ ၂၀ ရက်နေ့အထိ ၃၆ ဦး သေဆုံးခဲ့သည်၊  ထိုအထဲမှ ၁၆ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။

Related Articles

Back to top button