သတင်း

မင်းကွန်းတွင် စစ်တပ်စခန်းသိမ်းခံရ၊ လေကြောင်းပစ်ကူကြောင့် လူငယ် ၂ ဦး သေဆုံး

စစ်ရေးပြင်းထန်နေသည့် မင်းကွန်းဒေသတွင် စစ်ကောင်စီစခန်းကုန်းတစ်ခုကို တော်လှန်ရေးတပ်များက သိမ်းနိုင်ခဲ့ပြီး အရာရှိတစ်ဦး သေဆုံးကာ စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်း တစ်ခုကို ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုများကြောင့် လူငယ် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု  စစ်ရေးရင်းမြစ် များနှင့်ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်၂၇ ရက်နေ့တွင် မင်းကွန်းကျေးရွာ၏အနောက်တောင်ဘက်တွင် အင်အား ၂၀ ဝန်းကျင် ရှိသော စစ်ကောင်စီတပ်၏ နဂါးပတ်တောင်စခန်းကုန်းကို မင်းကွန်းအခြေစိုက်တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

“နဂါးပတ်တောင်နဲ့ မယ်တော်ကြီးဘုရားမှာ အထိုင်ချတပ်စွဲထားတာကို တော်လှန်ရေးအဖွဲ့တွေ လာတိုက် တယ်။ စကစဘက်က ၅ယောက် သေတယ်။ ၄ ယောက်ကို ဖမ်းခေါ်သွားတယ်”ဟု မင်းကွန်းဒေသခံ စစ်ရှောင်တစ်ဦးက Myanmar Now ကို ပြောသည်။

ထိုစခန်းကုန်းတွင် စစ်ကောင်စီတပ်က အာဏာမသိမ်းမီနှစ်များကတည်းက အခြေချတပ်စွဲထားခြင်းဖြစ် သည်ဟု ဒေသခံများထံက သိရသည်။ 

နောက်တစ်နေ့ (ဇွန် ၂၈)တွင်လည်း မင်းကွန်းကျေးရွာ မြသိန်းတန်ဘုရားတွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိကာ စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်း များလည်းရရှိသည်၊ ထိုနေ့တွင် စစ်တပ်က လေကြောင်းပစ်ကူခဲ့သည်ဟု သတင်းကြားရကြောင်း အထက်ပါ စစ်ရှောင်အမျိုးသားက ဆက်ပြောသည်။

“၂၈ ရက်နေ့မှာလည်း မြသိန်းတန်က သူတို့ (စစ်တပ်) စခန်းကို ဝင်စီးတယ်။ လေး ငါးယောက် သေတယ်။ လက်နက်တွေ ရတယ်။ အဲ့ဒီမှာ စကစတွေကလေကြောင်းပစ်ကူတောင်းလို့ ရဟတ်ယာဉ်တွေနဲ့ လာပစ် ပေးတယ်။ အဲဒီမှာ ဒေသခံတွေလည်းထိတယ်”

မင်းကွန်းကျေးရွာမှ အသက်၂၀ ဝန်းကျင်အရွယ် လူငယ် ၂ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

“မင်းကွန်းသား ကလေးတွေပါတယ်။ ရှားရောင်းနဲ့ကင်းရွာဖက်က ကလေးတွေရော လေယာဉ်ပစ်လို့ ထိကုန်တာ။ တစ်ယောက်က အလောင်းကြေမွသွားသတဲ့”

အဆိုပါလူငယ်များနှင့်ပတ်သက်ပြီး အမည်၊ ထိခိုက်မှုအခြေအနေ အသေးစိတ်မသိရသေးဘဲ ဒေသ ကာကွယ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသည်ဟု ပြောဆိုကြသော်လည်း သီးခြားအတည်ပြုချက်မရပေ။ 

မင်းကွန်းကျေးရွာနှင့်အနီးတဝိုက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ  ပြည်သူ့ကာကွယ် ရေးအဖွဲ့များဖြစ်သော မင်းကွန်းတိုက်နယ်ပကဖ၊ မတ္တရာမြို့နယ်(ပကဖ) ၊ ချမ်းမြသာစည်မြို့နယ်ပကဖ၊  စစ်ကိုင်းမြို့နယ်ပကဖနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ကိုင်းခရိုင် အမှတ် (၁) နှင့် (၂) တပ်ရင်းများ၊  ဒေသအခြေစိုက်အဖွဲ့များဖြစ်သော Generation Z Power(GZP)၊ People servant Force၊ ရတနာပုံတပ်ဦးLPDF၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တို့ အခြေစိုက်လှုပ်ရှားသည်။

အထိနာသည့် စစ်ကြောင်းက ရွာကိုမီးရှို့

ဇွန် ၁၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့၏မြောက်ဘက် မင်းကွန်းကျေးရွာအနီး တွင် စစ်ကြောင်းတစ်ကြောင်း ၊ စစ်ကိုင်းမြို့၏တောင်ဘက် စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ အုန်းတောရွာ အနီးတွင် စစ်ကြောင်းတစ်ကြောင်းဖြင့် ကျေးရွာများကို စီးနင်းနေရာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲ များဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းစစ်ရေးရင်းမြစ်များက ပြောကြသည်။ 

တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုများရှိသောကြောင့် မင်းကွန်းကျေးရွာအနီး စစ်ကြောင်း ထိုးနေသည့်တပ်မှာ မင်းကွန်းရွာအထိုင်စခန်းများဘက်သို့ ဇွန် ၂၇ ရက်နေ့က ပြန်ဆုတ်သွားစဉ်  မင်းကွန်းရွာတောင်ဘက် မင်းကွန်းတောင်ရွာအမည်ရှိ ကျေးရွာတွင် အိမ်ခြေ ၇၀ ခန့်ကို မီးရှို့သွားကြောင်း မင်းကွန်းအခြေစိုက်လှုပ်ရှားသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မင်းကွန်းတောင်ရွာမီးရှို့ခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ဇွန်၂၇ ရက်နေ့က စစ်တပ်စခန်းကုန်းတစ်ခုကို သွားရောက်တိုက်ခိုက်နိုင်ခဲ့ပြီး အရာရှိတစ်ဦးအသေပစ် ခတ်နိုင်ခဲ့ကာ စစ်သုံ့ပန်းနှင့်လက်နက်များရရှိသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။

“နဂါးပတ်ကျောင်းဝန်းထဲမှာတပ်စွဲထားတဲ့ စကစတွေကိုဝင်ရောက်တိုက်ခိုက်တာ လက်နက်က ၈ လက် လောက် ရတယ်။ ဗိုလ်မှူးသန့်စင်အောင်ဆိုတဲ့လူကို အသေရတယ်။ စစ်သုံ့ပန်းတွေလည်းဖမ်းမိတယ်”ဟု ၎င်းက ပြောသည်။

“စစ်သုံ့ပန်းတွေက ပေါ်တာဆွဲခံရတဲ့လူငယ်တွေလို့ သိရတယ်ခင်ဗျ။ သူတို့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ကျွန်တော်တို့ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်” 

မင်းကွန်းတွင် စစ်ရေးပြင်းထန်နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ၃ လနီးပါးရှိပြီ ဖြစ်ကြောင်း အသက် ၃၀ အရွယ် မင်းကွန်းဒေသခံအမျိုးသား နောက်တစ်ဦးကလည်း ဇွန် ၂၈ ရက်နေ့က ပြောသည်။ 

“မင်းကွန်းမှာက ထိတွေ့တိုက်ပွဲကနေ့တိုင်းလိုလိုဖြစ်နေတယ်။ စစ်ကြောင်းကလည်း မင်းကွန်းကနေ မြောက်ဘက်ကို ထိုးနေတာပေါ့နော်။ ၃ လကျော်လောက်ရှိပြီ…ပြည်သူတွေက ပြေးနေရတာ။ မပြေးနိုင်တဲ့ ပြည်သူတွေတော့ကျန်တယ်ပေါ့။ အဲဒါလည်း တဲထိုးနေကြရတယ်။ မနေ့ (ဇွန် ၂၇) ကလည်း မီးရှို့သွားတယ်”ဟု ၎င်းက ဆိုသည်၊

“တော်လှန်ရေးအင်အားစုတွေက ခုခံနေတဲ့အနေအထားမှာရှိတော့ သူတို့စစ်ရေးရည်မှန်းချက်ကို ဖြစ်အောင်တော့ မသွားနိုင်သေးဘူးပေါ့။ မင်းကွန်းအရှေ့ဖက်ခြမ်းဆိုရင် အုန်းတော ၆၀၀၅ တပ် (တင့်ကား တပ်ရင်း) ထဲကနေ ဟောင်ဝှစ်ဇာနဲ့လှမ်းထုပြီး မင်းကွန်းကိုစစ်ကြောင်းထိုးတက်လာတာပေါ့နော်။ ရှားရောင်း ၊ ကင်းရွာ၊ ချောင်းမကြီး ၃ ရွာလောက်ကိုပဲ သူတို့ရောက်နေတဲ့အနေအထားရှိသေးတယ်”

ဇွန် ၁၁ ရက်မှစတင်ကာ စစ်ကြောင်းဝင်နေသည့် မင်းကွန်းဒေသတွင် ဘုန်းကြီး ၁ ပါးအပါအဝင် ဒေသခံ ၅ ဦး သတ်ဖြတ်ခံထားရသည်။

ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာလက်ရာများ ကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပ ခရီးသွားများအကြား နာမည်ကျော်သည်။

စစ်တပ် အာဏာသိမ်းပြီး၂၀၂၂ခုနှစ်နောက်ပိုင်းမှစကာ မင်းကွန်းဒေသ၏နာမည်ကျော် ပုထိုးတော်ကြီးနှင့် မြသိန်းတန်စေတီအနီး တပ်စွဲကာ ဒေသခံများကို ဖမ်းဆီးနှိပ်စက်လေ့ရှိသည့်စစ်ကောင်စီနှင့်တော်လှန်ရေး အဖွဲ့တို့အကြား ထိတွေ့မှုများမကြာခဏရှိနေ၍  မင်းကွန်းဒေသသည် ခရီးသွားဧည့်များမလာရောက်တော့ ဘဲ ဧည့်များကို မှီတင်း၍ စားဝတ်နေရေးဖြေရှင်းရသောဒေသခံတို့သည် အလုံးအရင်းဖြင့်စစ်ဘေးတိမ်း ရှောင်နေရသည်။

မတ်၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး ဦးတည်ကာလှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇အဆင့်ရှိ မြေငလျင်ဒဏ် ကြောင့် အထိအခိုက်များခဲ့သည့်မန္တလေးနည်းတူ စစ်ကိုင်းမြို့မင်းကွန်းကျေးရွာသည်လည်း ငလျင်ဒဏ် အကြီးအကျယ်ခံစားခဲ့ရသည်။

ယခုအခါ အဆိုပါငလျင်ဘေးသင့်ဒေသကို စစ်ကောင်စီ၏စစ်ကြောင်းထိုးရန်ရှာမှုများကြောင့်‌ ဒေသခံ များ သည် ငလျင်ဘေးအပြင် စစ်ဘေးကိုပါ အကြီးအကျယ်ခံစားနေရသည်။

Related Articles

Back to top button