ကမ္ဘာကျော် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ပြီးခဲ့သည့် မေလကုန်ပိုင်းမှ စတင်ကာ ယနေ့အထိ လက်သည် မပေါ်ဘဲ လုတ်ကြံသတ်ဖြတ်ခံရသည့် ဒေသခံအရေအတွက်မှာ ၁၁ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့က ဖားကန့်မြို့ လုံးခင်းကျေးရွာသုသာန်အနီး ဒေသခံ အမျိုးသားတစ်ဦး ဦးခေါင်းတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသူမှာ ကျောက်အရောင်းအဝယ်သမားတစ်ဦး ဖြစ်နိုင်ကြောင်းနှင့် ၎င်းထံတွင် ငွေကြေးတချို့နှင့် အတူ လက်ကိုင်ဖုန်း၊ လက်စွပ်တို့ကို့လည်း တွေ့ရကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
“သေတဲ့သူက ရန်ငြိုးထားခံရတာဖြစ်နိုင်တယ်၊ သူက တခြားသူတွေလို အိမ်ခြေရာမဲ့မဟုတ်ဘူး၊ ကျောက် သမားတစ်ယောက်ဖြစ်ဖို့များတယ်။ ဘာလို့လည်ဆိုတော့ သူ့ဆီမှာပိုင်ဆိုင်မှုတွေပါတယ်ေလ၊ ဒါတွေ ကြည့်လိုက်ရင် ဆေးသမားတို့ အိမ်ခြေရာမဲ့တို့ မဟုတ်ဘူးဆိုတာ သေချာတယ်” ဟု အဆိုပါ အမျိုးသား က ဆက်ပြောသည်။
“ခေါင်းကို တည်ပစ်ထားတာ၊ သေနတ်နဲ့ပစ်တာ တစ်ချက်တည်းလို့ထင်တယ် တစ်နေရာပဲ ပွင့်နေတာ”
သေဆုံးသူ၏ အမည်၊ အသက်နှင့် အသေးစိတ်အချက်အလက်တို့ကို မသိရသေးဘဲ ဒေသခံများ စုပေါင်း ကာ လူမှုကူညီရေးအသင်းများထံ အကူအညီတောင်းကာ နာရေးစီစဉ်ခဲ့သည်ဟု သိရသည်။

မေလကုန်ခန့်က ဖားကန့်မြို့ကို စစ်ကောင်စီစစ်ကြောင်းတစ်ခုရောက်လာပြီးနောက် ဖားကန့်မြို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသလို အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ဒေသခံ အရေအတွက် လည်း များပြားလာသည်။
မေ ၂၇ ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီတပ်လက်ချက်ကြောင့် အရပ်သား ၂၅ ဦးခန့်လည်း သေဆုံးခဲ့ရ သည်ဟု မြို့ခံများထံက သိရသည်။
ဖားကန့်မြို့ပေါ်တွင် လှည့်လည်သွားလာနေသည့် အိမ်ခြေယာမဲ့များ၊ မူးယစ်ဆေးစွဲနေသူများနှင့် ဒေသခံ တချို့မှာ အမည်မသိသေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်မှု မကြာခဏခံနေရပြီး မည်သူမည်ဝါ လက်ချက်မသိရပေ။
ဖားကန့်မြို့တွင်း လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရမှု အများစုမှာ စစ်ကောင်စီလက်ချက်ကြောင့် ဖြစ်နိုင် ကြောင်း ဖားကန့်ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်ရက် အတွင်း Myanmar Now ကို ပြောသည်။
ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ် KIA နှင့် KPDF များကို ပြည်သူများ အထင်အမြင်လွဲစေရန် စစ်ကောင်စီက ပုံမှားရိုက်ခြင်းမျိုးလည်း ဖြစ်နိုင်သည်ဟု ၎င်းက ယူဆသည်။
“လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းက အကိုတို့လိုပေါ့ သူ့တပ်စိတ်နဲ့ သူဟာနဲ့သူနေတာ၊ အပြင်ထွက်ပြီး အဲဒီလိုလျှောက်လုပ်တဲ့ဟာမရှိဘူး၊ (စစ်ကောင်စီ)ဒီကောင်တွေက အပြင်အဝတ်အစားတွေနဲ့… .သေချာ သလောက်ရှိပါတယ် သူတို့လုပ်တဲ့ဟာတွေ” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။
ဖားကန့်ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက တော်လှန်ရေးစစ်ပွဲများကို ဒေသခံများ ထောက်ခံမှုလျော့နည်းလာစေရန်နှင့် စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံလာစေရန် လူထုကို အကြောက်တရား သွင်းနေခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သည်။
“ဒေသတွင်းတည်ငြိမ်မှုပျက်ပြားအောင်လုပ်တယ်၊ ပြီးတော့ တော်လှန်းရေးစစ်ပွဲတွေနဲ့ ပတ်သက်ပြီးတော့ လူတွေက စစ်ကို အကြောက်တရားဝင်အောင် သက်သက်မဲ့ လုပ်တယ်လို့ပဲ ယူဆတယ်”
KIA နှင့် ပူးပေါင်းတပ်များက ဖားကန့်မြို့ အဝင်အထွက် လမ်းမများနှင့် မြို့ပတ်ဝန်းကျင်ရှိ စစ်တပ် စခန်း ကုန်းများနှင့် ကျေးရွာအများစုကို ယခုနှစ်ဆန်းပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။
ဖားကန့်မြို့ပေါ်နှင့် ကျေးရွာအချို့ကိုသာ ထိန်းချုပ်ထားနိုင်သည့် စစ်ကောင်စီတပ်က KIA ထံ လက်လွှတ် ခဲ့ရသည့် စခန်းကုန်းနှင့် ကျေးရွာများ ကျောက်စိမ်းလုပ်ကွက်များကို ပြန်ထိန်းချုပ်ရန် မေလ ကုန်တွင် စစ်ကူစစ်ကြောင်းပို့ဆောင်ခဲ့သည်။
အဆိုပါ စစ်ကြောင်း ရောက်ရှိလာပြီးနောက် ဖားကန့်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသခံများလည်း မကြာခဏလုပ်ကြံသတ်ဖြတ်ခံလာရသည်။
ထို့ပြင် ဒေသအခြေစိုက်သတင်းဌာနများ၏ အချက်အလက်များအရ ဖားကန့်မြို့တွင်း လှည့်လည် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သတ်ဖြတ်မှုကြောင့် သေဆုံးသူ ဒေသခံ အရေအတွက် မှာလည်း ယနေ့အထိ ၁၆ ဦးအထိ ရှိနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် မီးရှို့ဖျက်ဆီးမှုကြောင့် သေဆုံးသူအရေအတွက်မှာလည်း ၁၁ ဦးအထိရှိလာသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက ဖားကန့်မြို့ရှိ အမြင့်ဆုံးစခန်းကုန်းများထဲမှ တစ်ခုဖြစ်သည့် လမောင်ကုန်း ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ကြိုးစားလာသည့်အတွက် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံများလည်း တိမ်းရှောင်ခဲ့ရသည်။
ယနေ့နံနက်မှာ ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းများလှုပ်ရှားမှုမတွ့ရသေးသလို တိုက်ပွဲဖြစ်ပွားသံ များ ငြိမ်သက်နေသောကြောင့် မြို့ပေါ်တွင်လည်း ပုံမှန်အတိုင်းပင် သွားလာလှုပ်ရှားနေကြသည်ဟု ဒေသခံများက ပြောသည်။



