စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်သို့ ဇွန် ၁၂ တွင် ထောင်ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် ဦးခေါင်းကို သံတုတ်ဖြင့် ရိုက်နှက်ခံခဲ့ရပြီး နဖူးကွဲသည့် ဒဏ်ရာရရှိထားသူ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်အာဏာပိုင်များက ပြစ်ဒဏ်တိုက်တွင် ထားရှိပြီး ဆေးကုသ ခွင့် ပိတ်ပင်ထားသည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ (ဇူလိုင် ၁) က ထုတ်ပြန်ထားသည်။
ဇွန် ၁၂ တွင် မုံရွာအကျဉ်းထောင်မှ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၂၀၀ နီးပါး မန္တလေး အိုးဘိုထောင်သို့ ထောင်ပြောင်းဖြင့် ရောက်ရှိလာခဲ့ ပြီး ထောင်အဝင်တွင် ရိုက်နှက် နှိပ်စက်ခဲ့သည်၊ ကိုဝေမိုးနိုင်ကို ဦးတည်ပြီး ထောင်အာဏာပိုင် တစ်ဦးက ရိုက်နှက်ရာ နဖူးပွဲသည့် ဒဏ်ရာရှိသွားခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုရိုက်နှက်မှုကြောင့် ကိုဝေမိုးနိုင်မှာ သွေးထွက်လွန်ကာ သတိမေ့သွားခဲ့ပြီး ထောင်တွင်း ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိဘဲ ပြစ်ဒဏ်တိုက်သို့ ပို့ဆောင်ကာ ပါဆယ်နှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်များ ကန့်သတ်ထားခဲ့ပြီး ခြေကျင်းခတ်ကာ သီးခြားတိုက်တွင်တိုက်ပိတ် ပြစ်ဒဏ်ပေးထားခဲ့သည်ဟု PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက Myanamr Now ကို ပြောသည်။
“ ကိုဝေမိုးနိုင်ရဲ့ ဦးခေါင်းပေါက်ပြဲဒဏ်ရာက ၁၂ ချက်ချုပ်ထားရတယ်လို့လည်းသိရှိထားရတယ်။ ထောင်ဆေးရုံရော ပြင်ပဆေးရုံကိုရော မပို့ခဲ့တဲ့အတွက် အဲဒီ ဦးခေါင်းကို ၁၂ ချက်လောက် ချုပ်ရတယ်ဆိုတာ ဘယ်လောက် မှန်ကန်မှုရှိသလည်းဆိုတာကိုတော့ ကျွန်တော်တို့ ဆက်ပြီး အတည်ပြုနေဆဲပါ” ဟု ၎င်းက ပြောသည်။
ကိုဝေမိုးနိုင်ကို အဓိက ပစ်မှတ်ထားပြီး ထောင်အရာရှိများက ဦးဆောင်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်၊ ဦးခေါင်းတွင် ပြင်းထန်သည့် ဒဏ်ရာရှိသွားသော်လည်း ဆေးရုံတက်ရောက်ခွင့်၊ ဆေးဝါးကုသခွင့် မပြုသည့် အပေါ် စိုးရိမ်မိသည်ဟု ၎င်းက ဆက်ပြောသည်။
“ကိုဝေမိုးနိုင်ကိုက ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ ထောင်အဝင်မှာကတည်းက မင်းလားကွ မုံရွာ သပိတ် ခေါင်းဆောင် ဝေမိုးနိုင်ဆိုတာ ဆိုတဲ့ စကားရပ်တွေကို ကျယ်ကျယ်လောင်လောင်ပြော ပြီး ရိုက်နှက်ခဲ့တာဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူသိများသည့် စစ်ကိုင်းတိုင်း ၊ မုံရွာလူထုသပိတ်ခါင်းဆောင် ကိုဝေမိုးနိုင်ကို ၂၀၂၁ ၊ ဧပြီ ၁၅ တွင် စစ်အာဏာရှင် ဆန့်ကျင့်ရေး သပိတ်စစ် ကြောင်းကို ဆိုင်ကယ်ဖြင့် လှည့်လည် ဆန္ဒပြနေစဉ် မုံရွာမြို့တွင် စစ်တပ်က အိမ်စီးကားဖြင့် တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ကိုဝေမိုးနိုင်ကို ရာဇသတ်ပြီး ပုဒ်မ ၅၀၅ (က) အမှု ၆ မှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ – ၁၂၂ ၊ လူသတ်မှု – ပုဒ်မ ၃၀၂ ၊ လူသတ်ရန် ရည်ရွယ်ကာ သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄ ၊စစ်တပ် ကြည်း၊ ရေ၊ လေ အရာရှိတစ်ဦးဦးကို ပုန်ကန်မှု ပုဒ်မ ၅၀၅(က) စွဲချက်တို့အတွက် ထောင်ဒဏ် ၇၄ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။
စစ်ကောင်စီက ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အငြိုးကြီးစွာ တရား လက်လွတ် ပြုမူ နေခြင်းဖြစ်ပြီး မုံရွာ လူထု သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ချမှတ်ခံထားရသည့် ပုဒ်မများမှာ မတရား အမှုဆင်ကာ ချမှတ်ခံထားရခြင်းသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရေးအသင်း (AAPP) က ၂၀၂၄ မတ်လ တွင် ထုတ်ပြန်ထားသည်။



