မူးယစ်ဆေးဝါးထိန်းချုပ်ရန်ဟုဆိုကာ ၎င်းတို့ထိန်းချုပ်နယ်မြေများတွင်ရှိသည့် KTV ဆိုင်များနှင့် Bar များကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းရန် ကချင်လက်နက်ကိုင်တပ် KIO အဖွဲ့က ဇွန်လ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
KTV, Bar နှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင် မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖြန်ဖြူးခြင်း၊ လူငယ်များ အလွန်အကျွံသုံးစွဲခြင်းတို့ကို ထိန်းချုပ်ရန် ယခုလို ညွှန်ကြားခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်လပ်ရေးတပ်(KIO/KIA) ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“Bar တွေပိတ်တာကတော့ ကျွန်တော်တို့ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာတွေများတယ်၊ နောက် လူငယ်တွေဘဝကို ဖျက်ဆီးတာများနေတာ၊ ဒါကြောင့် ကျွန်တော်တို့ KIO ထိန်းချုပ်တဲ့ နယ်မြေမှာ KTV တွေ Bar တွေ Night Club တွေကို၊ ပျော်ပါးတဲ့နေရာတွေကိုပိတ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထို့အပြင် KIO လက်အောက်ရှိ မူးယစ်ဆေးဝါးပပျောက်ရေးကော်မတီ၏ တင်ပြချက်အရ KTV များတွင် အမျိုးသား၊ အမျိုးသမီးများစုဖွဲ့ပြီး မူးယစ်ဆေးဝါးများကို သုံးစွဲခြင်းကြောင့် လူငယ်များ အကျင့်စာရိတ္တပျက်စီးခြင်းနှင့် အိမ်ထောင်သည်များတွင် အိမ်ထောင်ရေးပြဿနာများ ဖြစ်ပေါ်နေကြောင်း KIO ၏ အမိန့်စာတွင် ဖေါ်ပြထားသည်။
KTV များ Bar များတွင် Happy Water ဟု ခေါ်သည့် စိတ်ရွှင်မြူးစေသည့် ဆေးရေများ၊ K ဟု အလွယ်ခေါ်ဆိုကြသည့် Katamine မူးယစ်ဆေးများကို အလွယ်တကူရရှိနေကြသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“မူးယစ်ဆေးဝါးဆိုတဲ့နေရာမှာ Happy Water တို့ K တို့ နာမည်အမျိုးမျိုးနဲ့ပေါ့ ဆေးခြောက်တို့ အဲဒါမျိုးတွေရှိနေတာ၊ ဒါတွေက Karaoke တို့ Night Club တို့မှာ အဓိက သုံးဆောင်နိုင်တဲ့ အရာတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေလည်း ပျက်စီးတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပိတ်ဖို့ ညွှန်ကြားထားတာ တွေ့ရပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တရုတ်နယ်စပ် လိုင်ဇာတွင်အခြေစိုက်စခန်းရှိသည့် KIA သည်ယမန်နှစ် မတ်လက စတင်သည့် ထိုးစစ်အတွင်း ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။
ယင်းမြို့များတွင်ဖွင့်ထားသည့် KTV နှင့် Bar လည်း ပိတ်သိမ်းရမည်ဟု နားလည်ရသည်။
KIO/KIA သည်၎င်းတို့တစ်ပိုင်းတစ်စ ထိန်းချုပ်ထားသည့် ဖားကန့်မြို့နယ်အတွင်းရှိ KTV နှင့် Bar များလည်း ပိတ်သိမ်းရန် ညွှန်ကြားထားသည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ဖားကန့်မြို့ပေါ်နှင့် လုံးခင်းကျေးရွာဘက်ရှိ KTV များလည်း KIA ၏ ညွှန်ကြားချက်အတိုင်း ဆိုင်များပိတ်သိမ်းနိုင်သည်ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
“စစ်ကောင်စီရှိနေတဲ့ ဖားကန့်မြို့ပေါ်၊ လုံးခင်းမှာဆိုရင်လည်း (စစ်တပ်စခန်း)ယမ်းချက်စခန်းရှိတယ် အဲဒီနေရာတွေကလည်း ညွှန်ကြားချက်ထဲ သက်ရောက်မှုရှိတော့ ပိတ်ကြမှာဗျ မပိတ်ဘဲနဲ့တော့ မနေရဲလောက်ဘူး” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။
“စစ်ကောင်စီဘယ်လောက်ပဲရှိရှိ ဖားကန့်မှာက ဟိုးအရင်ကတည်းက စစ်တပ်ချည်းပဲ အပြည့်အဝ အုပ်ချုပ်ထားတဲ့ အချိန်ကာလတွေတောင်မှပဲ KIA က ညွှန်ကြားချက်ဆိုရင် လိုက်နာကြရတာပဲလေ” ဟု အဆိုပါ အမျိုးသားက ပြောသည်”
Myanmar Now ကမေးမြန်းခွင့်ရခဲ့သည့် ဖားကန့်အချို့ကတော့ မူးယစ်ဆေးဝါးများကြောင့် မကြာခဏ ဓားပြမှုများနှင့် လုယက်မှုများ ဖြစ်ပွားနေသည့် ၎င်းတို့ဒေသအတွက် KIA ၏ ညွှန်ကြားချက်ကို ကြိုဆိုကြောင်း ပြောသည်။
ထို့အပြင် KTV နှင့် Bar များသာမကဘဲ လောင်းကစားရုံများကိုလည်း ပိတ်သိမ်းစေချင်ကြောင်း၊ လောင်းကစားရုံများကြောင့် ဘဝပျက်ကြသည့် ဒေသခံများလည်း များပြားနေကြောင်း ၎င်းတို့က ထောက်ပြကြသည်။
လတ်တလောတွင် ဖားကန့်မြို့အနောက်ဘက်ရှိ KIA ထိန်းချုပ်ထားသည့် ရွာများနှင့် စခန်းကုန်းများကို ပြန်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ကြိုးစားနေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွာနေသည်။
မြို့သိမ်းရန် ကြိုးစားနေသည့် ဗန်းမော်တွင်လည်း ပစ်ခတ်မှုများ ဆက်ရှိနေသလို ဝိုင်းမော်မြို့နယ်တွင်လည်း တိုက်ပွဲအချို့ ဆက်ရှိိနေသည်။



