စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များ အထိုင်ချတပ်စွဲထားသည့် နေရာ ၃ ခုကို ဇွန် ၂၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက်အကျအဆုံးများရှိပြီး လက်နက်ခဲယမ်းတချို့ ရရှိခဲ့သော် လည်း ပြန်ဆုတ်ခွာခဲ့ရကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။
ရွှေဘိုမြို့မှ ၂၆ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေး စစ်တပ်နှင့် ပြည်သူ့စစ် အင်အား ၇၀ နီးပါး အခြေချ နေရာဖြစ်သည့် ဟင်္သာကြီးရွာအနောက်ဘက်တွင် ရှိသော စစ်တပ်စခန်းကုန်းတို့ကို ရွှေဘိုပကဖနှင့် ပူးပေါင်းအဖွဲ့များက ယင်းနေ့ နံနက် ၆ နာရီခွဲတွင် တပြိုင်တည်းစတင်တိုက်ခိုက်ခဲ့သည်၊ ဟင်္သာကြီးရွာနှင့် ကပ်လျက် ဘိုးနတ်တောင်ရွာကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြသည်။
သုံးနာရီကျော်ကြာမြင့်ခဲ့သည့် အဆိုပါတိုက်ပွဲတွင်း စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက် သေဆုံးမှုများရှိသလို တော်လှန်ရေးအင်အားစုများဘက်မှလည်း တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘို မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်သည်။
ပကဖတစ်ဦးမှာ ဦးခေါင်း ကျည်စထိမှန်ကာ နေရာမှာပင်သေဆုံးသလို နောက်တစ်ဦးမှာ လက်ပစ်ဗုံး ထိမှန်၍ ဆေးကုသမှု ခံယူရန် ခေါ်လာစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်တပ်နှင့် ပြည်သူ့စစ်ဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များ က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင် ခြင်းမရှိသေးပေ။
ဘိုးနတ်တောင်ရွာစခန်းကိုလည်း ရှင်းလင်းနိုင်ခဲ့သလို မြစ်ကြောင်းဘေးကပ်လျက်ရှိ ပျူရွာဟု လူသိများ သည့် ဟင်္သာကြီးရွာကို တိုက်ခိုက်ပြီး နာရီဝက်ခန့် အကြာ ဘန်ကာ ၅ ခု သိမ်းပိုက်နိုင်ခဲ့သည်၊ ထိုရွာ နောက်ဘက် စစ်တပ်စခန်းကုန်း တိုက်ခိုက်ရာတွင် ပြန်ဆုတ် ခွာခဲ့ရသည်ဟု အထက်ပါမြို့နယ်ပကဖအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
လက်နက်တချို့ ချွတ်ယွင်းသွားသောကြောင့် ပစ်ခတ်အားလျော့နည်းသွားချိန် စစ်ကောင်စီတပ်ကလည်း ရေကြောင်းဖြင့် စစ်ကူအင်အား ထပ်မံဖြည့်တင်းလာသည့်အတွက် ပြန်ဆုတ်ခွာခဲ့ရကြောင်း ၎င်းက ပြောသည်။
“ဘန်ကာတွေကို သိမ်းပြီး နောက်က စစ်ခခန်းကုန်းကို ဆက်ပြီးထိုးစစ်ဆင်ဖို့ လုပ်တဲ့အချိန်မှာ သေနတ် တွေက ၁၈ လက်လောက် အယ်ရာမိတာ (ချွတ်ယွင်းနေတာ)။ အဲ့ဒီအချိန် ရေကြောင်းကလည်း စစ်ကူအင်အား ထပ်ဝင် လာတော့ အခြေအနေအရ ပြန်ဆုတ်ခဲ့ရတယ်” ဟု ရွှေဘိုပကဖတာဝန်ရှိသူက ဆက်ပြောသည်။
“တရစပ်ထိုးစစ်ဆင်နေချိန်မှာ ကျောက်မြောင်းက လာတဲ့ စစ်ကူကို မဖြတ်တောက်နိုင်ဘဲဖြစ်သွားတယ်။ မြေပြင်ကလာတဲ့ စစ်ကူတွေကို ဖြတ်နိုင်တယ်။ သံခွန်နဲ့ မြစ်အတိုင်း စုန်လာတဲ့ စစ်ကူကို မဖြတ်နိုင်လိုက် တာ”

ဘန်ကာများ စီးနင်းပြီး G3 အမျိုးအစားအစား သေနတ် ၁ လက်၊ ကာဘိုင် သေနတ် ၂ လက် အပါအဝင် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဘန်ကာများနှင့် ပျူစောထီးနေအိမ်တချို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟင်္သာကြီးရွာကို စီးနင်းတိုက်ခိုက်စဉ် ထိုရွာမှ ကလေးသူငယ်၊ အမျိုးသမီး နှင့် သက်ကြီးရွယ်အို ၁၈ ဦး ကို စစ်ရေးအခြေအနေတင်းမာမှုနှင့် နယ်မြေအနေအထားအရ ဘေးလွတ်ရာ ပို့ပေးခဲ့ကြောင်း ပကဖ ဘက်က ဆိုသည်။
“ပျူမိသားစုဝင်တွေရဲ့အနွယ်တွေပေါ့။ ၂ နှစ်အရွယ် ကလေးတစ်ယောက်လည်းပါတယ်။ အန္တရာယ် ပြုနိုင်တဲ့သူတွေလည်းမဟုတ်ဘူး။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲအရ ကယ်ထုတ်ဖို့လည်း အခက် အခဲရှိတော့ ဘေးလွတ်ရာကိုပဲ ညွှန်ပြခဲ့ရတယ်”ဟု အထက်ပါ ပကဖ အဖွဲ့တာဝန်ရှိသူက ပြောသည်။
ပကဖနှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်ခဲ့သည့် စစ်ကောင်စီစခန်းများသည် ရွှေဘိုမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိပြီး ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်များ၏ တောင်ဘက်အစွန်ဆုံးနေရာ မှ ခံစစ်စခန်းများဖြစ်ပြီး မြစ်ကမ်းကို ထိန်းချုပ်ထားသည့် စခန်းများလည်းဖြစ်သည်။
ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတလျှောက်တွင် ကျောက်မြောင်း၏တောင်ဘက် ရွှေဘိုမြို့နယ်တွင်း နယ်မြေများကို စစ်ကောင်စီက ထိန်းချုပ်စိုးမိုးထားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အဆိုပါနယ်မြေကို ရှောင်တိမ်းသွားလာနေကြရသည်။
“မြောက်ဘက်ကခင်ဦးနယ်နှင့် တောက်ဘက်ကဝက်လက်တို့ကနေ မြစ်ကို ကူးသန်းလို့ရတယ်။ ကြားထဲက ရွှေဘိုကတော့ ရန်သူက စိုးမိုးထားတာ၊ မြစ်ကမ်းတလျှောက်လုံးပေါ့၊ ဒီနေရာတွေက ကျောက်မြောင်းကို ကာထားတဲ့နေရာတွေလည်းဖြစ်တော့ လွယ်လွယ်နဲ့တော့ သူတို့ လက်လွှတ်ခံမယ်မထင်ဘူး”ဟု ဝက်လက် နယ်အတွင်းမှ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ရှိ စစ်ကောင်စီတပ်များသည် ဧရာဝတီမြစ်တစ်ဖက်ကမ်း တော်လှန်ရေး စိုးမိုးနယ်မြေများဖြစ်သည့် မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ နယ်တို့ကို လက်နက်ကြီး ပစ်ကူ များပေးနိုင်သလို၊ မြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်းအတွင်းသို့လည်း မြေပြင် စစ်ကူ၊ လက်နက်ကြီး ပစ်ကူများ ပေးလေ့ရှိသည့်နေရာဖြစ်သည်။
ဧရာဝတီမြစ်နှင့် မူးမြစ်ကြား ရွှေဘိုမြို့နယ်မှာ ဒီပဲယင်း၊ အရာတော်၊ ဝက်လက်၊ ရေဦး၊ခင်ဦး တို့နှင့် ထိစပ် နေပြီး တော်လှန်ရေးအင်အားစုများ အားကောင်းသည့်နည်းတူ စစ်တပ်နှင့် ပျူစောထီး အခြေစိုက်ထားသည့် ကျေးရွာများလည်း ရှိနေဆဲဖြစ်သည်။
ထို ပြည်သူ့စစ် ကျေးရွာများကို တော်လှန်ရေးအင်အားစုများက မကြာခဏ ဝင်ရောက်စီးနင်းတိုက်ခိုက် လေ့ရှိသည်။
ရွှေဘိုမြို့ အနောက်ဘက် ပျူစောထီးတို့အထိုင်ချရာကျေးရွာများ ဖြစ်သည့် ဆင်အင်း၊ မြင်စီး၊ ကူးတို့ဆိပ် ကျေးရွာ တို့ကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် စီးနင်း တိုက်ခိုက်ခဲ့ပြီး နောက်ရက်တွင် စခန်းစွန့် ဆုတ်ခွာသွားသည်။
တော်လှန်ရေးအင်အားစုများ အားကောင်းရာ ရွှေဘိုမြို့နယ်တွင်း ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ထိုးစီးနင်း သတ်ဖြတ် မှုများ ပြုလုပ်လေ့ရှိပြီး၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ထောင်နှင့်ချီ ပြာကျပျက်စီးခဲ့သည်။



