စစ်ကောင်စီတပ်ဆုတ်ခွာသွားသည့် ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ဒေသတွင်း ချင်းတော်လှန်ရေး တပ်များအကြား နယ်မြေအငြင်းပွားခဲ့ကြပြီးနောက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ – ဟွာလ်ငိုရမ် (CDF – Hualngoram) တို့ ထိပ်တိုက်တွေ့နေကြခြင်း ဖြစ်သည်။
ဖလမ်းမြို့နယ်အနီးမှ စတော်မ်ရွာ (Sawtam)၊ လျန်နှာရွာ (Liannah) ၊ သီးကျိရ် (Ticirh)ရွာတို့တွင် ဇူလိုင် ၂ ရက်နေ့ကစတင်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်ဟု ယင်းတပ်ဖွဲ့များနှင့် ဒေသတွင်းစစ်ရေး သတင်းအရင်းအမြစ်များက ဆိုသည်။
CDF -Hualngoram ၏ပြောရေးဆိုခွင့်ရှိသူက သီးကျိရ်ရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲများအတွင်း တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို CNDF ဘက်က ဖမ်းဆီးသွားသည်၊ ကင်းစခန်းအချို့ကိုလည်း လက်လွှတ်ဆုတ်ခွာခဲ့ရသည် ဟုလည်း ၎င်းကဆိုသည်။
“အင်အားအလုံးရင်းနဲ့ ဒရုန်းနဲ့ချနေတော့ CDF Hualngoram ရဲဘော်တွေက မခံနိုင်လို့ နောက်ဆုတ်ကျ တာပေါ့။ တင်းမာမှုက ဆက်ရှိနေတုန်းပဲ”ဟု သူကဆိုသည်။

CNDF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က CDF Hualngoram ရဲဘော်အချို့ကို သုံ့ပန်းအဖြစ် ၎င်းတို့ဖမ်းမိထားသည်မှာ မှန်ကန်ကြောင်း Myanmar Now ကို အတည်ပြုသော်လည်း အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။
ဖမ်းဆီးရမိထားသူများကို ကောင်းမွန်စွာထိန်းသိမ်းထားသည်ဟု CNDF ပြောခွင့်ရအရာရှိက ဆိုသည်။
အချင်းချင်း တိုက်ခိုက်ရခြင်း
စစ်တပ်သည် ၂၀၂၁ အာဏာသိမ်းပြီးနောက် ချင်းတောင်တန်းပေါ်မှ ပြင်းထန်သည့်လက်နက်ကိုင်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် ရင်ဆိုင်ခဲ့ရသည်၊ ထို့နောက် ချင်းပြည်နယ်ထဲမှ ဟားခါး၊ တီးတိန်၊ ထန်တလန်နှင့် ပြည်နယ်မြို့တော် ဟားခါးတို့ကိုသာ အုပ်စိုးနိုင်ပြီး ချင်းပြည်နယ်၏ နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်ကို စွန့်လွှတ်ထားရသည်။
CNDF က အဖွဲ့ဝင်အဖြစ်ပါဝင်သည့် CB (သို့မဟုတ်) ချင်းညီနောင်ဟု ၎င်းတို့ကိုယ် ၎င်းတို့အမည်ပေးထားသည့် ချင်းတပ်ပေါင်းစုသည် လူဦးရေ ၅သောင်းကျော်နေထိုင်ပြီး ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဟု တင်စားကြသည့် ဖလမ်းမြို့ကို ယခုနှစ် ဧပြီလတွင် သိမ်းပိုက်လိုက်သည်။
ချင်းညီနောင်အဖွဲ့သည် အင်အားကြီးလူမျိုးစုလက်နက်ကိုင်တပ်ဖြစ်သည့် အာရက္ခတပ်တော် (AA) ဟုခေါ်သည့် ရခိုင်တပ်နှင့်လည်း မဟာမိတ်များဖြစ်ကြသည်။

အခြားတဖက်တွင် ချင်းတောင်တန်းများပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်နေသည့် Chinland Council ဆိုသည့် ချင်းတော်လှန်ရေးတပ်ပေါင်းစုတစ်ခုရှိသည်။ ထိုတပ်ပေါင်းစုကို သက်တမ်းရင့် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ဦးဆောင်ပြီး နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့် ချင်းဒေသကာကွယ်ရေးအစုအဖွဲ့ များဖြင့် စုဖွဲ့ထားသည်။ ထို Chinland Council သည် ချင်းညီနောင်၊ AA တို့နှင့် ဆက်ဆံရေး တင်းမာနေသည်။
ချင်းပြည်နယ်ထဲမှ ပလက်ဝမြို့ AA သိမ်းပိုက်ထားသည်ကို Chinland Council က ကန့်ကွက်သည်။
တင်းမာမှုများအကြား သေနတ်သံကြားရသည်အထိဖြစ်လာသည့် ပေါက်ကွဲမှုက ဖလမ်းမြို့ကို ချင်းညီနောင် တပ်ပေါင်းစု သိမ်းပိုက်လိုက်သည်နှင့် ဆက်စပ်နေသည်။
မြန်မာအစိုးရအဆက်ဆက် နယ်မြေခွဲဝေမှုအရ ဖလမ်းမြို့နယ်ထဲတွင်လူဦးရေ ၆,၀၀၀ ကျော် နေထိုင်သည့် အိန္ဒိယနိုင်ငံနယ်စပ်မှ ကုန်သွယ်ရေးမြို့ ဖြစ်သော၊ အသည်းပုံရေကန်ကြောင့် ထင်ရှားသော ရိခေါရ်ဒါမြို့ ပါဝင်သည်။ သို့သော်ထိုမြို့ကို ၂၀၂၃ နိုဝင်ဘာကတည်းက
ချင်းညီနောင်၏ ဒေသတွင်းပြိုင်ဘက်ဖြစ်သည့် Chinland Council ကို ဦးဆောင်သူ CNF/ CNA နှင့်မဟာမိတ်တို့က သိမ်းပိုက်ထားသည်။

ရိခေါဒါရ်ကို သိမ်းပိုက်ပြီးချိန်တွင် ထိုမြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများကို ၎င်းတို့ပိုင်နက်အဖြစ်သတ်မှတ်ပြီး အရပ်ဘက်အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ခဲ့သည်ဟု Chinland Council တွင်ပါဝင်သည့် CDF Hualngoram ဘက်က ဆိုသည်။
CDF Hualngoram ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့၏ ဟွာလ်ငို (Hualngo) မျိုးနွယ်စုများသည် ဖလမ်း၊ တီးတိန်၊ တွန်းဇံရှိကျေးရွာ ၅၈ ရွာတွင်ရှိပြီး ထိုနယ်များကို ၎င်းတို့ပိုက်နက်ဟုလည်းဆိုသည်။

အဆိုပါအခြေအနေတွင် ရိခေါဒါရ်နှင့် နယ်မြေထိစပ်နေသည့် ဖလမ်းမြို့ကို Chinland Council ၏ဒေသတွင်း ပြိုင်ဘက် ချင်းညီနောင် အဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် ချင်းမျိုးနွယ်စုများအကြား နယ်မြေခွဲဝေမှုအငြင်းပွားခဲ့ပြီး၊ နောက်ထပ်တင်းမာမှုများ ဆက်တိုက်ပေါ်လာခြင်းဖြစ်သည်။
CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ဘုံရန်သူကိုသာ ပစ်မှတ်ထားသင့်သည်ဟု ပြောသည်။
“ချင်းပြည်နယ်၊ နယ်နိမိတ်လား၊ မြို့နယ်ထဲမှာရှိတဲ့ နယ်နိမိတ်တွေလား၊ တော်လှန်ရေးအလွန်ကာလမှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး သတ်မှတ်ဖို့ရန် အတွက် လည်း ကျွန်တော်တို့ကတော့ လိုချင်ပါတယ်။ အခုတော်လှန်ရေးကာလမှာ ကတော့ အဓိက Focus(အာရုံစိုက်ဖို့)က စစ်ကောင်စီကို တိုက်ထုတ်နိုင်ဖို့နဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ပဲဖြစ်သင့်ပါတယ်”ဟု သူက ဆိုသည်။

ချင်းမျိုးနွယ်စု အချင်းချင်းကြားက တိုက်ပွဲများ
အင်အားပြိုင်နေကြသည့် ချင်းတော်လှန်ရေးအင်အားစု နှစ်ခုဖြစ်သည့် Chinland Council နှင့် ချင်းညီနောင် တို့မှ အဖွဲ့ဝင်များကြား နယ်မြေ ပဋိပက္ခများ ကြောင့် ပစ်ခတ်ကြပြီး သွေးမြေကျသည့် ဖြစ်ရပ်များ ပြီးခဲ့သည့်နှစ်ကလည်း ဖြစ်ပွားခဲ့သည်။
ချင်းလက်နက်ကိုင်များကြား အငြင်းပွားမှုများကို လက်နက်နှင့် အင်အားသုံးဖြေရှင်းခြင်းမလုပ်ဘဲ ဆွေးနွေးအဖြေရှာကြရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဇိုပြန်လည် ပေါင်းစည်းရေးအဖွဲ့၏ ကြားဝင်ဆွေးနွေးမှုဖြင့် ညှိနှိုင်းသဘောတူထားကြပြီးဖြစ်သည်။
ယခုစစ်ရေးတင်းမာမှုနှင့်ပတ်သက်ပြီး Chinland Council ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီးဖြစ်သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဆိုသည်။
ကွဲပြားနေသည့် ချင်းတော်လှန်ရေးအင်အားစုနှစ်ခုပေါင်းစည်းပြီး ချင်းအမျိုးသားကောင်စီ (Chin National Council) ဖွဲ့စည်းရန် ချင်းတော်လှန်ရေးအင်အားစုများကြား ယခုနှစ်ဆန်းပိုင်းက သဘောတူခဲ့ကြပြီးနောက် ဖော်ဆောင်နေကြချိန်တွင် လက်ရှိတင်းမာမှုကြောင့်ထိုလုပ်ငန်းစဉ် နှောင့်နှေးသွားစေနိုင် ကြောင်း ဆလိုင်းထက်နီကဆိုသည်။
“ နှစ်ဘက်ညှိနှိုင်းနေတဲ့အချိန်မှာ တစ်ဘက်နဲ့တစ်ဘက် အပြန် အလှန်ယုံကြည်မှုရှိ အောင်အလုပ်နဲ့ သက်သေပြဖို့လိုတယ်။ ခုလိုမျိုးဖြစ်လာတာက ဝမ်းနည်းစရာ ကောင်းတယ်။…. တစ်ဘက်နဲ့တစ်ဘက် သဘောထားကြီးကျဖို့ ပြည်သူကို ငဲ့ကွက်ကြဖို့အလိုအပ်ဆုံးဖြစ်မယ်” ဟု ဆလိုင်းထက်နီကဆိုသည်။
CNDF နှင့် CDF Hualngoram ကြားဖြစ်ပွားနေသည့် ပဋိပက္ခတွင် အခြားပြင်ပ လက်နက်ကိုင်အဖွဲ့များ မပါဝင်ကြရန် ချင်းညီနောင်အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CDF Mindat)၊ ချင်းကာကွယ်ရေးအဖွဲ့ ကန်ပက်လက် (CDF Kanpetlet)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ (၁) ၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ပါဝင်သည်။
Chinland Councilကို သက်တမ်းရင့် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ဦးဆောင်ပြီး နွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသည့် ချင်းဒေသကာကွယ်ရေးအစုအဖွဲ့ များဖြင့် စုဖွဲ့ထားသည်။



