သတင်း

ပခုက္ကူလေဆိပ်မှစစ်သားများကို ဒေသခံကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်

ပခုက္ကူလေဆိပ်ကို ခရီးသွားလုပ်ငန်းအတွက်ဟု အကြောင်းပြကာ တိုးချဲ့နေသည့် စစ်တပ်သည် လေဆိပ်ကိုစစ်ရေးအတွက် အသုံးပြုနေသည်ဟု ဒေသတွင်းကာကွယ်ရေးတပ်များက ဆိုသည်။

မကွေးတိုင်း ပခုက္ကူမြို့လေယာဉ်ကွင်းအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်နေ့ (ဇူလိုင် ၁၆)ညနေပိုင်းက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သည်။ 

အနည်းဆုံးဒေသတွင်းကာကွယ်ရေးအဖွဲ့ ငါးဖွဲ့ပါဝင်ခဲ့ပြီး မိနစ် ၂၀ ကျော်ကြာခဲ့သည့် ထိုတိုက်ပွဲသည် ပခုက္ကူလေဆိပ်မှ တမိုင်နီးပါးကွာဝေးသည့် လေဆိပ်၊ မြောက်လူးကံရွာနှင့် အရှေ့ဘုန်းကံရွာတို့ကို ဆက်သွယ်ထားသည့် သုံးပွင့်ဆိုင်နေရာတွင်ဖြစ်ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့်  Southern Yesegyoအဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ပြောသည်။ 

စစ်တပ်သည် ပခုက္ကူလေဆိပ်တွင် အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသလို မြောက်လူးကံရွာနှင့် အရှေ့ဘုန်းကံရွာတို့တွင်လည်း အနည်းဆုံး အင်အား ၅၀ ခန့်ဖြင့် အထိုင်ချတပ်စွဲ ထားသည့်နေရာဖြစ်သည်ဟု သိရသည်။

ဒေသခံကာကွယ်ရေးအဖွဲ့၏ ချောင်းမြောက်တိုက်ခိုက်ခံရပြီးနောက် ယနေ့ (ဇူလိုင် ၁၇) မွန်းလွဲပိုင်းတွင် စက်တပ်လေထီးများ ပျံသန်းနေသည်များရှိသဖြင့် လေကြောင်းတပ်လှန့် ထားရသည့် အနေအထားဖြစ်သည်ဟု အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။ 

“စစ်တပ်အထိုင်ချထားတဲ့စခန်းသုံးခုကြားထဲမှာ ဝင်ပြီးတော့ အလုပ်လုပ်ကြတာ။ ကျွန်တော်တို့ ပင်မစစ်ကြောင်းက စောင့်နေတဲ့နေရာက လမ်းကြောင်းလွဲသွားတယ်။ အရန်ကင်းချန်ထားတဲ့နားမှာ ထိပ်တိုက်တိုးတော့ လက်ဦးမှုရယူ တိုက်လိုက်တာ။ ရှေ့ဆုံးက တက်လာတဲ့သူတွေကတော့ မှောက်သွားတယ်”

“အထိုင်စခန်းသုံးခုကနေလည်း လက်နက်ကြီးတွေနဲ့ထုတဲ့အခြေနေမျိုးတွေရှိတယ်။ ထိပ်တိုက်တိုးတဲ့ အရန်ကင်းမှာက လက်နက်အင်အား၊ လူအင်အားနည်းတဲ့အနေအထားနဲ့ ဖြစ်အောင်လုပ်ခဲ့တယ်”ဟု ကိုအောင်မောင်းက ပြောသည်။ 

တိုက်ပွဲအတွင်း စစ်တပ်ထံမှ လက်နက်များသိမ်းဆီးရမိခဲ့ခြင်းမရှိဟု ၎င်းက ဆက်ပြောသည်။ 

နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ် ခြေလျင်တပ်ရင်းအမှတ် ၂၅၄ မှ အရာရှိဟု ယူဆရသူတစ်ဦးအပါဝင် ၆ ဦးခန့်သေဆုံးသည်ဟု ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ တိုက်ပွဲအခြေနေနှင့်ပတ်သတ်၍ Myanmar Nowအနေဖြင့် အသေးစိတ်အခြေနေကို စုံစမ်းနိုင်ခြင်းမရှိသေးသလို စစ်တပ်ကိုလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။  

စစ်တပ်သည် ပခုက္ကူလေဆိပ်ကို ယမန်နှစ် နှစ်လယ်ပိုင်းတွင် ပျက်စီးနေသည့် လေယာဉ်ပြေးလမ်းများကို ပြင်ဆင်မွမ်းမံခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းများပြုလုပ်ကာ လေယာဉ်များဆင်းသက်နိုင်အောင် ပြင်ဆင်ခဲ့ကြသည်။ 

လေဆိပ်အတွင်းအပါဝင် ပတ်ပတ်လည်တွင် ဘန်ကာ ၂၉ ခုတည်ဆောက်၍ အခိုင်အမာတပ်စွဲထားသလို အနီးနားရှိ ၎င်းတို့အား ထောက်ခံသည့် ပျူစောထီးတို့ပူးပေါင်း၍ စစ်တပ်က လုံခြုံရေးယူထားသည့် နေရာဖြစ်သည်။  

ပခုက္ကူလေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ သြဂုတ်လက ယင်းဒေသသို့ ခရီးထွက်စဉ် ပြောဆိုခဲ့သည်။

စစ်တပ်ကမူ ပခုက္ကူလေဆိပ်ပြင်ဆင်မှုသည် ခရီးသွားကဏ္ဍတိုးတက်ရေးအတွက်ဟု အကြောင်းပြထားသော်လည်း ကာကွယ်ရေးတပ်များက စစ်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဟု သုံးသပ်ကြသည်။ 

ယမန်နှစ်အတွင်းက လေဆိပ်ကို စစ်တပ်က ပြင်ဆင်ချိန်တွင် အနီးတဝိုက်ရှိကျေးရွာများကို ဆက်တိုက်စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ပြုလုပ်ရန် နယ်မြေရှင်းလင်းခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် ရေစကြို၊ ပခုက္ကူမြို့အခြေစိုက် ကာကွယ်ရေးတပ်များကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် စစ်တပ်၏ ကြီးကြပ်မှုအောက်တွင် ပြင်ဆင်နေသည့် လေဆိပ်ဝန်းအတွင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။

အဆိုပါလေဆိပ်ပြင်ဆင်မှုသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးထက် ၎င်း၏ စစ်ရေးဆိုင်ရာကိစ္စများအတွက်သာ ပြင်ဆင်နေခြင်းဖြစ်ပြီး တိုက်လေယာဉ်များပါ ဆင်းသက်နိုင်အောင် ရည်ရွယ်ပြင်ဆင်ထားသည်ဟု ပြည်တွင်း သတင်းဌာနတစ်ခုဖြစ်သည့် ဧရာဝတီက ၂၀၂၄ နိုဝင်ဘာ ၂၅ တွင် ရေးသားထားသည်။ 

အဆိုပါလေယာဉ်ကွင်းကို စစ်တပ်က တစ်နှစ်နီးပါး ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် စစ်တပ်ထောက်ပို့လေယာဉ်များ စတင်ဆင်းသတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိုလေဆိပ်၌ တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုကာ စစ်ရေးအသားစီးမှုရရှိစေရန် စစ်တပ်က စီစဉ်ခြင်းသာဖြစ်သည်ဟု တော်လှန်ရေးတပ်များကို ကိုးကား၍ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်သည့် Mandalay Press Freedomကလည်း ယခုနှစ် မေလတွင် ရေးသားထားသည်။  

Related Articles

Back to top button