စီးပွားရေးသတင်း

တိုက်ပွဲများကြောင့် ဖားကန့်ဒေသတွင် အပြောင်းအလဲ ကြီးမားလာ

ကျောက်စိမ်းမြေဖားကန့်မြို့ကို ထိန်းချုပ်ရန် ကြိုးပမ်းကြသည့်ကာလတွင် ဒေသခံတို့ သေဆုံးမှု များပြားသလို ကျောက်မျက်ထုတ်လုပ်ရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ သိသိသာသာ ထိခိုက်နေသည်။

တိုက်ပွဲများကြောင့် အပြောင်းအလဲကြီးမားသည့် ဒေသများထဲတွင် ကချင်ပြည်နယ်အတွင်းကမ္ဘာကျော် အရည်အသွေးမြင့်ကျောက်စိမ်းများထွက်ရှိရာ  ဖားကန့်မြို့လည်း ပါဝင်သည်။

တိုက်ပွဲဖြစ်နေစဉ် ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီတချို့ကို စစ်ကောင်စီ စစ်ကြောင်းက ဖျက်ဆီးကြသည့်အတွက် လုပ်ငန်းရှင်များ ဆုံးရှုံးမှုများပြားသည့်ကာလ ဖြစ်သည်။

“ကုမ္ပဏီတွေက မိုးကာလ ထုံးစံအတိုင်း နားကြတာအပြင် စကစရဲ့စစ်ကြောင်းက မီးရှို့တာကြောင့် စက်ယန္တရားတွေကို ဖွက်ထားကြတဲ့အခြေအနေပါ” ဟု အသက် ၃၀ ခန့်အရွယ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စျေးကွက်ဝင်ကျောက် လိုက်လံရှာဖွေသော ရေမဆေးသမား  အများအပြားကမူ  ကျောက်တူးလုပ်ငန်းခွင်အနီး စွန့်ပစ်မြေစာပုံများတွင်  ရှိနေကြသည်။  ရံဖန်ရံခါ စစ်ကြောင်းနှင့်တိုးလျှင် နှိပ်စက်သတ်ဖြတ်ခံရနိုင်သူများ ဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အခွန်ကောက်ယူထားသည့် ကျောက်စိမ်းလုပ်ကွက်များရှိ စွန့်ပစ်မြေစာပုံများသို့ ဝင်ရောက်ပြီး ရေမဆေးကျောက် ခေါ် ရောင်းတန်းဝင်ကျောက် ရှာဖွေသူများ ရှိသလို၊  အများစုက အများပိုင်  ချောင်း၊ မြောင်း၊ ကမ်းပါးယံများတွင် လိုက်လံရှာဖွေနေကြသည်ဟု သိရသည်။

“ရေမဆေးသမားတွေကတော့ KIA တိုက်နယ်၊ သယံဇာတ အဖွဲ့နဲ့ နီးစပ်ရင် နီးစပ်သလို အစုနဲ့ တနိုင်တပိုင် ဂန်းစက်နဲ့ထိုးကြသလို ရွှေမျှောတိုက်သူတွေလည်း ရှိပါတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

ဖားကန့်မြို့နယ်တွင်းရှိ ကျောက်စိမ်း ရောင်းဝယ်ရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နေသော်လည်း ယခင်ကထက် အရောင်းအဝယ်နည်းပါးနေသည်ဟု ကျောက်ရောင်းဝယ်ရေးလုပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရောင်းအဝယ်ကတော့ မဆိုးပါဘူး၊​ အရောင်းအဝယ်ကတော့ လုပ်လို့ရပါတယ်။ ကျောက်ဝိုင်းတွေ လည်း ဖြစ်ပါတယ်။ ကြိုကြား ကြိုကြားပဲ ဖြစ်တာပေါ့။ အရမ်းကြီးမဖြစ်ပါဘူး၊​ အကြမ်းကြီးလည်း မဖြစ်ပါဘူး” ဟု ကျောက်စိမ်းဝယ်ရောင်းသမား အထက်ပါအမျိုးသားက ဆက်ပြောသည်။

ဖားကန့်မြို့တွင် ကျောက်ဝိုင်းကြီး သုံးခုရှိသည်။  ဖားကန့်မြို့ပေါ်ရှိ ကျောက်ဝိုင်း၊ ဆိပ်မူကျေးရွာရှိ ကျောက်ဝိုင်းနှင့် မှော်စီစာကျောက်ဝိုင်းနှင့် လုံးခင်းကျောက်ဝိုင်းတို့ ဖြစ်ကြပြီး ထိုနေရာများတွင် ကျောက်စိမ်းအရောင်းအဝယ် ဆက်လက်ပြုလုပ်နေကြသည်ဟု သိရသည်။

ကျောက်စိမ်းလုပ်ကွက်များနှင့် ကျောက်ကုမ္ပဏီများ၊ ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူများမှာ စစ်တပ်နှင့် KIA နှစ်ဖွဲ့လုံးထံ အခွန်ပေးရသော်လည်း ၂၀၂၄ နှစ်ဆန်းမှ စတင်ပြီး နယ်မြေပိုမို ထိန်းချုပ်လာနိုင်သည့် KIA က အခွန်ပိုမိုရရှိနေခဲ့သည်။

စစ်ကောင်စီတပ်နှင့် KIA တို့အတွက် အကျိုးအမြတ်များပြားသည့်၊ ဆက်ကြေးအများအပြားရနေကြ သည့်  ဖားကန့်မြို့တွင် စစ်တပ်က နယ်မြေ ပြန်လည်စိုးမိုးနိုင်ရန် ကြိုးပမ်းနေရာ တိုက်ပွဲများ ပြင်းထန်နေသလို ဒေသခံ ထိခိုက်သေဆုံးမှု အများအပြားရှိလာသည်။

 ၂၀၂၀ နှစ်လယ်တွင် ကျောက်တူးသမားတစ်ဦးက တူးဖော်ရရှိထားသော ကျောက်စိမ်းအပိုင်းအစ တချို့ကို ပြသနေစဉ်။ (ဓာတ်ပုံ-AFP)

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုအကြိမ် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုမှာ ယမန်နှစ်က တိုက်ပွဲများတွင် လက်လွှတ်ထားရသည့် စခန်းများပြန်လည်သိမ်းပိုက်ရေးအပြင် ကျောက်စိမ်းမှ ရရှိမည့် အခွန်အခ၊ အကျိုးစီးပွားများကို ပြန်လည် ထိန်းချုပ်လိုခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဝင်ငွေကို ဖြတ်တောက်ချင်လို့ အခုလိုမျိုး စစ်ကြောင်းတွေ ထိုးတာဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်” ဟု သူက ပြောသည်။

“နောက်တစ်ခုကတော့ မနှစ်တုန်းက သူတို့ ဆုံးရှုံး ခဲ့တဲ့၊ သူတို့လက်လွှတ်ခဲ့တဲ့စခန်းတွေ ပြန်ရနိုင်ဖို့အတွက် အခုလိုမျိုး စစ်ကြောင်းတွေထိုးတဲ့ အနေအထားဖြစ်မယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်” 

လုပ်ငန်းများ ရပ်ဆိုင်းခြင်း

၂၀၂၄  ဒီဇင်ဘာ ၄ ရက်က စတင်သည့် KIA ပူးပေါင်းတပ်များ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ အရှိန် တန့်နေသလို ဝိုင်းမော်မြို့နယ်တွင်လည်း တိုက်ပွဲအနည်းငယ်သာ ရှိသည်။

၂၀၂၄ မတ်လမှ စတင်သည့် KIA ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ မဘိမ်းမြို့နှင့် ကချင် ပြည်နယ်မှ ၁၄ မြို့ကို KIA သိမ်းပိုက်ထားနိုင်ခဲ့သည်။

စစ်ကောင်စီလက်လွှတ်ခဲ့ရသည့် အဆိုပါမြို့များတွင် ကုန်သွယ်ရေးမှအခွန်အခများ ရရှိနေသည့် နယ်စပ် ကုန်သွယ်ရေးမြို့များဖြစ်သည့် ကန်ပိုက်တီနှင့်လွယ်ဂျယ်မြို့များလည်း ပါဝင်သည်။

ကချင်ပြည်နယ်အတွင်းရှိ အဓိက အခွန်အခနှင့်ဝင်ငွေရလမ်းများကို ဆုံးရှုံးထားသည့် စစ်ကောင်စီတပ် က ကျောက်စိမ်းထွက်ရှိရာ အခွန်ငွေအများအပြားရရှိသည့် ဖားကန့်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့်အတွက် တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း ဖားကန့်ဒေသခံများနှင့် ဖားကန့်အရေး ကျွမ်းကျင်သူတချို့က သုံးသပ်နေကြသည်။

ဖားကန့်မြို့ကို စီးမိုးမြင်ရသည့် အရေးပါသော ဗျူဟာကုန်းအများစုကို KIA က သိမ်းပိုက်ထားပြီး မြို့အနောက်ဘက်နှင့် မြောက်ဘက်ကိုလည်း ထိန်းချုပ်ထားသည်။

စစ်ကောင်စီတပ်က မြို့အရှေ့ဘက်ကျေးရွာအများစုကို ထိန်းချုပ်ထားသည်။ KIA နှင့်ပူးပေါင်းတပ် များက မြို့ပြင်များတွင် ဆုတ်ခွာနေရာယူထားသည့် အခြေအနေဖြစ်သည်။

မိုးရာသီဖြစ်သဖြင့် ကျောက်တူးဖော်ရေးလုပ်ငန်းအများစု ရပ်နားထားချိန်တွင် စစ်ကောင်စီက လုပ်ကွက်များကို ဝင်ရောက်မီးရှို့ပြီးနောက်ပိုင်း တူးဖော်ရေးလုပ်ငန်းအားလုံးရပ်ဆိုင်းထားသည်ဟု ဖားကန့်ဒေသခံများထံက  သိရသည်။

တစ်လနီးပါးကြာမြင့်သော တိုက်ပွဲများကြောင့် နှစ်ဖက်ထိခိုက် ကျဆုံးမှုများအပြင် ဖားကန့်ဒေသခံ အများအပြားသေဆုံးမှုဖြစ်ပေါ်နေပြီး အနီးနားကျေးရွာများမှ ထောင်နှင့်ချီသည့်ဒေသခံများလည်း ထွက်ပြေးနေကြရသည်။

ဇွန် ၃ ရက်နေ့က  မှော်စီစာကျေးရွာ အနီး (၁၁၁) လုပ်ကွက်ကို စစ်ကောင်စီက မီးရှို့ခဲ့စဉ်။ (ဓာတ်ပုံ- Tralin Mg) ။

ဖားကန့်မြို့ကို KIA ထိန်းချုပ်ခဲ့ပုံ

KIA နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ဇန်နဝါရီလမှ စတင်ကာ ဖားကန့်မြို့ အဓိက အဝင်၊ အထွက် လမ်းမကြီးများဖြစ်သည့် ဖားကန့်-ကာမိုင်းလမ်းပိုင်း၊ ဖားကန့်-အင်း တော်ကြီးလမ်းပိုင်းနှင့် ဖားကန့် -ဆယ်ဇင်းလမ်းပိုင်းရှိ ကျေးရွာများနှင့် စစ်ကောင်စီအမာခံစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ဖားကန့်ထိုးစစ်များအတွင်း ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ နန့်ယားစခန်းနှင့် နန့်တိန်းစခန်းနှင့် အခြား အရေးကြီးစခန်းများကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါလမ်းပိုင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းတွင်လည်း အရေးကြီးသည့် ဝှေခါရွာရှိ ရဲစခန်းနှင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်ချေမှုန်းခဲ့ကာ အခြားစခန်းငယ်များကိုလည်း ရှင်းလင်းနိုင်ခဲ့သည်။

ဖားကန့်-ဆယ်ဇင်းလမ်းပိုင်းရှိ အရေးကြီးစခန်းများဖြစ်သည့် ဆယ်ဇင်းစခန်း၊ ဟောင်ပါးရွာ၊ တာမခန်ရွာ နှင့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(၁၁၉) စခန်း၊ ကသိုဏ်းတောင်စခန်းစသည့် စစ်ကောင်စီတပ်စခန်း အားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

လချီကြာမြင့်သည့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဖားကန့်မြို့အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာတွင်ရှိ သည့် ဆိုင်းတောင်ရွာကြီးကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲများ ယာယီ ရပ်တန့်သွားခဲ့သည်။

၂၀၂၄ ဇန်နဝါရီမှ စက်တင်ဘာအထိ ကြာမြင့်သည့် ဖားကန့်မြို့နယ် စခန်းသိမ်းတိုက်ပွဲများအတွင်း KIA နှင့် ပူးပေါင်းတပ်က ဖားကန့်မြို့ အဓိကလမ်းမကြီးသုံးခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည့်အပြင် အနီးဝန်းကျင်ရှိ စခန်းကုန်းအများစုနှင့် ကျေးရွာများကိုပါ ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းတချို့မှာ ပိတ်ဆို့ခံထားရသည့် အခြေအနေသို့ ရောက်ရှိသွားသည်။

ကချင်ဒေသအခြေစိုက် KPDF တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၂ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီ တန်ပြန်ထိုးစစ် အစပြုခြင်း

ကျောက်စိမ်းမှ အကျိုးမြတ်များကို ရလိုသည့် စစ်ကောင်စီတပ်က ယခုနှစ် ဧပြီ ၂၃ ရက်နေ့မှ စတင်ကာ ဖားကန့်မြို့အရှေ့ဘက် မိုင် ၄၀ ခန့်အကွာရှိ ကာမိုင်းမြို့မှ အင်အား ၆၀၀ ခန့်ဖြင့် ဖားကန့်မြို့ဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

လက်နက်ကြီး၊ လေကြောင်းပစ်ကူ အများအပြားဖြင့် လာသည့် စစ်ကောင်စီတပ်ကို ဖားကန့်-ကာမိုင်း လမ်းပိုင်းတွင် KIA,KPDF ပူးပေါင်းတပ်များက မဟန့်တားနိုင်တော့ဘဲ  အရေးပါသည့် နန့်ယားစခန်း အပါအဝင် လမ်းတစ်လျှောက်မှ ၎င်းတို့စခန်းအများအပြားကို KIA က လက်လွှတ်ခဲ့ရသည်။

မေ ၂၇ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု ဖားကန့်မြို့တွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီးနောက် ဖားကန့်မြို့တွင် တိုက်ပွဲများ ဖြစ်ပွားလာသည်။

ထိုအချိန်တည်းက ဖားကန့်မြို့ပေါ်ရပ်ကွက်များနှင့်မြို့အရှေ့ဘက် လုံးခင်းကျေးရွာနှင့် တစ်ဆက်တည်း ရှိနေသည့် လယ်ပြင်၊ မဇွတ်ယန်၊ ဆန်ခါ၊ မှော်ပုံ ကျေးရွာများနှင့် မြို့အရှေ့မြောက်ဘက် ၁၈ မိုင်ခန့် အကွာ ကံစီးရွာနှင့် စစ်တပ်ဗျူဟာကုန်းတို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်သည်။

ထို့နောက် ကာမိုင်းမြို့မှလာသောစစ်ကူများအပါအဝင် အထက်ပါ စစ်ကောင်စီလက်ကျန်တပ်များ ပေါင်း၍ စစ်ကြောင်းနှစ်ခုဖြင့် ထိုနေ့မှစတင်ကာ စစ်ကြောင်းထိုးခဲ့သည်။

KIA လက်ဝယ်ရှိသည့် မြို့မြောက်ဘက်နှင့် အနောက်ဘက်တွင်ရှိသည့် ကျေးရွာများအပါအဝင်  ကျောက် စိမ်းလုပ်ကွက်များနှင့် အရေးကြီးစခန်းကုန်းများကို ပြန်ထိန်းချုပ်နိုင်ရန် အဓိက ရည်ရွယ်သည်။ 

ပြီးခဲ့သည့် ဇွန်တစ်လလုံး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်၊ ဒေသခံအရပ်သားအများအပြားလည်း လေးဒါဇင်ထက်မနည်း သေဆုံးခဲ့ကြရသည်။ 

မေ ၂၉ ရက်နေ့က ဖားကန့်မြို့အတွင်း ဝင်ရောက်လာသော စစ်ကြောင်းမှ စစ်သားတချို့။ (ဓာတ်ပုံ- Tarlin Mg)

လတ်တလောစစ်ရေးအခြေအနေ

ဖားကန့်မြို့တိုက်ပွဲမှာ ယခင်လကုန်က အနည်းငယ် အရှိန်လျော့သွားသော်လည်း ယခုလဆန်း ၂ ရက်နေ့ တွင် မြို့တွင်းသို့ စစ်ကောင်စီယာဉ်တန်း ထပ်ရောက်လာပြီးနောက် တိုက်ပွဲ ပြန်လည်ပြင်းထန်ခဲ့သည်။

ယာဉ်တန်းတွင် စစ်ကောင်စီ၏ တပ်မ(၃၃) တပ်မမှူးအသစ်ပါဝင်လာသည်ဟု သတင်းများ ထွက်နေပြီး ဖားကန့်ဗျူဟာကုန်းအတွင်း ဝင်ရောက်သွားသည်ဟု သိရသည်။

တနိုင်းမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဖားကန့်မြို့သို့ စစ်ကူတက်လာသည့် စစ်ကြောင်းကို ဇူလိုင် ၅ ရက်နေ့က ဖားကန့်မြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ နန့်ယားရွာအနီး KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဖားကန့် KPDF ထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းတစ်ခုလုံးပြုတ်လုနီးပါး အကျအဆုံးများသလို သုံ့ပန်းအချို့နှင့်လက်နက်ခဲယမ်းများလည်း ဖမ်းဆီးရမိသည်ဟု သိရသည်။

“တနိုင်း ဒကစစစ်ကြောင်း ပြုတ်သလောက်ဖြစ်သွားပြီပြောတယ်။ ပစ္စည်းတွေလည်း စုံသလောက်ပဲ၊ များတယ်” ဟု KPDF တာဝန်ခံက ပြောသည်။

ဇူလိုင် ၁၁ ရက်နေ့က  မြို့မြောက်ဘက်သုံးမိုင်ခန့်အကွာရှိ အမှိုက်ပုံရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်ကျဆုံးမှုများပြားသည်ဟု ဖားကန့် KPDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အမှိုက်ပုံရွာထဲမှာ အထိုင်ကျသလိုဖြစ်နေတာ၊ ရှေ့လည်းမတိုး နောက်လည်းမဆုတ်တော့ ဒီဘက်က သွားဆော်လိုက်တာ။ (စစ်ကောင်စီ) အကျများတယ်၊ အရေအတွက်တော့ မရနိုင်သေးဘူး။ အဲဒီနားကို မရှင်းနိုင်သေးဘူး” 

ဖားကန့်မြို့အနောက်ဘက် မော်မောင်းလျှံရွာကို စစ်တပ်က ထိန်းချုပ်ထားပြီး တပ်စွဲထားကာ မြို့အနောက်ခြမ်းကို စစ်ကြောင်းထိုးရန် ကြိုးစားနေသည်ဟု အသက် ၅၀ ခန့်အရွယ် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မှော်မောင်းလျံက သူတို့ရထားတုန်းပဲ။ အနောက်ဘက်ကို ဆက်တိုးချင်နေတာ။ အနောက်ဘက်က စခန်း ကုန်းတွေကို ရဖို့ ကြိုးစားနေတာ ပြောရမယ်။ ဆက်ဖြစ်နေတုန်းပဲ” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

မော်မောင်းလျှံရွာအနီး KIA အထိုင်ချထားသော စခန်းကုန်းများတည်ရှိရာ စစ်ကောင်စီတပ်က ထိုတဝိုက် ရှင်းလင်းနိုင်ရန် ကြိုးပမ်းနေဟန်ရှိသည်။ မကြာသေးမီ ဇူလိုင် ၁၃ ရက်နေ့က ညနေ ၅ နာရီခန့်က ဖားကန့်မြို့မြောက်ဘက်ရှိ မော်မောင်းဘွမ်ရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းအဆောက်အဦတချို့ ပျက်စီးခဲ့သော်လည်း ဒေသခံများ မှာ စစ်ရှောင်နေသည့်အတွက် ထိခိုက်ဒဏ်ရာသူမရှိကြောင်း သိရသည်။

မြို့မြောက်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသည့် မော်မောင်းတောင်နှင့် မြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ တွင် ရှိသည့် လမောင်ကုန်းတို့ကိုလည်း ဦးတည်နေသည်ဟု ဒေသခံအချို့က ပြောသည်။

“(ဇူလိုင် ၁၄) ဒီနေ့လည်း စစ်ကောင်စီဘက်က မော်မောင်းဘွမ်နဲ့ လမောင်ကုန်း ရရှိရေး စစ်ရေးလှုပ်ရှားနေတာ လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေပါတယ်” ဟု အသက် ၃၀ ခန့်အရွယ် ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

လမောင်ကုန်းမှာ ဖားကန့်မြို့တွင် အမြင့်ဆုံးစခန်းကုန်းများထဲမှတစ်ခုဖြစ်သော၊ နှစ်ဖက်တပ်များအတွက် အရေးပါသော ထိုစခန်းကုန်းကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်နေ့တွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။

ဇူလိုင် ၁၅ ရက်နှင့် ဇူလိုင် ၁၆ ရက် မွန်းတည့်ချိန်တွင် မော်မောင်းလျံကျေးရွာသို့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်ရှိ နေရာအများအပြားတွင် တိုက်ပွဲရှိနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၁၅ ရက်နေ့က ပြောသည်။

“ဖားကန့်ဘက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ မှော်ဝမ်လေးတို့ မှော်ဝမ်းကြီးတို့ အဲဒီဘက်မှာ တိုက်ပွဲတွေ တနေကုန်လောက် တိုက်ပွဲဖြစ်တယ်။ လေကြောင်းနဲ့တောင်မှ ဗုံးလာကြဲတဲ့အဆင့်ရှိတယ်” ဟု  သူက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက်နေ့တွင်လည်း ဖားကန့်မြို့နေရာအချို့တွင် တိုက်ပွဲဖြစ်ပွားသံများ ကြားနေရသည် ဟု ဒေသခံတချို့က ပြောသည်။

စစ်ပွဲကြားက မြေစာပင်များ

စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့တွင်း ဝင်ရောက်လာသည့် မေ ၂၇ ရက်နေ့မှ စ၍ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) အထိ စစ်တပ်၏သတ်ဖြတ်မှု၊ စစ်ပွဲအတွင်းသေဆုံးမှုများနှင့် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရမှုများ ရှိနေရာ  ဖားကန့်ဒေသခံ ၅၀ ဦးအထိ သေဆုံးခဲ့ပြီဖြစ်သည်။

ဇူလိုင် ၁၂ ရက်နေ့  မရှီကထောင်ရပ်ကွက်အနီး ကင်းလှည့်နေသည့် စစ်ကောင်စီကားကို KIA က ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်၊ ထိုတိုက်ပွဲတွင် ကားပေါ်ပါ အမှိုက်ပုံရွာဥက္ကဋ္ဌ ဦးမင်းစိုးဦး၊   လမ်းပေါ်တွင် ရှိနေသော ဒေသခံအမျိုးသားတစ်ဦး သေဆုံးသည်။

အမှိုက်ပုံ၊​ အင်မားယန်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး၊ ဆွတ်ငိုင်ယန်၊ ရှရော်ခ၊ မော်မောင်းလျှံ၊ မျောက်ဖြူ၊ ကုလားမှော် စသည့် ကျေးရွာများမှ ဒေသခံ ၅,၀၀၀ ခန့်သည် ဖားကန့်မြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာများသို့  ထွက်ပြေးနေကြရသည်ဟု အသက် ၃၀ ခန့်အရွယ် မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဓိကကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေများတယ်။ လူငယ် လူရွယ်အမျိုးသားတွေကတော့ တချို့က ရွာကိုမီးရှို့မှာလည်း ကြောက်တော့၊ သူခိုးတွေဝင်ခိုးမှာလည်း ကြောက်တော့ ရွာစောင့်နေခဲ့တာ” 

ဇွန် ၁၇ ရက်နေ့က မှော်စီစာရွာအနီးတိုက်ပွဲတွင် လက်နက်ကြီးကျည်ထိမှန် သေဆုံးသော အရပ်သားတစ်ဦး။ (ဓာတ်ပုံ- Tarlin Mg)

တိုက်ပွဲမရှိသေးသည့် ဆိုင်းတောင်၊ လုံးခင်းစသည့် ရွာကြီးများသို့ တိမ်းရှောင်နေကြရပြီး ဖားကန့်မြို့ပေါ် ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်သူများရှိသည်။

“ဖားကန့်မှာလည်း ပြည့်လျှံနေပြီ၊ ဘုန်းကြီးကျောင်းတွေထဲမှာဆိုရင် နေရာမလောက်လို့၊ အမိုးအကာအောက်မှာ နေရာမဆံ့တော့လို့ ဘုန်းကြီးကျောင်းရဲ့နေရာလွတ်တွေမှာ မိုးကာတွေနဲ့ ဆွဲပြီးတော့ အိပ်နေရတဲ့ အနေအထားရောက်နေတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ဇွန်လဆန်းမှစတင်ကာ ဖားကန့်မြို့သို့ ကုန်စည်ကူးသန်းနိုင်သည့် တစ်ခုတည်းသောလမ်းကြောင်း ဖြစ်သော ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ဖားကန့်မြို့သို့ ဆန်တင်ပို့ရောင်းချခွင့် ပိတ်ပင်လိုက်သည့်အတွက် နိုင်ငံအနှံ့မှ အလုပ်အကိုင်ရှာဖွေသူတို့ စုဝေးနေသော ဖားကန့်တွင် အချိန်မရွေး ဆန်ပြတ်လပ်သွားနိုင်သည်။

ဆန်စျေး နှစ်ဆတက်သွားသည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆန်ကြမ်းတောင် တစ်သိန်းခွဲ၊ တစ်သိန်းရှစ်သောင်းဝန်းကျင်လောက်ဖြစ်နေတယ်။ ပြတ်မယ်လိုကြား တော့ တချို့လည်း စိုးရိမ်ပြီးဝယ်ကြတာတို့ ဘာတို့ဆိုတော့ ဈေးက ပိုတက်လာတာပေါ့” ဟု ၎င်းက ဆိုသည်။

“အစ်ကိုတို့တော့ မဝယ်ရသေးဘူး၊ ကိုယ့်ထက်ခက်ခဲနိုင်တဲ့ လူတွေကို ဦးစားပေးလိုက်တယ်၊ သူတို့အရင် ဝယ်ကြပါစေ”  

သို့သော် ပြီးခဲ့သည့် ရက်အနည်းငယ်က စပြီး ဆန်ကားများ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသလို ပိတ်ထားသည့် ဆန်ဆိုင်များ ပြန်လည်ဖွင့်လှစ်နေသည့်အတွက် ဆန်ဈေး ပြန်လည်ကျဆင်းလာမည်ဟု   ဒေသခံတချို့က ပြောသည်။

စစ်ကောင်စီသည် လက်လွှတ်လိုက်ရသော နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးပမ်းနေရာ ရှမ်းမြောက်၊ ရှမ်းတောင်နှင့်ကယားပြည်နယ်အစပ် ဒေသများ၊ နိုင်ငံအလယ်ပိုင်း စဉ့်ကူး၊ မတ္တရာတို့အပြင် ဖားကန့်ကို လည်း ပစ်မှတ်ထားကာ ဝေဟင်ပစ်ကူ မြေပြင်စစ်ကူများဖြင့် ကြိုးပမ်းနေသည်။  

Related Articles

Back to top button