သတင်း

စစ်တပ်က နောင်ချိုမြို့ခံများအား  ဒံပေါက်ဝေကာ စည်းရုံး ဝါဒဖြန့်

နောင်ချိုသို့ ဌာနဆိုင်ရာ ဝန်ထမ်းများ ဝင်ရောက်လာသည့် ရုပ်သံများ၊ ဒေသခံအချို့ နေရပ် ပြန်လာသည့် ရုပ်သံများအား စစ်ကောင်စီထောက်ခံသူများက ဝါဒဖြန့်၊ ဖြန့်ဝေနေ ကြသည်။

စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် နောင်ချို မြို့တွင် စစ်တပ်ပြန်ဝင်လာပြီးနောက် မြို့ခံများအား ဒံပေါက်ဗူးများ ဝေကာ စည်းရုံးဝါဒ ဖြန့်နေသည်ဟု ဒေသခံများထံမှ သိရသည်။

တအာန်းပြည်သူ့လွတ်မြောက်ရေး (TNLA) တစ်နှစ်ကြာထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့တစ်ခုလုံးကို စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်နေ့တွင်  ပြန်လည်ထိန်းချုပ်ခဲ့ပြီး မြို့တွင် ကျန်နေသည့် အရပ်သားများအား ဒံပေါက်ဗူးများ ဝေငှကာ လိုက်လံစည်းရုံး ခဲ့သည်။

“ထမင်းဝေတာ တစ်နပ်စာပေါ့။ လူတွေ အဓိကလိုအပ်နေတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါက လက်နက်ကိုင်တိုင်း လုပ်ပြတတ်တဲ့ ပုံစံတစ်ခုပါပဲ” ဟု နောင်ချိုမြို့ခံတစ်ဦးက ဆိုသည်။

တစ်ဖက်တွင်လည်း စစ်တပ်က TNLA တပ်ဖွဲ့အား ထောက်ခံသည်ဟု ယူဆသူများအား လိုက်လံစစ်ဆေးနေသည်ဟု နောင်ချိုဒေသခံ နောက်တစ်ဦးက ဆိုသည်။

“စားစရာဝေတာ ဟန်ပြလုပ်ပြနေတာပေါ့ဗျာ။ တဖက်မှာ လူတွေကို ဖမ်းပြီးတော့ စစ်ဆေးနေတာရှိတယ်” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင် ၁၉ ရက်နေ့တွင် နောင်ချိုမြို့သို့ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည်ဝင်ရောက် လာ ပြီး အုပ်ချုပ်ရေး ယန္တရားများ စတင်လည်ရန် ပြင်ဆင်နေသည်ဟု နောင်ချိုမြို့ခံများက ဆိုသည်။

ဇူလိုင် ၂၂ ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်အား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ စာသင်ကျောင်းများလည်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

“ဝန်ထမ်းအကုန်တော့ မဟုတ်သေးဘူးပေါ။ ဘဏ်ဝန်ထမ်းတွေ၊ ရဲ၊ ထွေအုပ်တွေတော့ ပြန်ပြီး နေချထားနေပြီ။ ဒီရက်ထဲ စီးပွားရေးဘဏ်ဖွင့်မယ်။ ကျောင်းတွေတော့ ပြန်ဖွင့်ဖို့ လုပ်နေပြီ” ဟု နောင်ချိုမြို့  ဌာနဆိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နောင်ချိုသို့ ဌာနဆိုင်ရာ ဝန်ထမ်းများ ဝင်ရောက်လာသည့် ရုပ်သံများ၊ ဒေသခံအချို့ နေရပ် ပြန်လာသည့် ရုပ်သံများအား စစ်ကောင်စီထောက်ခံသူများက ဝါဒဖြန့်၊ ဖြန့်ဝေနေ ကြသည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းဆင်နွှဲခဲ့သည့် ၂၀၂၄ ဇူလိုင် ၁၀ ရက်နေ့တွင် TNLA ဦးဆောင် သည့် မဟာမိတ်တပ်များက နောင်ချိုမြို့ပေါ်ကို သိမ်းပိုက်ပြီးနောက် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာ အမြောက်တပ် (အမတ) ၉၀၂ ရှိရာ တောင်ခမ်းရွာထိ ထိန်းချုပ်နိုင်ခဲ့ သည်။

ကိုးကန့် MNDAA တပ်ဖွဲ့က လားရှိုးမြို့အား သိမ်းပိုက်ပြီးနောက် အပစ်ရပ်ရန် မြောက်ပိုင်းညီနောင်သုံးဖွဲ့အား တရုတ်က ဖိအားပေးသဖြင့် ၂၀၂၄ ဒီဇင်ဘာတွင် ထိုးစစ်များ ရပ်မည်ဟု TNLA က ထုတ်ပြန်ခဲ့ရာ တောင်ခမ်းဒေသ ထိုးစစ်များလည်း ရပ်သွားခဲ့သည်။

၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်က တောင်ခမ်း – အမတ ၉၀၂ မှ တပ်မ ၁၁၊ တပ်မ ၅၅ စစ်ကြောင်းနှစ်ကြောင်း၊ ပြင်ဦးလွင်မှ စစ်ကြောင်းတစ်ကြောင်း ဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ခြောက်လ အကြာတွင် နောင်ချိုမြို့အား ပြန်လည်သိမ်း ပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များက နောင်ချိုမြို့ကို သိမ်းပိုက်ထားစဉ်ကာလအတွင်း ပြန်လည် ထူထောင်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ မအောင်မြင်စေရန် စစ်တပ်က နောင်ချိုမြို့ကို လေကြောင်းလက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်ခဲ့သည်။

အရပ်သားများ အစုလိုက်အပြုံလိုက်သေခဲ့ရသည့် စစ်တပ်ဗုံးကြဲမှု

Myanmar Now က စုစည်းထားသည့် စာရင်းများအရ TNLA၊ DPLA နှင့် MDY-PDF တပ်ဖွဲ့ များ ပူးပေါင်း၍ နောင်ချိုမြို့ကို ၂၀၂၄ စက်တင်ဘာလမှ စတင်ကာ ၂၀၂၅ ဇူလိုင် ၇ ရက်နေ့ အထိ (တစ်နှစ်နီးပါး) ကာလအတွင်း စစ်ကောင်စီတပ်က နောင်ချိုမြို့ရှိ အရပ်သား ပစ်မှတ်များကို လေကြောင်းမှ အနည်းဆုံး ၂၀ ကျော် တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် သံဃာများ၊ ကလေးငယ်များနှင့် စစ်သုံ့ပန်းများ အပါအဝင် စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ပြီး၊ သံဃာ ၁၆ ပါးအပါအဝင် လူစုစုပေါင်း ၁၁၂ ဦး ဒဏ်ရာရခဲ့ သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားနှင့် စစ်သုံ့ပန်းများ အစုလိုက်အပြုံလိုက် သေဆုံးမှုလေးကြိမ် ဖြစ်ခဲ့သည်။

၂၀၂၅ မတ် ၁၆ ညနေ ၅ နာရီခွဲခန့်တွင် နောင်ချိုမြို့ တောင်ရပ်ကွက်ရှိ စိန်ရတနာပရိယတ္တိ စာသင်တိုက်အား ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကိုရင် ၅ ပါး၊ ဦးဇင်း ၂ ပါးနှင့် အရပ်သား ၃ ဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့သည်။ ကိုရင် ၁၄ ပါးအပါအဝင် ၁၈ ဦး ဒဏ်ရာရခဲ့သည်။

၂၀၂၅ ဇန်နဝါရီ ၂၂ ရက် မနက် ၁၁ နာရီခန့်တွင် နောင်ချိုမြို့ရဲစခန်းအနီးရှိ ပါရမီလက်ဖက် ရည်ဆိုင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဆိုင်ရှင်မိသားစု၊ ဝန်ထမ်းများ၊ ဖြတ်သန်းသွားလာသူများနှင့် ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အိုများအပါအဝင် ၁၀ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး ၃ ဦးပါဝင်သည်။

၂၀၂၄ နိုဝင်ဘာ ၁၂ နှင့် ၁၄ ရက်နေ့များတွင် လန်းဆန်းလက်ဖက်ရည်ဆိုင်နှင့် လုံးစံရွာ တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဒေသခံများ၊ ခရီးသွားများအပါအဝင် ၁၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့သည်။

၂၀၂၄ အောက်တိုဘာ ၂၈ နှင့် ၃၀ ရက်နေ့များတွင် ဟိုခိုရွာရှိ မန္တလေးပြည်သူ့ကာကွယ်ရေး MDY-PDF ၏ အချုပ်ခန်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်အရာရှိ ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၁၆ ဦး သေဆုံးပြီး အချုပ်သား ၆၀ ကျော် ဒဏ်ရာရခဲ့သည်။

သေဆုံးသူများတွင် စခတ (၂) ၇ မိုင်စခန်းမှ ဖမ်းမိသည့်  အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူး နေဝင်း၊ စခတ (၂) သပိတ်ကျင်းမှ ၄၉ နှစ်အရွယ် တပ်ကြပ် ကိုကိုအောင်၊ အမတ – ၃၁၉ မိထ္ထီလာက ၄၉ နှစ်အရွယ် တပ်ကြပ်ကြီးစာရေး အောင်လွင်နှင့် ပျူစောထီးအဖွဲ့ဝင် ၅၄ နှစ် အရွယ် ဦးဂျော်နီအောင်တို့ ပါဝင်သည်ဟုဆိုသည်။ 

၂၀၂၄ မတ် ၂၆ ညနေ ၆ နာရီခန့်တွင် အုမ္မခါးရွာ၊ သုံးဆယ်ရွာနှင့် ရွှေညောင်ပင်ရွာများအား တိုက်လေယာဉ် ၂ စင်းဖြင့် တိုက်ခိုက်ခဲ့သည်။ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစု ပေါင်း ၄ ဦး သေဆုံးခဲ့သည်။

၂၀၂၄ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍  အသက် ၄၀အရွယ် ဒေါ်ချိုမြင့်အပါအဝင် မိသား စုဝင် ၃ ဦး သေဆုံးခဲ့ သည်။

နောင်ချိုမြို့၏ တောင်ရပ်ကွက်၊ ဈေးရပ်ကွက်၊ ထွေအုပ်ရုံး၊ စည်ပင်ရုံး၊ ရဲစခန်း၊ ဆေးရုံ နှင့် သပြေရေးရပ်ကွက်၊ အင်းဝိုင်းရွာ သကြားစက်၊ ဆမ္မဆယ်ရွာ သကြားစက်၊ အုမ္မခါး ရွာ၊ သုံးဆယ်ရွာ၊ ယာပြင်ရွာ စသည့်နေရာများကို လေကြောင်းမှ ၆ကြိမ်တိုက်ခိုက် ခဲ့ သည်။ 

တစ်ကြိမ်လျှင် အရပ်သား သုံးဦး သေဆုံခဲ့ရာ ကလေးငယ်များ အပါအဝင်စုစုပေါင်း သေဆုံးသူ ၁၈ဦးရှိခဲ့သည်။ သံဃာ ၂ ပါးနှင့် ကလေးငယ်အများအပြားလည်း ဒဏ်ရာ ရရှိခဲ့သည်။

၂၀၂၄ နိုဝင်ဘာ ၁၈ ရက် အင်းဝိုင်းရွာဗုံးကြဲမှုအတွက် အမျိုးသား ၁ ဦး၊ အောက်တိုဘာ ၂၇ ရက် တိုက်ခိုက်မှုတွင် အမျိုးသား ၁ ဦး၊ ၂၀၂၅ ဇန်နဝါရီ ၂၁ ရက် တိုက်ခိုက်မှုတွင် အမျိုး သမီး ၁ ဦး သေဆုံးခဲ့သည်။

ဌာနဆိုင်ရာအဆောက်အအုံများ (ဆေးရုံ၊ ရဲစခန်း၊ ကျောင်း) နှင့် လူနေအိမ်များ ပျက်စီးခဲ့သည်။

အဆိုပါ ဗုံကြဲခဲ့သည့် နေရာများ သည် TNLA အား  ထောက်ခံသူများဖြစ်၍ စစ်တပ်မှ လေ ကြောင်းမှ ဗုံးကြဲ ရှင်းလင်းခြင်း ဖြစ်သည်ဟု နောင်ချိုသို့ပြန်ဝင်လာသည့် စစ်ကောင် စီ ထောက်ခံသူများက ဝါဒဖြန့်သည်။

ဇူလိုင် ၁၉ ရက်နေ့တွင် စစ်တပ်က နောင်ချိုမြို့သို့ စစ်ယာဉ်တန်း ၂၀ ကျော်ဖြင့် အင်အား ထပ်မံဖြည့်တင်းခဲ့သည်။

နောင်ချိုကို သိမ်းပိုက်ထားသည့် စစ်တပ်သည် TNLA ထိန်းချုပ်ရာ ကျောက်မဲနှင့် မိုးကုတ်ကို ဆက်လက် ထိုးစစ်ဆင်မည်ဟု စစ်တပ်ထောက်ခံသူများက ဆိုသည်။

“ကျောက်မဲကို သိမ်းနိုင်မှ တော်လှန်ရေးတပ်တွေရဲ့ ထောက်ပို့လမ်းတွေကို ဖြတ်နိုင် မယ်၊ မိုးကုတ်ဘက်လည်း အဆက်ဖြတ်လို့ရမယ်။ ဒါကြောင့် ကျောက်မဲ ဆက်သိမ်းမယ်၊ ပြီးရင် မိုးကုတ်ကို သိမ်းမယ်လို့ သိရတယ်” ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဇူလိုင် ၁၃ ရက်နေ့တွင် နောင်ချို–ကျောက်မဲကို ဆက်သွယ်ထားသည့် ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ဂုတ်တွင်းလမ်းတလျှောက် TNLA နှင့် တော်လှန်ရေးတပ်များက ခံစစ်ပြင်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

နောင်ချိုမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများ ဆက်လက်ရှိနေသည် ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“နောင်ချိုမြို့ပေါ်ကတော့ မြို့ထိခိုက်မှာကြောင့် ဆုတ်ပေးလိုက်ရတာ မှန်ပါတယ်။ တစ်မြို့နယ်လုံး ကနေ ဆုတ်တာမဟုတ်သေးပါဘူး။ ဂုတ်တွင်းလမ်းပိုင်းကနေတော့ ဆုတ်တာ မရှိပါဘူး” ဟု TNLA ၏မဟာမိတ်တပ်ဖြစ်သသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် (DPLA တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နောင်ချိုနှင့် ၁၄ မိုင်အကွာရှိ ဆမ္မဆယ်ကျေးရွာနှင့် အုမ္မခါး–နောင်ချိုလမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နောင်ချိုကို သိမ်းပြီးနောက် ကျောက်မဲမြို့အား ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့် စစ်တပ်က ကျောက်မဲမြို့ပေါရှိ အရပ်သားပစ်မှတ်များကို လေကြောင်းမှ မကြာခဏ ဗုံးကြဲနေသည်။

ကျောက်မဲမြို့တွင် ရပ်ကွက် ၉ ခုရှိပြီး လူဦးရေ ၅ သောင်းဝန်းကျင် နေထိုင်သည်။

လေကြောင်းတိုက်ခိုက်ခံရမှုများနှင့် စစ်ပွဲသတင်းများကြောင့် ကျောက်မဲမြို့ပေါ်မှ လူဦးရေ ထက်ဝက်နီးပါးက လားရှိုးသို့ စစ်ရှောင်သွားကြသည်ဟု ကျောက်မဲမြို့ခံ တစ်ဦးက ပြောသည်။

“နောင်ချိုပြီးတော့ ကျောက်မဲလားပေါ့။ လေယာဉ်ဗုံးအဆက်မပြတ်ကြဲတော့ လူတွေကြောက်ပြီး ပြေးကြတာ။ သတင်းတွေလည်း အမျိုးမျိုး ထွက်နေတယ်။ မြို့ခံတွေကတော့ အဆင်ပြေပြေ ပြီးသွားစေချင်တာပါပဲ” ဟုလည်း ပြောသည်။

Myanmar Now ပြုစုသည့် စာရင်းအရ နောင်ချိုတိုက်ပွဲ ပြင်းထန်နေသည့် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင် ၁၅ ရက်နေ့အတွင်း ကျောက်မဲမြို့ရှိ အရပ်သားပစ်မှတ်များကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်အထိ ပြုလုပ်ခဲ့သည်။

အမျိုးသမီး ၅ ဦးအပါအဝင် လူ ၇ ဦးသေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်မဲနှင့် မိုင် ၂၀ကျော် အကွာ သီပေါမြို့တွင်လည်း စစ်တပ်၏ မကြာခဏ ဗုံးကြဲမှု ကြောင့် မြို့ခံများ လားရှိုးသို့ စစ်ရှောင်နေကြပြီး လားရှိုးမြို့ခံများက ကူညီရန် ပြင်ဆင်နေ ကြသည်ဟု ဒေသခံများက ပြောသည်။

နောင်ချို၊ သီပေါနှင့် ကျောက်မဲမြို့များသည် တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် အရေးပါသည့် မြို့များဖြစ်သည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲ၌ TNLA ထိန်းချုပ်ထားသည့် နောင် ချို၊ ကျောက်မဲအပါအဝင် ငါးမြို့အား ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့ရာ သဘော တူညီမှု မရခဲ့ဘဲ စစ်ကောင်စီတပ်က ရှမ်းမြောက်ဝင်ပေါက် နောင်ချိုမြို့ကို ထိုးစစ်ဆင်၍ သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့များကြားတွင် လာမည့် ဩဂုတ်လ တွင် ဆက်လက်တွေ့ဆုံ ရန် သဘောတူထားပြီး၊ ထိုတွေ့ဆုံပွဲမတိုင်မီ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထား သည့် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များအား လေကြောင်းမှ နေ့စဉ်နီးပါး ဖိအားပေး တိုက်ခိုက်နေသည်။

Related Articles

Back to top button