တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ချေရှိသော ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့အရှေ့ခြမ်းတွင် ဒေသခံ တစ်သောင်းဝန်းကျင်သည် ကရင်နီ တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေသို့ မပြောင်းရွှေ့နိုင်သေးဘဲ ကျန်ရှိနေသေးကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။
စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်တပ်များသည် မေလ ဒုတိယပတ်မှ စတင် ကာ ဖယ်ခုံဘက် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ တိုက်ပွဲကြား မပိတ်မိစေရန် ကရင်နီကယ်ဆယ် ရေးအဖွဲ့များသည် ဇွန်လဆန်းတည်းက ကားများဖြင့် ခေါ်ထုတ်ခဲ့ကြသည်။
ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ခြမ်းတွင် လူဦးရေ သုံးသောင်းကျော်နေထိုင်သည့်အနက် လူနှစ်သောင်း ဝန်းကျင်ကို တော်လှန်ရေးနယ်မြေဘက်သို့ ခေါ်ထုတ်နိုင်ခဲ့သော်လည်း တစ်သောင်းဝန်းကျင်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည်ဟု IEC ထံက သိရသည်။
“တချို့လူထုတွေက ယခင်အတွေ့အကြုံအရ မထွက်လည်း ရတယ် ဆိုတဲ့အမြင်ရှိတဲ့တွက် မထွက်တဲ့ သဘောပါ။ နောက်တစ်ခုက ကယ်ထုတ်တဲ့ချိန်မှာ အချိန်မီ လိုက်ပါဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုပြီး နေလိုက်တော့ ထွက်မည့်ချိန်ကြတော့ လမ်းက ပိတ်သွားလို့ပါ” ဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန် အောင်က Myanmar Now ကို ပြောသည်။
စစ်တပ်နှင့် PNO က လူအင်အား၊ လက်နက်ကြီးအပြင် လေကြောင်းပစ်ကူများဖြင့်ပါ စစ်ကြောင်းထိုး လာသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနှင့်ဖယ်ခုံမြို့နယ် ၁၆ ရွာမှ ဒေသခံ နှစ်သောင်းကျော်သည် ဘေးလွတ်ရာကို အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ကျေးရွာများလည်းမီးရှို့ဖျက်ဆီးခံရ သည်။
ပအိုဝ်းဒေသ လုံခြုံရေးအတွက်ဟုဆိုကာ PNO ပြည်သူ့စစ်က စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ရှမ်း- ကယားနယ်စပ် ပင်လောင်း၊ ဖယ်ခုံမြို့နယ်များအထိ ထိုးစစ် အရှိန်မြင့်လာသဖြင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေသည်။
စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့တောင်ဘက် မိုးဗြဲမြို့ကို ဇူလိုင်လဆန်းတွင် ပြန်သိမ်းလိုက်ပြီးနောက် မိုးဗြဲမြို့နှင့် ပြည်နယ်မြို့တော် လွိုင်ကော်ကို ဆက်သွယ် ထားသော ကားလမ်းတစ်လျှောက်ထိန်းချုပ်ခဲ့ သည်။
ပြည်နယ်မြို့တော် လွိုင်ကော်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နှင့် လက်အောက်ခံတပ်များ အခြေစိုက်ပြီး မြို့တစ်ခုလုံးကို ထိန်းချုပ်ထားသည်။
ဖယ်ခုံအရှေ့ခြမ်းမှ ဒေသခံများကို ကယ်ထုတ်ရာတွင် မိုးဗြဲ-လွိုင်ကော်ကားလမ်းကိုသာ အဓိက အသုံးရ ပြုကြရရာ ထိုလမ်းကို စစ်ကောင်စီက ရသွားသဖြင့် ကားလမ်းပိတ်သွားသည့်အကြောင်းမှာလည်း တစ်ချက်အပါအဝင်ဖြစ်သည်ဟု အရပ်သားများကို ကားဖြင့် ခေါ်ထုတ်ပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အခြေအနေကတော့ ဆက်ထုတ်လို့ မရတော့ဘူး။ စစ်ရှောင်ကယ်ထုတ်တဲ့ လမ်းကြောင်း တစ်ကြောင်းပဲ ရှိတယ်”
အရပ်သားများကို တိုက်ပွဲတွင်း ကြားညှပ်မည်စိုးရိမ်သဖြင့် ကားဖြင့် ခေါ်ယူကယ်ထုတ်မှုများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်သည့် ကရင်နီတော်လှန်ရေးတပ်များ၏ ၁ လေးလုံးစစ်ဆင်ရေးစကတည်းက တော်လှန်ရေးတပ်နှင့် နီးစပ်သည့် ကယ်ဆယ်ရေးအဖွဲ့များက တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့သည်။
အဆိုပါကယ်ဆယ်ရေးအဖွဲ့၏ ကားနှင့် လိုက်မည်ဆိုပါက ပြည်သူများသည် ၎င်းတို့တစ်နိုင် တစ်ကိုယ် ရည်သုံးပစ္စည်းများသာ သယ်ခွင့်ရပြီး လေးလံသည့် ပစ္စည်းအများအပြား မသယ်ယူနိုင်ကြပေ။

ထို့နောက် တော်လှန်ရေးတပ်များနေရာချပေးသည့် စစ်ရှောင်စခန်းများတွင် ပလတ်စတစ်အမိုးအကာဖြင့် ပြုလုပ်သော တဲများ၌ နေထိုင်ကြရသည်။
မိမိပိုင်ပစ္စည်းအများအပြားကို မထားခဲ့လိုသည့် ဒေသခံတချို့က နေအိမ်များမှ မစွန့်ခွာလိုကြကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။
ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ကမူ တော်လှန်ရေးတပ်များဘက်က စစ်ရှောင်များအတွက် စားရေးနေရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာကိစ္စများ တတ်နိုင်သမျှ ကူညီ သော်လည်း အပြည့်အဝ ကူညီပေးနိုင်သည့်အခြေအနေမရှိကြောင်း ပြောသည်။
ထို့ကြောင့် ပြည်သူတချို့သည် တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေသို့ရောက်လာသော်လည်း ဆက်မနေ ကြဘဲ ၎င်းတို့နေထိုင်ခဲ့ရာ နေအိမ်နှင့်ခြံသို့ ပြန်သူတချို့ရှိကြောင်း ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“အဲဒီအခါကျတော့ တချို့လည်း အသက်စွန့်ပြီး သွားတာမျိုးတွေရှိတယ်။ ဒီတစ်ရက် ၊ နှစ်ရက်တုန်းက လည်း မိုးဗြဲကိုပြန်သွားကြတဲ့ စစ်ရှောင်တချို့ရှိတယ်။ သူတို့ကို စစ်တပ်က ဖမ်းတာတော့မဟုတ်ဘူးပေါ့။ ခေါ်ပြီး စစ်ဆေးတယ်။ မေးမြန်းတယ်။ ပြီးရင်တော့ ပြန်လွှတ်ပေးတယ်” ဟု ပြောသည်။
အဖမ်းခံရပါက မသတ်ဘဲ ပြန်လွှတ်ပေးမှု ရှိနိုင်သလို နှိပ်စက်သတ်ဖြတ်ခံရနိုင်ချေလည်း ရှိကြောင်း ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။
“ အခြေအနေကတော့ အမျိုးမျိုးဖြစ်သွားနိုင်တယ်။ ကျွန်တော်တို့အမြင်ကတော့ သတိကြီးကြီးထားပြီး သွားလာစေချင်တယ်။ ကျွန်တော်တို့တော်လှန်ရေးတပ်တွေဘက်ကတော့ ဖြတ်သန်းသွားလာတာတွေကို လုံးဝ တားမြစ်ထားတာမျိုးတော့ရှိတယ်”
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကရင်နီပြည်နယ် ကျေးလက်ဒေသသို့ ရောက်နေသော ဖယ်ခုံအရှေ့ခြမ်းမှ စစ်ရှောင်များအတွက်လည်း အမိုးအကာ နှင့် အရေးပေါ်အသုံးအဆောင်ပစ္စည်းများ လိုနေကြောင်း ကရင်နီပြည်နယ်အခြေစိုက် Karenni People’s Voice သတင်းဌာနက ရေးသားသည်။
စစ်ကောင်စီကို ထောက်ခံရေးသားကြသူများကမူ စစ်ကောင်စီတပ်သည် ကရင်နီဒေသ ဝင်ပေါက်ဖြစ် သော မိုးဗြဲကို ပြန်ရပြီးနောက် ကရင်နီတော်လှန်ရေးတပ်များ ဝင်ရောက်စစ်ရေးလှုပ်ရှားသည့် လွိုင်ကော် မြို့တောင်ဘက် ဒီးမော့ဆိုမြို့ကို ထိုးစစ်ဆင်လာနိုင်ကြောင်း တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေ ကြသည်။
ဒီးမော့ဆိုတွင် စစ်ကောင်စီ၏ အမှတ် (၁၀၂) ခြေလျင်တပ်ရင်းတပ်ရှိပြီး ကရင်နီတော်လှန်ရေးတပ်များ၏ ဝိုင်းရံပိတ်ဆို့မှုခံ ထားရသော်လည်း လက်နက်မချဘဲ ခုခံနေသည်။
ကရင်နီတော်လှန်ရေးတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကမူ စစ်ကောင်စီတပ်ဘက်က ဒီးမော့ဆိုကို ထိုးစစ်ဆင်လာပါက ခုခံသွားရန် ပြင်ဆင်ထားကြောင်း ဆိုသည်။
ကရင်နီပြည်နယ်မြောက်ဘက် စစ်မျက်နှာတွင် စစ်ကောင်စီက စစ်ကြောင်းထိုးပြီး စစ်ရေးအရေးသာနေ စဉ် ကရင်နီတော်လှန်ရေးတပ်များသည် ဖားဆောင်းမြို့ရှိ အမှတ် (၁၃၅) ခြေလျင်တပ်ရင်းကို သိမ်းရန် ကြိုးပမ်းနေသည်။




