အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်များ သိမ်းပိုက်ထားသည့် နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း စဉ့်ကူး၊ သပိတ်ကျင်းမြို့များနှင့် မြန်မာပြည်အထက်ပိုင်းမြို့များသို့ ဦးတည်၍ စစ်သင်္ဘော ၂၀ ကျော်သည် မန္တလေးဆိပ်ကမ်းမှ ယနေ့ ထွက်ခွာသွားကြသည်ဟု မြို့ခံများက ပြောသည်။
ယနေ့(ဇူလိုင် ၁၇) နံနက်အစောမှစကာ မန္တလေးမြို့ ၃၅လမ်း ၊ လမ်း၉၀အနီး ရတနာပုံသင်္ဘောကျင်းတွင် ပေပင်ဆိပ်၊ရွှေကြက်ယက်သင်္ဘောဆိပ်တို့ဘက်မှ စစ်သင်္ဘောများအပါအဝင် ရေယာဉ် အစီး ၂၅ စီး ထက်မနည်း ရပ်နားကာ ထွက်ခွာရန်ပြင်ဆင်ခဲ့သည်ဟု ကမ်းနားလမ်းတွင် နေထိုင်သူအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
အမြှောက်များတင်ဆောင်ထားသည့် တိုက်သင်္ဘောတစ်စီး၊ စစ်စိမ်းရောင် စစ်သင်္ဘောနှစ်စီး၊ ကမ်းထိုး သင်္ဘော သုံးစီး၊ သဲစုပ်ဟုခေါ်ဝေါ်သည့် သင်္ဘောနှစ်စီး၊ တွဲတွန်းသင်္ဘော ၁၂စီး၊ တွဲသင်္ဘော ၆ စီး နှင့် စုစုပေါင်း သင်္ဘောအစီး၂၅ စီးသည် စစ်သားများ၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးများ တင်ဆောင်ထား သည်ဟု သိရသည်။
“တိုက်သင်္ဘောတစ်စီး အမြှောက်တွေပါတယ်။ ပြောက်ကျားသုတ်ထားတယ်။အဲဒီကောင်က ရှေ့ကနေပွိုင့် ယူထားတယ်။ အဲဒီနောက်မှာမှ ကမ်းထိုးတစ်စီး ၊ ဂေါ်ပါတဲ့ကောင်ပေါ့နော်။ သူက တစ်စီးလိုက်တယ်။ အဲဒီနောက်မှာမှ သဲစုပ်နှစ်စီး၊ စစ်စိမ်းရောင် နှစ်စီးလိုက်တယ်။ စုစုပေါင်း ၆ စီးနဲ့ နောက်တက်လာတဲ့ သင်္ဘောတွေရောစုစုပေါင်း၂၅ စီးဖြစ်သွားပြီ”ဟု မြို့ခံအမျိုးသားက ပြောသည်။
အဆိုပါသင်္ဘောများသည် ရတနာပုံသင်္ဘောကျင်းမှဖြည်းဖြည်းချင်း အင်အားစောင့်၍ထွက်ခွာနေကာ နံနက် ၈ နာရီခန့်တွင် မန္တလေးမြို့ ၂၉ (A)လမ်းတည့်တည့်ရှိ ဘောဂဆိပ်တွင် စုဆုံကာ နောက်လာမည့် စစ်သင်္ဘောများကိုစောင့်နေပြီး ၁၁ နာရီခန့်တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း စတင်ထွက်ခွာသွားကြပြီး မင်းကွန်းသို့ဖြတ်နေသည်ဟု ဒေသခံများထံက သိရသည်။
အထက်ပါအမျိုးသားက သင်္ဘောများပေါ်တွင် စစ်သားအင်အား ၉၀၀ ခန့်ပါနိုင်ကြောင်း သူက ခန့်မှန်း သည်။
“ရိက္ခာရယ်၊ဆေးဝါးရယ်၊နောက် လက်နက်ခဲယမ်းရယ်တင်ထားတယ်။ မနေ့ကတော့ ဆီနိုထရပ် အစီး၂၀နဲ့ အင်အားချသွားတယ်ပြောတယ်။ တစ်စီးကို ခန့်မှန်းအင်အား ၄၅ ယောက်ဆိုတော့ ၉၀၀ လောက်တော့ ရှိမယ်”ဟု အထက်ပါသူက ပြောသည်။
အဆိုပါသင်္ဘောများသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) သိမ်းထားသည့် စဉ့်ကူးမြို့နှင့်တိုက်ပွဲပြင်းထန်နေရာ စဉ့်ကူးမြောက်ဘက် သပိတ်ကျင်းမြို့ နှင့် အထက်ပိုင်းမြို့များသို့ ဦးတည်မည်ဟု မြို့ခံများက ယူဆနေကြသည်။
အဆိုပါသင်္ဘောများ မန္တလေးမှထွက်ခွာနိုင်ရန် ဆိပ်ကမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်သား များက လုံခြုံရေးရယူထားသည်ဟု မန္တလေးမြို့အနောက်ပိုင်းဒေသခံများကလည်း ပြောကြသည်။
ယမန်နှစ်က မန္တလေးမြို့မှ ကချင်ပြည်နယ် ဗန်းမော်သို့ဆန်တက်သည့် စစ်သင်္ဘောများသည် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်တွင် မြစ်ကြောင်းဝဲယာသို့ လက်နက်ကြီးလက်နက်ငယ်များ ရမ်းသမ်းပစ်ခတ် သဖြင့် မြစ်ကြောင်းတလျှောက်ကျေးရွာများ ထိမှန်ကာလူများသေဆုံးခဲ့ပြီး အိုးအိမ်များလည်းဆုံးရှုံးခဲ့ရ သည်။
“မနှစ်က ဗန်းမော်အထိဆန်တက်တဲ့သင်္ဘောတွေနဲ့ တော်လှန်ရေးအဖွဲ့တွေ အပြန်အလှန်တိုက်ခိုက်ကြ တယ်။ စစ်သင်္ဘောတွေအထိနာတယ်။ သူတို့ကလည်း မြစ်ကြောင်းတစ်လျှောက် အကုန်ရမ်းသမ်းပစ်သွား တာ လူတွေသေကြတယ်။ (စစ်ကိုင်းတိုင်း) ကသာဖက်မှာဆိုလည်း အမြှောက်တွေနဲ့ အကုန်ရမ်းသမ်းပစ် ခတ်သွားတာ ကသာမြို့ကနေအိမ်တွေပျက်စီးကြတယ်”ဟု ကသာမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါသင်္ဘောများကို လမ်းတစ်လျှောက်တော်လှန်ရေးတပ်ဖွဲ့များကလည်း တိုက်ခိုက်ခဲ့ကြပြီး သင်္ဘော များ မီးလောင်၍ ပျက်စီးဆုတ်ခွာရမှုများလည်းရှိသည်။
စစ်သင်္ဘောများ မိမိနေထိုင်ရာ ဝန်းကျင်သို့မရောက်လာမီ ပြည်သူများအနေဖြင့် စိတ်ချလုံခြုံသည့်နေရာ များသို့ ရှောင်ရှားနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးနေကြသည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထိုစစ်သင်္ဘောများသည် တိုက်ပွဲများပြင်းထန်နေသော မတ္တရာ၊ သပိတ်ကျင်းဘက် စစ်ကူတက်လာသည်ဟု ယူဆရကြောင်းပြောသည်။
“ မန္တလေးကနေ စစ်သင်္ဘောတွေတက်ဖို့ဆိုရင်တော့ မတ္တရာတို့၊ သပိတ်ကျင်းတို့ အဲဒီဘက်တွေ စိတ်ပူရ နိုင်တာပေါ့နော်။ မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ မြို့တွေ၊ရွာတွေ၊မတ္တရာဆိုလည်း တိုက်ပွဲတွေဖြစ်နေတော့ အရင်တုန်းကဆို သူတို့ရေကြောင်းကနေ ဒရုန်းတွေတိုက်တာတွေရှိတော့လေ ၊တွင်းငယ်ဖက်တွေလည်း အဲဒီလိုပါပဲ။ ရေကြောင်းကနေ အကုန်လုံးပေါ့” ဟု PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောသည်။
“ ဒီဘက်က သိမ်းထားတဲ့နေရာတွေမှာ သူတို့စစ်ကူပေးဖို့တက်လာတယ်လို့ မှန်းရတယ်။ ဒီမြို့ရွာတွေ တလျောက်ကတော့ အကုန်လုံးပေါ့နော်။ ဗုံးခိုကျင်းတွေ တူးထားတာတို့လုပ်ရမှာပေါ့။ သင်္ဘောတွေက လက်နက်ကြီးတွေ ပါတယ်လေ။ ပစ်တာတွေရှိတယ်။ သူတို့က စစ်ကြောင်းတွေလာရင် လေကြောင်းနဲ့ လမ်းရှင်းတာတို့ ၊ ရေကြောင်းနဲ့ရှင်းပြီးတော့မှ ကြည်းကြောင်းနဲ့ထိုးတာတို့ အဲဒီလိုတွေရှိတော့လေ”
ဒေသခံများအနေဖြင့် ဗုံးခိုကျင်းများတူးရန် ၊ တိမ်းရှောင်ရန် ပြင်ဆင်ထားမှုများလိုကြောင်း ရဲဘော် နီနီကျော်က ဆိုသည်။
“ သူတို့ (စစ်ကောင်စီ) က ကြီးကြီးမားမား ထိုးစစ်တွေထိုးချင်လာရင် ခုလိုလုပ်တာပဲ”
PLA သည် နိုင်ငံအလယ်ပိုင်းတွင်လည်း စစ်ဒေသခွဲကာ ဒေသအခြေစိုက်တော်လှန်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။
ရေကြောင်းလမ်း ဖွင့်နိုင်ရန် စစ်ကောင်စီ ဘယ်လိုထိုးဖောက်သလဲ
စစ်ကောင်စီသည် ယမန်နှစ်နှစ်လယ်မှ စကာ ရေကြောင်းမှတဆင့် နိုင်ငံအလယ်ပိုင်းသို့ထိုးဖောက်နိုင်ရန် မြစ်ကမ်းဘေး မတ္တရာအနောက်ခြမ်းနယ်တွင် ခြေကုပ်ယူထားသော တော်လှန်ရေးအဖွဲ့ဝင်များကို စစ်ကြောင်းထိုးခဲ့သည်။
၂၀၂၄ စက်တင်ဘာလတွင် မန္တလေးမြို့မြောက်ဘက် ၅ မိုင်ခန့်အကွာမှ ဧရာဝတီ မြစ်ကမ်းဘေး မတ္တရာ မြို့နယ်၊ သုံးဆယ်ပေးကျေးရွာအပါအဝင် မြစ်ကမ်းဘေးရွာများကို စစ်ကြောင်း ၂ ကြောင်းခွဲကာ စစ်တပ် စီးနင်းခဲ့၍ ကာကွယ်ရေးအဖွဲ့များက စခန်း ဆုတ်ပေးလိုက်ရသည်။
မတ္တရာဒေသသည် မန္တလေးမြို့သို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်နိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး စစ်ရေးအရ အချက်အချာကျသလို စစ်ကောင်စီတပ်အနေဖြင့်လည်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းနယ်များကို ပြန်ထိုးစစ်ဆင်ရန် မတ္တရာဘက်မှ စတင်ထိုးဖောက်ရမည် ဖြစ် သည်။
မတ္တရာမြို့နယ် အနောက်ခြမ်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အခြေစိုက်ထားသည်၊ မြို့နယ်အရှေ့ခြမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က စစ်ရေးလှုပ်ရှားကာ ထိုအဖွဲ့များအားလုံးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ် များ ဖြစ်ကြသည်။
သုံးဆယ်ပေးကျေးရွာရအပြီး နိုဝင်ဘာ ၁၇၊ နံနက် ၃ နာရီမှ စတင်ကာ စစ်ကောင်စီတပ်သည် မတ္တရာနှင့် မန္တလေးမြို့ ဘက်မှ လာသော စစ်အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၂ ကြောင်း ခွဲကာ သုံးဆယ်ပေး ရွာမြောက်ဘက် မြစ်ကမ်းဘေးကျေးရွာများကို စတင် ထိုးစစ်ဆင်ခဲ့သည်။
သုံးဆယ်ပေးရွာကိုရပြီးနောက် ရေလမ်းကြောင်းပွင့်သွားသော စစ်ကောင်စီသည် စစ်သင်္ဘောနှစ်စီးပါဝင် သည့် ရေတပ်၏ ပစ်ကူ၊ လေတပ်၏ တိုက်ခိုက်မှုများလည်းအသုံးပြုခဲ့သည်။
၆ ရက်တာထိုးစစ်အပြီး စစ်ကောင်စီသည် မတ္တရာအနောက်ခြမ်းတစ်ခုလုံး ထိန်းချုပ်နိုင်ကာ ရေလမ်း စိုးမိုးထားနိုင်ခဲ့သလို MDY-PDF ထိန်းချုပ်သည့် မတ္တရာအရှေ့ခြမ်းကိုပါ ခြိမ်းခြောက်လာနိုင်ခဲ့သည်။
တော်လှန်ရေးတပ်များ ပြန်ခြေမချစေရန် မြစ်ကမ်းဘေးကျေးရွာများကို ဒီဇင်ဘာအတွင်း စစ်တပ်က အကြိမ်ကြိမ် ဆက်တိုက်မီးရှို့နေ၍ ရွာများရှိနေအိမ်များ ကုန်လုနီးပါးဖြစ်ခဲ့ပြီး ဒေသခံ ထောင်ချီ ထွက် ပြေးခဲ့ကြရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ ထိုးစစ်သည် မတ္တရာအရှေ့ခြမ်းသို့ ဦးတည်နေပြီး မတ္တရာမြို့ အထက် ဘက် စဉ့်ကူးမြောက်ဘက် သပိတ်ကျင်းမြို့ အနီး ၄ မိုင်အကွာတွင်လည်း စစ်ကောင်စီတပ်က ရောက်လာ နေသည်။
တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသော စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်သို့ ရေကြောင်းမှ ထိုးစစ် ဆင်ရန် စစ်ကောင်စီက အကြိမ်ကြိမ် ကြိုးပမ်း ခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များက ကြားဖြတ် ဟန့်တားနိုင်ခဲ့ပြီး မန္တလေးအထက် မတ္တရာမှ စတင်ကာ ပိတ်ဆို့ဟန့်တားနိုင်ခဲ့ကြသည်။
ယခု စစ်သင်္ဘောများ အထက်သို့ စုန်သွားသဖြင့် ဒေသတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားလာနိုင်သော ကြောင့် တော်လှန်ရေးအင်အားစုများက မြစ်ကြောင်းတစ်လျှာက်ရွာများကို သတိပေးမှုများ ပြုလုပ်နေကြ သည်။
ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းလာသည့် စစ်ကိုင်းတိုင်းအတွင်း ကြားဖြတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုတို့ ရင်ဆိုင်ရသည့် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသများသို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်း သယ်ဆောင်ရေးအတွက် ချင်းတွင်းမြစ်ကြောင်းကိုလည်း အသုံးပြုသည်။
မိုးရာသီ ချင်းတွင်းမြစ်အတွင်း ရေများချိန်တွင် တွန်းသင်္ဘောများ၊ စစ်သင်္ဘောများပါသော စစ်ကောင်စီ ရေယာဉ်အုပ်စုများကို ဒေသကာကွယ်ရေးအဖွဲ့များကလည်း ချင်းတွင်းမြစ်ကမ်းပါးမှ လက်လုပ်သေနတ်၊ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။
စစ်ကောင်စီ ရေယာဉ်အုပ်စုများက လူနေကျေးရွာများပါမရှောင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြစ်ကြောင်းတစ်လျှောက်ကျေးရွာများမှ ဒေသခံများမှာ စစ်ကောင်စီ ရေကြောင်းသတင်းကို နားစွင့်ပြီး မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရသည်။




