တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့သို့ သွားရောက်မည့် မော်တော်ကားအားလုံးကို စစ်ကောင်စီတပ်က ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းနှင့် မြစ်ကြီးနားမြို့အထွက် ၂၁ မိုင် စစ်ဆေးရေးဂိတ်တို့တွင် တားဆီးပြီး ပြန်လှည့်ခိုင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် အစောပိုင်းမှ စတင်ကာ မြစ်ကြီးနာမြို့အနောက်ဘက်ရှိ ၂၁ မိုင် စုပေါင်းဂိတ်တွင် ဖားကန့်မြို့သို့ ဦးတည်သွားမည့် ကုန်တင်ကားနှင့် အိမ်စီးကားအားလုံးကို စစ်ကောင်စီက သွားခွင့်မပေးဘဲ အကုန်ပြန်လှည့် ခိုင်းနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော့်မိတ်ဆွေကားပြန်လှည့်ခဲ့ရတယ်၊ သူက ဂိတ်အထိ မရောက်လိုက်ဘူး ရှေ့က ကားတွေက ပြန်လှည့်ဆိုလို့ ပြန်လှည့်ခဲ့ရတာ ဘာကြောင့်မသွားခိုင်းလည်းတော့ မသိဘူးလို့ပြောတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
သို့သော်အဆိုပါ ဂိတ်မှတဆင့် မိုးကောင်း၊ မိုးညှင်းနှင့် တနိုင်းဘက်သို့ သွားမည့် ကားများကိုတော့ သွားခွင့်ပြုထားပြီး ဖားကန့်သို့ သွားမည့် ကားများကိုသာ တားဆီးနေခြင်းဖြစ်သည်ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
အဆိုပါ ဂိတ်မှာ ဖြတ်သန်းသမျှ မော်တော်ကားနှင့် ခရီးသည်များကို တင်းတင်းကျပ်ကျပ်စစ်ဆေးလေ့ရှိပြီး စစ်ကောင်စီတပ်အပြင် အခြားဌာနဆိုင်ရာ အချို့မှ ဝန်ထမ်းများလည်း ရှိနေသည်ဟု အသက်(၃၀)ခန့်အရွယ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မြစ်ကြီးနားက မိတ်ဆွေတွေပြောတာ ၂၁ မိုင်မှာ မှတ်ပုံတင်ကို စက်နဲ့ စစ်တာ။ ကိုယ့် K pay ပိတ်ခံထားရရင် အဲ့လမ်းမသွားဖို့လိုတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ခရီးသည်များ၏ မှတ်ပုံတင်များကို စက်ဖြင့်စစ်ဆေးနေသည့်အတွက် KBZ Pay အကောင့်ပိတ်ခံထားရသူများနှင့် နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ခံထားရသူများ မကြာခဏ ဖမ်းဆီးခံရသည့် ဂိတ်ဖြစ်သည်ဟု သိရသည်။
အဆိုပါ ၂၁ စစ်ဆေးရေးဂိတ်အပြင် ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းမှ တဆင့် ဖားကန့်သို့ သွားမည့် မော်တော်ကားများကိုလည်း ဖားကန့်မြို့ တောင်ဘက် မိုင် ၆၀ ခန့်အကွာရှိ နမ့်မွန်းတောင်စစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ထားသည်ဟု အဆိုပါ ဖားကန့်ဒေသခံအမျိုးသားက ပြောသည်။
ကုန်သွယ်ရေးလမ်းအဖြစ် တိုက်ပွဲကာလအတွင်းမှာတောင် ဖွင့်ထားခဲ့သည့် ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းကိုလည်း ယနေ့နံနက်အစောပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်က ပြန်လည်ပိတ်ဆို့လိုက်ပြီး ကားများအားလုံးပြန်လှည့်ခိုင်းနေသည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
“စစ်ကောင်စီဘက်က အကုန်ပြန်လှည့်ခိုင်းတာပေါ့နော်၊ ကားတွေအကုန်ပြန်လှည့်ခိုင်းတာ၊ ပိတ်ထားတာပေါ့၊ ပြောရမယ်ဆိုရင် လမ်းကြောင်းနှစ်ခုလုံးကို ပိတ်ထားတဲ့ သဘောရှိတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။
ဖားကန့်အဝင်လမ်းများကို ကာလရှည်ပိတ်ဆို့ထားမည်ဆိုပါက ကုန်စည်စီးဆင်းမှုရပ်တန့်ပြီး ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
အဆိုပါ ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းမှတဆင့် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ဇွန်လဆန်းမှစတင်ကာ တစ်လခန့် ပိတ်ဆို့ခဲ့သည့်အတွက် ဖားကန့်တွင် ဆန်တစ်အိတ်လျှင် ၁၈၀၀၀၀ ဝန်းကျင်မှ ၃၀၀၀၀၀ ကျော်အထိမြင့်တက်ခဲ့သည်ဟု ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။
ဖားကန့်မြို့တွင် မေလကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီထိုးစစ်ဆင်မှုကြောင့် KIA ပူးပေါင်းတပ်များနှင့် ယနေ့အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။
တိုက်ပွဲများကြောင့် မိုင် ၄၀ ကျော်ခန့်ရှည်သည့် ဖားကန့်-ကာမိုင်းလမ်းမှာ ယခုနှစ် ဧပြီလမှစတင်ကာ ၄ ခန့်ကြာမြင့်အောင်ပိတ်ထားခဲ့ရပြီး ပြီးခဲ့သည့် ရက်အနည်းငယ်တွင် KIA က လမ်းပြန်ဖွင့်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်က ယခုလို ပြန်လည်ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဖားကန့်မြို့ကို ကုန်စည်စီးဆင်းမှု ပိတ်ဆို့ပြီး စစ်ကောင်စီက စစ်ရေးအရှိန်မြှင်လာနိုင်သည်ဟု ဖားကန့်ဒေသခံအချို့က ခန့်မှန်းနေကြသည်။
“ဖားကန့်ကို စကစ က ထိုးစစ်ဆင်မယ်ထင်တယ်။ ဆေးဝါး၊ လက်နက်ခဲယမ်း၊ ရိက္ခာ ဖြတ်ဖို့ထင်ပါတယ်” ဟု အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။
ယနေ့အထိ ဖားကန့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီးပစ်ကူများ လေကြာင်းပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေဆဲဖြစ်သည်။
ဖားကန့်မြို့အပြင် ဝိုင်းမော်နှင့် မြစ်ကြီးများမြို့နယ်တို့တွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။



