သတင်း

လက်နက်စက်ရုံများရှိသည့်ဆိပ်ဖြူမြို့မှ ရဲစခန်းတစ်ခု တိုက်ခိုက်ခံရ

ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှ ရဲ ၂၅ ဦးခန့်ရှိသည့် စခန်းကို ဒေသတွင်းကာကွယ်ရေးတပ်များက ဇူလိုင်လ ၁၇ တွင် အာရုံတက်စစ်ဆင်ရေး ဆင်နွှဲခဲ့သည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နှင့်  လက်နက်စက်ရုံတစ်ခုကြားမှ လက်ဆည်ရွာရဲစခန်းကို  ဇူလိုင်လ ၁၇ ရက်နေ့ အာရုံတက်ချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးတပ်များထံက သိရသည်။

ရဲစခန်းသည် အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) နှင့် ၁၈ မိုင်ခန့်ကွာဝေးသည်။ 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရွာရဲစခန်းတည်နေရာပြမြေပုံ
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ရွာရဲစခန်းတည်နေရာပြမြေပုံ

ပေါက် – ဆိပ်ဖြူလမ်းပေါ်မှ  ရဲ  ၂၅ ဦးခန့် တပ်စွဲထားသည့် စခန်းကို တစ်နာရီကျော်ကြာ ပစ်ခတ်ကာ ရဲတန်းလျား ၄ ဆောင်၊ ဘန်ကာ ၄ ခုအထိ သိမ်းနိုင်ခဲ့သည်၊ ပင်မဆောင် သိမ်းပိုက်ရန်သာ ကျန်တော့သည့် အချိန်တွင် ဆုတ်ခွာခဲ့သည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် အမှတ် (၈) စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုနေသွေးနီက ပြောသည်။ 

“… (ရဲစခန်းနားက) ထမ္မကောက်ပြည်သူ့စစ်ရွာက လာတဲ့ စစ်ကူလမ်းကြောင်းက ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ ကျည်တစ်ကမ်းအကွာထိ ရောက်လာပြီဆိုတော့ လက်နက်ခဲယမ်းနည်းပါးတဲ့အခါမှာ နှစ်ဘက်ညှပ်တာလည်း မဖြစ်ရလေအောင် ၊ ဆုံးရှုံးမှုလည်း မများရလေအောင် နောက်ဆုတ်လိုက်ဖို့ ဆုံးဖြတ်ရတာပါ”ဟု ရဲဘော်နေသွေးနီက ပြောသည်။ 

ထိုတိုက်ပွဲတွင် ၎င်းတို့ဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသည်၊ သေနတ်နှစ်လက်လည်း ဆုံးရှုံးခဲ့သည်ဟု ၎င်းကပြောသည်။ 

စခန်းတွင်း နောက်ဆုံးကျန်သည့် ဘန်ကာကို သိမ်းယူရန်ကြိုးပမ်းနေစဉ် ရဲဘော် နှစ်ဦး ထိခိုက်သွားခြင်း ဖြစ်သည်ဟု သိရသည်။  

လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင် ရဲဘော်ထွန်းခ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ -  NyiNyiZin)
လက်ဆည်ရဲစခန်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင် ရဲဘော်ထွန်းခ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ – NyiNyiZin)

“နောက်ဆုံး ကျန်တဲ့ ဘန်ကာနဲ့ အထိုင်ကို ကျားတက်ထိုးတဲ့အခါမှာ ရဲဘော်က ကျသွားတယ်။ ကျသွားတဲ့ ဒီရဲဘော်ကို ဆွဲဖို့လုပ်ရင်းနဲ့ နောက်ထပ်ရဲဘော်တစ်ယောက်ထိတယ်။ ထိတဲ့ ရဲဘော်က ထိထိချင်း မကျဘူး။ အပြန်လမ်းမှာမှ အပြင်ရောက်မှ ကျတာ။ ဘော်ဒီပြန်မရတဲ့ရဲဘော်က ထိထိချင်း ကျသွားတာ။ ကျသွားတော့ သူ့ကို ဘယ်လိုမှဆွဲမရဘူး” ဟု  ကိုနေသွေးနီက ပြောသည်။ 

“ဆွဲဖို့ကြိုးစားပေမယ့် တစ်ဘက်က ရန်သူ့စစ်ကူ အင်အားကလည်း အလျင်အမြန် ရောက်ရှိလာတဲ့အခါမှာ ကျန်ခဲ့လိုက်တယ်”

တိုက်ပွဲအပြီးတွင် စစ်တပ်က လက်ဆည်ရွာ ရဲစခန်းကို အင်အားဖြည့်တင်းထားသည်ဟု ကိုနေသွေးနီက ဆိုသည်။ 

ကပစ ၂၂ မှ စက်တပ်လေထီး တက်လာပြီး   ကင်းထောက်ပျံသန်းသော်လည်း လေကြောင်း တိုက်ခိုက်မှုမရှိခဲ့ကြောင်းသိရသည်။ 

စခန်းစီးနင်းမှုတွင် မျက်မြင်တွေ့ရှိချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုအမှတ် ၈ စစ်ကြောင်းက ထုတ်ပြန်သော်လည်း ထိုကိန်းဂဏန်းနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

အဆိုပါတိုက်ပွဲကို အမှတ် ၈ စစ်ကြောင်းက ဦးဆောင်ကာ ဆိပ်ဖြူဗိုလ်မထားအဖွဲ့၊ အညာမြေ တပ်ပေါင်းစု၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု (PLC) တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြသည်။ 

အမှတ် (၈) စစ်ကြောင်းတွင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA နှင့် ကျောင်းသား တော်လှန်ရေးတပ်ဖွဲ့ (SRF) တပ်သုံးခု  စုပေါင်းဖွဲ့စည်းထားသည်။ 

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဆိပ်ဖြူမြို့နယ်တွင် ကပစ စက်ရုံ ၂ ခုရှိသည်၊ ကပစ ၂၁ မှာ လေယာဉ်ဗုံးများ ထုတ်လုပ်ပြီး ကပစ ၂၂ တွင် လက်နက်ငယ်များ ထုတ်လုပ်သည်။ 

တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။ ၎င်းတို့၏ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင်မူ PDF အင်အားအများအပြားက ရဲစခန်းကို တိုက်ခိုက်ခဲ့သည်၊  ပြန်လည်ပစ်ခတ်ရာတွင် PDF ၁ ဦး သေဆုံးပြီး၊ သေနတ် ၂ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိသည်ဟု ဖော်ပြသည်။ 

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် စစ်ကောင်စီနယ်မြေထိန်းချုပ်နိုင်မှု အကြီးအကျယ် လျော့နည်းလာပြီးနောက် ထိုပြည်နယ်များနှင့် ထိစပ်နေသည့်  မကွေးတိုင်းအတွင်းရှိ လက်နက် စက်ရုံများမှာ တော်လှန်ရေး အင်အားစု၏ ပစ်မှတ်ဖြစ်လာသည်။ 

၂၀၂၄ နှစ်ကုန်ပိုင်းတွင် ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို အာရက္ခ တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   AA မဟာမိတ် ချင်းညီနောင်အဖွဲ့က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့များကို  သိမ်းပိုက် နိုင်ခဲ့သည်။

Related Articles

Back to top button