သတင်း

ဖားကန့်ကျောက်စိမ်းတွင်း မြေစာပုံပြိုကျ၊ ၂ ဦးသေဆုံးပြီး ၂၀ ခန့်ပျောက်ဆုံးနေ

မိုးရွာသွန်းပြီးနောက် ပေါ်ပေါက်လာသော မြေပြိုမှုတွင် ပျောက်ဆုံးသူ အများအပြား ရှိနေပြီး သေဆုံးသူ ၂ ဦး ရှိကြောင်း ဒေသခံတို့က အတည်ပြုသည်။

ကချင်ပြည်နယ်ရှိ ကမ္ဘာကျော်ကျောက်စိမ်းမြို့တော်ဖားကန့်တွင် ယနေ့(ဇူလိုင် ၂၁) နံနက် ၉ နာရီခန့်က ကျောက်စိမ်းတူးဖော်ရာမှ ဖြစ်ပေါ်နေသည့် မြေကမ်းပါးပြိုကျခဲ့ပြီး အနည်းဆုံး နှစ်ဦးသေဆုံးသွားပြီး ၂၀ ခန့်ပျောက်ဆုံးနေသည်ဟု ဒေသခံများထံက သိရသည်။

လုံးခင်းကျေးရွာအုပ်စု တောင်ယာကုန်းကျေးရွာရှိ တင်အောင်ကြိုင် ကုမ္ပဏီလုပ်ကွက်ဟောင်းနေရာတွင် ပြိုကျခဲ့သည့် မြေစာပုံအောက် ပိတ်မိနေသူ ၂၀ ခန့်ရှိနိုင်ကြောင်း ဒေသခံအချို့ကဆိုသည်။ 

“တစ်လောင်းကရပြီ။ နောက်တစ်ယောက်က ပါသွားတာသေချာတယ်၊ သူ့ကိုရှာနေတာ အခုနက ထပ်ရပြီပြောတယ်၊​ နှစ်ယောက်ပေါ့နော်။ ပါသွားတဲ့အရေအတွက်ကိုလည်း စိစစ်နေတုန်းပဲလို့ပြောတယ်” ဒေသခံအမျိုးသားတဦးက ပြောသည်။

သေဆုံးသူနှစ်ဦးသည် အသက် ၁၉ နှစ် နှင့် ၄၂ နှစ်အရွယ် အမျိုးသားများဖြစ်သည်ကို အတည်ပြုနိိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။

လူမှုကူညီရေးအသင်းများနှင့် ကူညီပေးနေသူများ၏ စာရင်းများအရ အသေအပျောက် နှစ်ဦး ရှိသည်ဟုသာ အတည်ပြုနိုင်ကြောင်း အသက်(၃၀)အရွယ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“နှစ်ယောက်ပဲ လောလောဆယ် အဲဒါပဲတွေ့တယ်တဲ့၊ တခြားစာရင်းဇယာလည်း မရှိဘူး၊​ အဲဒီ တောင်ယာကုန်းရွာက လူကြီးတွေကလည်း သူတို့ကို စာရင်းလာပေးထားတာရှိဘူး” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

မွန်းလွဲ ၂ နာရီခန့်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားလိုက်သည်ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ကမ်းပါးများနှင့် မြေစာပုံများတွင် မြေသားပျော့အိလာသဖြင့်  ပြိုကျခြင်းဖြစ်နိုင်သည်ဟု အထက်ပါ ဖားကန့်ဒေသခံ အမျိုးသားက ပြောသည်။

“ဖြစ်တာက ညက မိုများတော့ မနက်ခင်းမှာ တောင်ယာကုန်းက အဲဒီကမ်းပါးနားက အိမ်နားက မြေကနည်းနည်းပဲ့ပြီး အောက်ကိုပြိုကျတယ်၊​ အဲဒီက မြေစာနဲ့အတူ အဲဒီကျင်းတူးနေတဲ့နှစ်ယောက်က ပါသွားတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

အရည်အသွေးမြင့် ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့တွင် ပွင့်လင်းရာသီ၌ ကျောက်တူးဖော်ရေးကုမ္ပဏီများက အင်တိုက်အားတိုက် လုပ်ကိုင်ကြသော်လည်း မိုးရာသီ၌  ကုမ္ပဏီအများစုက ရပ်နားထားကြသည်။

လုပ်ငန်းခွင်ဝင်နေသူ အများစုမှာ မိုးရာသီ၌ ရေမဆေးကျောက်ရှာဖွေသူ၊ မြေတူးစက် ကျောက်ခွဲစက်အသေးစားများဖြင့် လက်ကျင်းတူးသူတို့သာ ဖြစ်သည်။ စွန့်ပစ် မြေစာပုံများ၊ ကျောက်ကုမ္ပဏီတို့၏ လုပ်ကွက်အဟောင်းများတွင် ကျောက်ရှာဖွေလေ့ရှိကြသည်။

သဘာဝဘေးနှင့် လူလုပ်ဘေးကြောင့် ဒေသခံများ သေဆုံးနေကြရသလို မေလကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီစစ်ကြောင်းထိုးစဉ်  ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း သေဆုံးသူ ဒေသခံအရေအတွက်မှာ ၅၀ ခန့်ရှိနေပြီဖြစ်သည်။

ဇူလိုင် ၂၀ ရက်နေ့အထိ ဖားကန့်မြို့ရှိနေရာအချို့တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA)ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ၏ လေကြာင်းဗုံးကြဲမှုကြောင့် အရပ်သားအချို့၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။

Related Articles

Back to top button