ပဲခူးတိုင်း အနောက်ခြမ်းဘက်ရှိ ပဲခူးရိုးမတွင် ရာနှင့်ချီသော စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးစဉ် အရပ်သားများကို ဓားစာခံအဖြစ် ခေါ်ဆောင်ထားကြောင်း ထိုဒေသတွင် နေထိုင်သူများထံက သိရသည်.
ဇူလိုင် ၁၆ မှ ၂၀ အထိ စစ်ကြောင်းထိုးလာချိန်တွင် လမ်းတလျှောက်ရွာများမှ ဒေသခံ ဆယ်ဦးထက်မနည်းကို ရှေ့ဆုံးမှ ခေါ်ဆောင်လာကြောင်း၊ ရန်ကုန်-ပြည်လမ်း အရှေ့ဘက်ခြမ်းတွင်ရှိသည့် စမ်းဘုတ်၊ ငလှစမ်းစသည့် ကျေးရွာများကို စစ်ကြောင်းထိုး ပစ်ခတ်ခဲ့ကြောင်း မြေပြင်အခြေအနေကို သိရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။
“စစ်ကြောင်းတက်လာရင် ဒေသခံပြည်သူတွေကို ရှေ့ကနေ လူသားဒိုင်းလုပ်ပြီး ဖမ်းတယ်၊ ဆိုလိုချင်တာက တရွာရောက်ပြီဆိုရင် ရှေ့ကလူတွေကို လွှတ်ပေးရင်လည်း လွှတ်ပေးတယ်၊ မလွှတ်ပေးရင်လည်း ဆက်ဖမ်းထားတယ်၊ ပြီးရင် တစ်ခါထပ်ဖမ်းပြီး ခေါ်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ပါသွားတဲ့ ရွာသူရွာသား အခြေအနေတွေကတော့ လိုက်မရသေးဘူး”
ဖမ်းဆီးခေါ်ဆောင်ခံရသူတို့နှင့် ပက်သက်သည့် အချက်လက်များနှင့် နောက်ဆက်တွဲ အခြေအနေကို မသိရှိရပေ။
ပဲခူးရိုးမတွင် ထိခိုက်သေဆုံးမှု များပြားသည်အထိ တိုက်ပွဲများ ပြင်းထန်နေသလို တော်လှန်ရေး တပ်စခန်းအချို့ သိမ်းပိုက်ခံရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက စုံစမ်းသိရှိရသည်။
ဇူလိုင်ဒုတိယအပတ်တွင် သာယာဝတီခရိုင် မင်းလှမြို့နယ် ပဲခူးရိုးမပေါ်၌ နှစ်ရက်ဆက်တိုက် နာရီပေါင်းများစွာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ဇူလိုင်၁၄ရက်နေ့တွင် ရိုးမပေါ်ရှိ ခါချဉ်တောင်စခန်းသို့ အင်အား ၄၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်၊ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကို ရင်ဆိုင်ရအပြီး ခါချဉ်တောင်စခန်းမှ ဆုတ်ခွာပေးခဲ့ရကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ဇူလိုင်၂၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် ဆိုင်ကယ်နှစ်စီး၊ မိုးကာ၊ ဆိုလာပြား၊ ဆန်အိတ်များနှင့် အိုးခွက်ပန်းကန်များလည်း ဆုံးရှုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တော်လှန်ရေးအဖွဲ့ဘက်တွင် တစ်ဦး သေဆုံးသည်ဟု မြေပြင်အခြေအနေကို သိရှိသူ တပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဆိုသည်။
“ခါချဉ်တောင်တိုက်ပွဲမှာက ရဲဘော်တစ်ယောက်ကျတယ်၊ ၇ယောက်လည်း အပြင်းအထန်ဒဏ်ရာရတယ်၊ စစ်xxတွေလည်း အတုံးအရုံးသေပါတယ်” ဟု သူက ပြောသည်။
ဇူလိုင် ၁၃ ရက်နေ့ကလည်း မင်းလှမြို့နယ်ထဲရှိ စပါးကြီးချောင်း၌ စခန်းချနေသော စစ်ကောင်စီတပ်သားများကို နေ့လယ် ၁နာရီကျော်တွင် ရှောင်တခင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ သေဆုံးခဲ့သည်၊ ထိုဖြစ်ရပ်နောက်ပိုင်းတွင် စစ်တပ်က အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီက ပဲခူးရိုးမတိုက်ပွဲသတင်းများကို ထုတ်ပြန်ခြင်းမရှိပေ။
ဇူလိုင်ဒုတိပတ်ထဲတွင် ကြိုပင်ကောက်နှင့် အုတ်ဖိုကြားထဲရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တို့၏ တပ်စခန်း သိမ်းပိုက်ခံခဲ့ရပြီး ကျည်မျိုးစုံ ၆၀၀၀ ခန့်၊ ဖောက်ခွဲရေးပစ္စည်းတချို့ကို စစ်ကောင်စီတပ် ရရှိသွားကြောင်း၊ ထိုဖြစ်ရပ်တွင် စုစုပေါင်း သိန်း ၃၅၀ကျော် ဆုံးရှုံးခဲ့ကြောင်း သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၁မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားလာနိုင်၍ ပြည်သူများ ရိုးမအတွင်း သွားလာမှု မပြုကြရန် တောင်လှန်ရေး တပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားကြသည်။
ဇွန်လ ၂၀ရက်မှစ၍ မင်းလှမြို့နယ်အတွင်း ပဲခူးရိုးမနှင့် ရန်ကုန်ပြည်ကားလမ်းအရှေ့ဘက်ရှိ တောင်ပြတ်ရွာသစ်၊ ရွေးကုန်းရွာ၊ ဦးတိုကျွဲလမ်းစုရွာ အပါအဝင် ကျေးရွာ ၁၁ ရွာကို စစ်ကြောင်းထိုးစဉ် နေအိမ်၂၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ အချက်လက်များအရ သိရသည်။
နေပြည်တော်နှင့် မိုင်၅၀ကျော်သာဝေးသည့် ရေတာရှည်မြို့နယ်တွင်လည်း စစ်တပ်က စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်၍ ရေလွဲကျေးရွာ နေအိမ် ၄၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန(ပြည်သူ့ကာကွယ်ရေး တပ်မတော်က) က ဇူလိုင် ၁၇ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
နေပြည်တော်တပ်ရင်းများက ပြန်လည်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ကရင်ချောင်းကျေးရွာသို့ ပြန်ဆုတ်သွားသည်၊ ဇူလိုင် ၇ ရက်နေ့တွင် စစ်ကြောင်းနှစ်ကြောင်းဖြန့်ခွဲ၍ ထိုးစစ်ဆင်လာသောကြောင့် ၄နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သလို တိုက်ပွဲငယ်များ တစ်ရက်လုံးနီးပါး ပြင်းထန်ခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်တွင်သာ ဒဏ်ရာရ၊ သေဆုံးမှု ရှိကြောင်း၊ အရာရှိတချို့ အပါအဝင် ၄၀ ခန့် သေဆုံးကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်၊ ထိခိုက် သေဆုံးမှု အခြေအနေကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်တောင်းမြစ်ဝှမ်းဒေသခံများ၏ အဆိုအရ စစ်တပ်ဘက်မှ ဒဏ်ရာရသူများနှင့် ရုပ်အလောင်းတချို့ ပြန်လည်သယ်ဆောင်လာသည်ကို တွေ့ရှိရသည်ဟု သိရသည်။
“စစ်ရေးပြင်ဆင်တာတွေ၊ ပေါက်ကြားလာတွေရှိရင်တော့ စစ်တပ်က အင်အားဖြည့်ပြီး ရွာတွေနဲ့ ပဲခူးရိုးမဘက်ကို စစ်ကြောင်းထိုးတတ်တယ်၊ ခုချိန်ကတော့ လက်နက်ကြီးနဲ့ ရမ်းပစ်ခတ်နေတာပဲ ရှိပါတယ်၊ နှစ်ဖက်စလုံးကတော့ စစ်ရေးပြင်နေတာပဲရှိပါတယ်” ဟု ထိုဒေသ စစ်ရေးအခြေအနေ သိထားသူတစ်ဦးက ပြောသည်။
ဇူလိုင်လဆန်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်တပ်မှ စစ်တောင်းမြစ်ဘေးရှိ ဆွာမကြီးအပါအဝင် ကျေးရွာအချို့တွင် အထိုင်စစ်စခန်းများ ချထားကြောင်း၊ စစ်တောင်းမြစ်ကူးတံတားများတွင် လုံခြုံရေးကို အထူးအကျပ်တင်းကျပ်စစ်ဆေးကြောင်း ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက ဆိုသည်။




