သတင်း

ရခိုင်-မကွေးနယ်စပ် နတ်ရေကန်ဗျူဟာကုန်းစခန်းကို AAနှင့်ပူးပေါင်းတပ်များဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်နေ

နတ်ရေကန်ဗျူဟာကုန်းဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ပုသိမ်-မုံရွာလမ်းပေါ်ကို ခြေချနိုင်မည်ဖြစ်ပြီး စစ်ကောင်စီ၏ စစ်လက်နက်ထုတ်လုပ်သည့် ကပစ စခန်းများကို ထိုးစစ်ဆင်ရန် အခွင့်အရေးရနိုင်မည်ဟု တော်လှန်ရေးတပ်များက တွက်ဆထားသည်။

ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကို ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပေါ်က စစ်ကောင်စီ၏ နတ်ရေကန် ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း ပြင်းထန်စွာခုခံနေကြောင်း AA နှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် ကျောင်းသားလက်ရုံး တပ်တော်(SAF)ထံက သိရသည်။

စစ်ကောင်စီအနေဖြင့် နတ်ရေကန်အနီးရှိ လက်လွှတ်ဆုံးရှုံးထားရသည့် ကာကင်းစခန်းများကို ပြန်လည်ထိုးစစ်ဆင်ရန်နှင့် AA နှင့်မဟာမိတ်များ၏ ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် အင်အားဖြည့်တင်းမှုများတောက် လျောက်လုပ်ဆောင်နေသည်ဟု SAF ၏ အထွေထွေအတွင်းရေးမှူး (၂) ကိုနွေညိမ်းက Myanmar Now ကိုပြော သည်။

“နတ်ရေကန်ဘယ်လောက်အကွာအဝေးကို တော်လှန်ရေးအဖွဲ့အစည်းတွေရောက်နေပြီလဲဆိုတာတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပြောဖို့ခက်ပါတယ်။ကျနော်တို့အနေနဲ့ကတော့ နတ်ရေကန်ရဲ့အရှေ့ဘက်ခြမ်းမှာရှိပါ တယ်။ပြီးတော့ နတ်ရေကန်ရဲ့ ပတ်ပတ်လည်ကို မဟာမိတ်တွေပိတ်ဆို့ထားတဲ့အနေအထားမျိုး”ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ငဖဲမြို့နယ်၊ပဇီရွာ၊ဂုတ်စီးရိုးရွာအနီးတို့တွင် နတ်ရေကန်ဗျူဟာကုန်းစခန်းကို ကာကွယ်ရန်အတွက် ဗျူဟာကျစိုးမိုးကုန်းများဖြင့် တပ်ဖြန့်ထားမှုများရှိကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာကုန်းဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ပုသိမ်-မုံရွာလမ်းပေါ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်နိုင်ပြီး စစ်ကောင်စီ၏ ကပစစခန်းများကို ထိုးစစ်ဆင်ရန် အရေးပါသဖြင့် စစ်ကောင်စီသည် ထို ပုသိမ်- မုံရွာလမ်းပေါ်ကို ထိုးစစ်ဆင်မှုလည်းရှိသည်ဟု ဆိုသည်။

“ပုသိမ်-မုံရွာလမ်းနားမှာရှိတဲ့ ကျေးရွာတွေကို ရန်သူ့ဘက်က စစ်ကြောင်းထိုးတာတော့ ဇူလိုင်လမှာ ရော၊ ပြီးခဲ့တဲ့ ဇွန်လမှာရော တောက်လျောက်စစ်ကြောင်းထိုးတယ်။အဓိကတော့ အဲဒီနေရာတွေမှာ ကျနော်တို့အနေနဲ့ရော တခြားတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ရော ရန်သူ့ဖက်ကို ဖြတ်တောက်ရေးတောက်လျှောက်လုပ်နေတာလည်း ရှိတာကို။ပြီးတော့ သူတို့အနေနဲ့လည်း နတ်ရေကန်ကို စစ်ကူပို့ဖို့၊အင်အားဖြည့်တင်းဖို့အတွက် အဲဒီလမ်းကြောင်း တွေကို အသုံးပြုဖို့လိုအပ်တဲ့အတွက် တောက်လျှောက်စစ်ကြောင်းထိုးဖို့လုပ်နေတာ  ”ဟု ကိုနွေညိမ်းက ပြောသည်။

ပြီးခဲ့သည့် မေနှင့်ဇွန်တို့တွင် မကွေးတိုင်း၊ငဖဲမြို့နယ်၊နတ်ရေကန်စခန်းအနီးနှင့်မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေး ပြေးလမ်းမပေါ်ရှိ ကန်တုပ်စခန်းအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။အလားတူ ငဖဲမြို့ နယ်၊ပဇီရွာအနီး အင်အား ၃၀ ခန့်စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ကန်တုပ်စခန်းကို စီးနင်း တိုက်ခိုက်ခြင်းများနှင့်ဖြတ်တောက်ရေး ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့သည်ဟု ကျောင်းသားလက်ရုံး တပ်တော် (SAF) က ဇူလိုင် ၂၀ က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ကလည်း စစ်ကောင်စီသည် နတ်ရေကန်မှ အဖြောင့်တိုင်းလျှင် ၁၅ ကီလိုမီတာအကွာ ရှိ ပုသိမ်-မုံရွာလမ်းမပေါ်ရှိ ကျောက်ဆုံရွာကို ဝင်စီးကာ နေအိမ် ၇ အိမ်ကို မီးရှို့သွားပြီး အသက် ၂၅ အရွယ် အမျိုး သမီးတစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ကို သတ်ဖြတ်သွားသည်ဟု သိရသည်။

လက်ရှိတွင် ပုသိမ်-မုံရွာလမ်းမကြီးအနီးဝန်းကျင်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ တပ်ဖွဲ့များကို ခုခံ တိုက်ခိုက်လျက်ရှိသောကြောင့် ထိတွေ့တိုက်ပွဲများ နေ့စဥ်ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း ကျောင်းသား လက်ရုံး တပ်တော် (SAF)ထံက သိရသည်။

“နတ်ရေကန်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း သိမ်းပိုက်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစု တွေအတွက် တော်တော်လေးအရေးပါသလိုမျိုး ရန်သူ့(စစ်ကောင်စီ)ဘက်ကနေလည်း လက်လွှတ်မဆုံးရှုံးရဖို့ အတွက် တော်တော်အရေးပါတဲ့ဗျူဟာကုန်းပါ”ဟု SAF မှ ကိုနွေညိမ်းက ပြောသည်။

ကျောင်းသား လက်ရုံး တပ်တော် (SAF)သည် AA ထံ စစ်ပညာသင်ယူခဲ့ပြီး ရခိုင်ပြည်နယ်ရှိအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ကို တိုက်ခိုက်ရာပူးပေါင်းပါဝင်ခဲ့သည့် AA ၏ မဟာမိတ်ဖြစ်သည်။ SAF သည် ပြီးခဲ့သည့် ဇွန် ၂၉ က အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အွန်လိုင်းမှတွေ့ ဆုံခဲ့သည်။

မကွေးတိုင်း စစ်ဆင်ရေးစီမံချက်ကို ညှိနှိုင်းဆွေးနွေးပြီး စစ်ဆင်ရေးလုပ်ငန်းစဥ်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ဘဏ္ဍရေးဆိုင်ရာ အရင်းအမြစ်များကို မျှဝေအသုံးပြုနိုင်ရန် ပူး ပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်(SAF)၏ တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့



ရခိုင်စစ်ရေးအခြေအနေ မည်သို့ရှိသနည်း

၁၇ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်တွင် AA သည် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထားကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားသည်။ရခိုင်ပြည်နယ်ရှိ သိမ်းပိုက်ရန်ကျန်ရှိသော မြို့နယ်သုံးခုအနက် မာန်အောင်မြို့နယ်မှလွဲပြီး စစ်တွေနှင့်ကျောက်ဖြူတို့ကို ပိတ်ဆို့ဝန်းရံထားသည့်အခြေအနေဖြစ်သည်ဟု ဒေသခံ များက ဆိုကြသည်။

အာရက္ခတပ်တော်နှင့်စစ်ကောင်စီတပ်တို့သည် ဖေဖော်ဝါရီ၊မတ်တို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သော် လည်း ယင်းနောက်ပိုင်းတွင် တိုက်ပွဲများငြိမ်သက်သွားပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ပစ်ခတ်ခြင်းတို့ရှိသည်။သို့သော် AA သည် ကျောက်ဖြူမြို့ကို အမှတ် ၃၂ ရဲတပ်ရင်းဌာနချုပ်၊ဓညဝတီ ရေတပ်ဌာနချုပ်၊သဘာဝဓာတ်‌ငေွ့ သန့်စင်စက်ရုံ(OGT)ဘက်မှလည်းကောင်းဝိုင်းရံပိတ်ဆို့ထားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“အခုတလောငြိမ်နေတယ်။စစ်ကောင်စီဘက်ကတော့ ဒရုန်းတွေနဲ့ပစ်တယ်။နေသာရင် ပိုပြီးပစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အလားတူ စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းဘက်ကလည်း ယခုရက်ပိုင်းအတွင်း ပေါက်တော၊ပုဏ္ဏားကျွန်းမြို့ နယ်ဘက်မှ ကျေးရွာများ လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်မှုရှိနေပြီး AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှု မရှိသေးကြောင်း ဒေသခံများက ဆိုကြသည်။

ယခုနှစ် ဇန်နဝါရီ ၂ က ရန်ကုန်တွင်  စစ်ကောင်စီတပ်၏ အတင်းအဓမ္မပေါ်တာဆွဲစုဆောင်းခံရသည့် တပ်သား သစ် နိုင်ဝင်းစိုးဆိုသူသည် ဇူလိုင် ၁၀ က မိမိဘက်သို့ ဘက်ပြောင်းခိုလှုံလာကြောင်း AA ကထုတ်ပြန်ထားသည်။ ထုတ်ပြန်ရာတွင် စစ်ကောင်စီတပ်ကို “ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီတပ်”ဟု မာမာထန်ထန်သုံးနှုန်းများဖြင့် ရှိသဖြင့် တိုက်ပွဲများရပ်တန့်ဖွယ်မရှိဟု ဒေသခံများက ယူဆကြသည်။

ကျောင်းသားလက်ရုံးတပ်တော်(SAF)၏ တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့

Related Articles

Back to top button