သတင်း

ဗန်းမော်သို့ ဦးတည်နေသည့် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီး ရွှေကူသို့ ပြန်ဆုတ်

ဧရာဝတီမြစ်အတွင်း ဆန်တက်နေသော စစ်သင်္ဘော ၃ စီး မြစ်ကျဉ်း၊ ရေစီးသန်သည့် နေရာတွင် တိုက်ခိုက်ခံရသဖြင့် ၁ စီး ထိခိုက်သွားသည်ဟု သိရသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဆန်တက်လာသည့်   စစ်သင်္ဘော သုံးစီးနှင့် မြေပြင် စစ်ကြောင်းတစ်ခုကို ဇူလိုင် ၂၇ ရက်နေ့က ဧရာဝတီမြစ်ကျဉ်းအနီးတွင် ကချင်လွတ်လပ်ရေးတပ်(KIA) နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်အထိနာပြီး ရွှေကူမြို့သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

ဇူလိုင် ၁၇ ရက်နေ့မှစတင်ကာ မန္တလေးမြို့မှ နှစ်သုတ်ခွဲ၍ ထွက်ခွာလာသော၊ စစ်ကူစစ်သားများနှင့် လက်နက်ခဲယမ်းများတင်ဆောင်လာသော ရေယာဉ်အုပ်စုတွင် သင်္ဘောအစီးရေ ၂၀ ကျော် ပါဝင်ပြီး ထိုအထဲမှ   ၁၂ စီးမှာ  ရွှေကူမြို့သို့ ဇူလိုင် ၂၆ ရက်နေ့ ညနေတွင် ရောက်ရှိပြီးနောက် ကျောက်ချရပ်နားခဲ့ကြသည်။

နောက်တစ်နေ့တွင် ထိုအထဲမှ ၃ စီးမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့သို့ ဦးတည် ဆန်တက်လာသည်။

လက်နက်ကိုင်အင်အား ၁၀၀ ခန့်ကလည်း စစ်သင်္ဘောများနှင့် အပြိုင် မြစ်ကြောင်းအတိုင်း  စစ်ကြောင်းထိုးလာခဲ့သည်။ 

အဆိုပါ မြေပြင်စစ်ကြောင်းနှင့် စစ်သင်္ဘော သုံးစီးကို ရွှေကူမြို့အရှေ့ဘက် မိုင်အနည်းငယ်ခန့်အကွာတွင် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်ဟု ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တာဝန်ရှိသူတစ်ဦးထံက သိရသည်။

“ရေရော ကုန်းရော ထိုးတက်နေတယ်၊​ မနေ့က ညနေ ၃ နာရီခွဲအချိန် ရွှေကူမြို့နယ် ငဘတ်ဝကျေးရွာအနီးမှာ ထိတွေ့မှုဖြစ်တယ်။ ရေကြောင်းကလည်း စစ်သင်္ဘော သုံးစီးနဲ့ ပစ်ကူပေးနေတယ်” ဟု အဆိုပါ PDF တာဝန်ရှိသူက ယနေ့ (ဇူလိုင် ၂၈) ညနေပိုင်းတွင် ပြောသည်။

ရေစီးသန်ပြီး မြစ်ကြောင်းကျဉ်းသည့်နေရာတွင် စောင့်ဆိုင်းတိုက်ခိုက်ရာ  စစ်သင်္ဘောတစ်စီး  ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။

နာရီအနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ မြေပြင်စစ်ကြောင်းနှင့် စစ်သင်္ဘောသုံးစီးမှာ ညနေ ၆ နာရီခန့်တွင် ရွှေကူမြို့သို့ ပြန်ဆုတ်သွားသည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရှေ့ကနေပြီးမှ ရွှေကူအခြေစိုက်ထားတဲ့ (စစ်ကောင်စီ)ကာကင်းသမားတွေလည်းရှိတယ်၊ အဲဒီကာကင်းသမားတွေကိုလည်းရှင်း၊ တက်လာတဲ့ ကောင်တွေကိုလည်းရှင်းတာပေါ့။ တက်လာတဲ့ကောင်တွေက လှည့်ပြေးတော့ ဝေါ်ကီတော်ကီကနေ သတင်းပို့တာပေါ့၊ အဲဒီမှာ သင်္ဘောတွေလည်းလှည့်ပြေးတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များ၏ အလောင်းအချို့ကျန်ရစ်ခဲ့သည်၊ ထိခိုက်ပျက်စီးသွားသည့် သင်္ဘောမှာ ကျန်နှစ်စီးနှင့်အတူ ရွှေကူအထိ ပြန်ဆုတ်သွားနိုင်သည်ဟု သိရသည်။

ယနေ့နံနက်တွင်   စစ်သင်္ဘောများ ရပ်တန့်နေသည့်အတွက် တိုက်ပွဲ ငြိမ်သက်နေသော်လည်း မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ခန့်ကို ငဘတ်ဝရွာအနီးသို့ ထပ်မံစေလွှတ်ထားသည့်အတွက် စစ်ရေးပြင်းထန်လာနိုင်သည်ဟု ဒေသကာကွယ်ရေးတပ်များထံက သိရသည်။

၂၀၂၁ နှစ်ဆန်းပိုင်း အာဏာသိမ်းပြီး နိုင်ငံအနှံ့ တော်လှန်ရေးအဖွဲ့များနှင့် စစ်ရေး ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကို အသုံးပြုစဉ် မကြာခဏ တိုက်ခိုက်ခံနေရသည်။

ကနဦးတွင် တော်လှန်ရေးအဖွဲ့များ လက်နက်မပြည့်စုံသော်လည်း ယခုအခါ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်။

ရွှေကူနှင့် ဗန်းမော်မြို့ကြားရှိ ဧရာဝတီမြစ်၏ အကျဉ်းဆုံးနေရာများတွင် မြစ်ပြင်အကျယ်မှာ ပေ ၄၅၀ ခန့်သာ ရှိခြင်း၊  ကျောက်ဆောင်ပေါများကာ ရေစီးသန်ခြင်းတို့ကြောင့် စစ်သင်္ဘောများကို တိုက်ခိုက်ရန် နေရာကောင်းဖြစ်နေသည်။

ယခင်က ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကောင်စီ စစ်သင်္ဘောများကိုလည်း အဆိုပါ မြစ်ကျဉ်းနေရာတွင်သာ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်များထံက သိရသည်။

တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်ပြီး ပိုမို သိရှိဖော်ပြနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အဆိုပါ စစ်သင်္ဘောများ ရွှေကူမြို့သို့ရောက်ရှိလာသည့် ဇူလိုင် ၂၆ ရက်နေ့ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ Y 12 အမျိုးအစားလေယာဉ်နှစ်စီးဖြင့် ကသာနှင့် ရွှေကူမြို့ကြား ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာများကို  တိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကသာမြို့နယ် မြေနုကျေးရွာတွင် အမျိုးသားတစ်ဦး၊ ရွှေကူမြို့နယ် ဘိုကုန်းရွာတွင် အမျိုးသားတစ်ဦး သေဆုံးသည်၊  ၄ ဦးထက်မနည်း ဒဏ်ရာရသည်ဟု သိရသည်။

စစ်သင်္ဘောများ မန္တလေးမြို့မှ စတင်ထွက်ခွာလာသည့် ဇူလိုင် ၁၇ ရက်နေ့တွင်  စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရွာများကို လေကြောင်းမှ Y 12 အမျိုးအစားလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဝက်လက် ဒေသခံ ၂၂ ဦးသေဆုံးခဲ့သည်။

 စစ်သင်္ဘောများကို ကာကွယ်ရန် ရည်ရွယ်ချက်နှင့် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်မှ ဒေသခံ ၂၄ ဦးထက်မနည်း သေဆုံးပြီး ၅၀ ဦးခန့် ဒဏ်ရာရခဲ့ကြသည်ကို Myanmar Now က မှတ်တမ်း ပြုစုထားသည်။

အဆိုပါ စစ်သင်္ဘောများကိုလည်း တော်လှန်ရေးအင်အားစုက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့တွင် အဆက်မပြတ်တိုက်ခိုက်ခဲ့ရာ တွဲသင်္ဘောတစ်စီးနစ်မြှုပ်ခဲ့သလို စစ်သင်္ဘောအချို့လည်း ထိခိုက်ပျက်စီးသွားသည်။

အဆိုပါ စစ်သင်္ဘောများတွင်  စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသူ စစ်သားသစ်အများအပြားပါဝင်ခဲ့သည်ဟု မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်များထံက သိရသည်။

အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးတော်စပ်ပြီး စစ်ကောင်စီထောက်ခံသူတစ်ဦးဖြစ်သည့် ဦးအေးနေဝင်းက အဆိုပါ စစ်သင်္ဘောများတွင် လိုက်ပါသွားသည့် ၎င်း၏ မိတ်ဆွေဖြစ်သူ၏ သားတစ်ဦး တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခံရမှုများကြောင့် သေဆုံးခဲ့သည်ဟု ဇူလိုင် ၂၇ ရက်နေ့က အွန်လိုင်းလူမှုကွန်ယက်မှတဆင့်ပြောခဲ့သည်။

တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် စစ်သင်္ဘောအချို့နှင့် စစ်ကူ၊​ လက်နက်၊​ ခဲယမ်းရိက္ခာများကို ထီးချိုင့် နှင့် ကသာမြို့များတွင် ချန်ထားရစ်ခဲ့သည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံက သိရသည်။

ယမန်နှစ် ဒီဇင်ဘာ ၄ ရက်မှစတင်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA, AA, KPDF များနှင့် ဒေသကာကွယ်ရေးအဖွဲ့ပေါင်းစုံ ပူးပေါင်းတိုက်ခိုက်နေသည်မှာ ၇ လ ကျော် ကြာမြင့်လာပြီဖြစ်သည်။

ဗန်းမော်မြို့တွင်း ပိတ်မိနေသည့် စစ်ကောင်စီတပ်များကို လက်နက်၊ ခဲယမ်း၊ ရိက္ခာနှင့် စစ်ကူများ ပေးပို့နိုင်ရန် စစ်ကောင်စီတပ်က လေကြောင်းကိုသာ ပိုမို အားထားနေရသည်။

ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button