မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အောင်သပြေကျေးရွာအနီး တရုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော Alpha ဘိလပ်မြေစက်ရုံဝန်းကျင်တွင် စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ပြန်လည်ထိုးစစ်ဆင်နေ ကြောင်း ဒေသခံနှင့်စစ်ရေးရင်းမြစ်များက ပြောကြသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အင်အားရာချီဖြင့် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားသည့် အောင်သပြေကျေးရွာ Alpha ဘိလပ်မြေစက်ရုံကို ၂၀၂၄ ဇူလိုင် ၁၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF) က သိမ်းပိုက်ခဲ့သည်။
ထို့နောက် တစ်နှစ်အကြာ ယခုလအတွင်း စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေသည်ဟု ပုသိမ်ကြီးမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။
“ကုန်းကြောင်းရော၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ သုံးပြီး ထိုးစစ်ဆင်နေပါတယ် ။ Alpha ကိုသာ ရသွားရင် မတ္တရာအရှေ့ခြမ်းကျေးရွာတွေက ပြည်သူတွေအကုန်ထွက်ပြေးတိမ်းရှောင်ရမဲ့ အနေအထား ပါ”ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့နှင့်မိုင် ၂၀ ကျော်အကွာအဝေးရှိ Alpha ဘိလပ်မြေစက်ရုံနေရာသည် တော်လှန်ရေးတပ်များ ခြေကုပ်ယူထားသည့် မတ္တရာအရှေ့ခြမ်းသို့ သွားရာလမ်းကြောင်းပေါ်တွင်တည်ရှိသောကြောင့် ထိုးစစ် ဆင်ရန် ဗျူဟာကျသည့်နေရာဖြစ်နိုင်သည်ဟု အထက်ပါစစ်ရေးရင်းမြစ်က ယူဆသည်။
ထို့ပြင် Alpha စက်ရုံ၏အရှေ့တောင်ဘက် မန္တလေးမြို့၏အရှေ့မြောက်ဘက်ရှိ MDY-PDF သိမ်းထား သည့် ဖယောင်းတောင်ရွှေတွင်းကိုလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်ဟု ကြားသိရကြောင်း ဒေသခံတို့က ဆိုကြသည်။ အဆိုပါအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ် မသိရသေးပေ။
တော်လှန်ရေးတပ်များ နယ်မြေအများစု ထိန်းချုပ်ထားသည့် မတ္တရာနယ်အတွင်း ယမန်နှစ် နိုဝင်ဘာလမှ စတင်ကာ စစ်ကောင်စီတပ်သည် မန္တလေးမြို့ဘက်မှအင်အားအလုံးအရင်းဖြင့် ဧရာဝတီမြစ်ရေကြောင်း မှတဆင့် ထိုးဖောက်ဝင်ရောက်ကာ သိမ်းပိုက်ခဲ့သည်၊ မတ္တရာအရှေ့ခြမ်း နယ်မြေအများစုကို MDY-PDF စိုးမိုးထားရာ စစ်ကောင်စီ၏ ထိုးဖောက်လာမှုကြောင့် တိုက်ပွဲများ ယခုနှစ်အတွင်း ပြင်းထန်ခဲ့သည်။
မကြာသေးခင်ရက်ပိုင်း ဇူလိုင် ၂၁ ရက်နေ့တွင် MDY-PDF က စစ်ကောင်စီတပ် အခြေစိုက်စခန်းများရှိ သော မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာနှင့် ပုသိမ်ကြီးမြို့နယ် မြကံသာ၊ သရက်ကိုင်းရွာတို့ကို သိမ်းလိုက် သည်။ ထိုရွာများသည် မတ္တရာနှင့်မန္တလေးမြို့မြောက်ဘက် ပုသိမ်ကြီးမြို့နယ်နယ်စပ် ကျေးရွာများ ဖြစ်ကြသည်။
မြကံသာရွာသည် မန္တလေးမြို့မြောက်ဘက် ၁၈ မိုင်သာ ဝေးပြီး မတ္တရာမြို့အရှေ့တောင်ဘက် ၈ မိုင်ကျော် သာ ကွာဝေးကာ အခြေစိုက်စစ်တပ်ရှိသည်၊ ထိုတပ်က အနီးဝန်းကျင်တိုက်ပွဲများသို့ လက်နက်ကြီးများ ပစ်ကူပေးသည်။
ယမန်နှစ်က မတ္တရာအရှေ့ခြမ်းရှိ စစ်စခန်းပေါင်း ၃၀ ကျော်သိမ်းခံရသည့်အပြင် လတ်တလော ရွာသုံးရွာ မှ စစ်စခန်းများကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီတပ်က ဇူလိုင်၂၁ ရက်နံနက်မှ စတင်ကာ အဆိုပါ နေရာများကို နေ့စဉ်ပြန်လည်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးများဖြင့်ပါ အပြင်းအထန်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောကြသည်။
မကြာသေးခင်ကမှ MDY-PDF သိမ်းထားသော မြကံသာကျေးရွာတစ်ဝက်ခန့်ကို စစ်တပ်က ပြန်သိမ်း ထားသည်ဟု ကြားရကြောင်း မတ္တရာဒေသခံ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“ဒီနေ့ နေ့လယ်လည်း မြကံသာ (ရွာ)ထဲက လက်နက်ငယ်သံတွေကြားနေရတယ်။ မတ္တရာမြို့ထဲကနေပြီး မစ်ဇိုင်း၊ ဟောင်ဝှစ်ဇာတွေနဲ့ Alpha စက်ရုံထဲကို လှမ်းထုနေတယ်။ ကျွန်တော်တို့ကြားတာပေါ့နော် ။ မြကံသာတော့ ရွာတစ်ဝက်ပြန်ပေးလိုက်ရပြီကြားတယ်”
တရုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော Alpha ဘိလပ်မြေစက်ရုံသည် မြကံသာကျေးရွာ၏ အရှေ့ဘက် ၃ မိုင်ကျော်ခန့်သာ ကွာဝေးသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က မတ္တရာမြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်အတွင်း စစ်ကြောင်းအများအပြား ဖြင့် မြေပြင်ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်များကလည်း မန္တလေးသို့တဖြည်းဖြည်းချဉ်းကပ်နိုင်ရန် ပုသိမ်ကြီးမြို့နယ်အစပ်ကျေးရွာများအထိ ထိုးစစ်ဆင်လာနိုင်သည်ကို တွေ့ရသည်။
“မြကံသာကို MDY-PDF သိမ်းလိုက်တဲ့အတွက် စစ်တပ်ဘက်ကနေ တော်တော်လေးမျက်ခုံးလှုပ်လာပါ တယ် ။ မြကံသာဆိုတာ မန္တလေးနဲ့သိပ်ဝေးတော့တဲ့နေရာမဟုတ်ဘူး။ ဒါ့ကြောင့်မန္တလေးသိမ်းဖို့ ကိုယ့် ဘက်ကလည်း ကြိုးစားနေသလို စစ်ကောင်စီဘက်ကလည်း မန္တလေး မပေးရရေး အသည်းအသန်ကာ နေတာပါ”ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
လတ်တလောတွင် မတ္တရာအရှေ့ပိုင်းရွာများဖြစ်သော မြကန်သာ၊ သရက်ကိုင်း၊ ဝသုန္ဒရ၊ ဒဟတ္တော၊ ဆားခါတောင် အစရှိသည့်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
စစ်တပ်ဝါဒဖြန့်စာမျက်နှာများတွင် ယနေ့ နံနက် ၆ နာရီခန့်မှစကာ Alpha ဘိလပ်မြေစက်ရုံအရှေ့ရှိ ကားကြီးကွင်းကို ခြေလျင်၊လက်ရုံး၊ဒရုန်းအဖွဲ့များဖြင့် ထိုးစစ်ဆင်နေပြီး အောင်မြေချဲ့နေသည် ဟု ရေးသားနေကြသည်။
အဆိုပါ ဘိလပ်မြေစက်ရုံအနီးတိုက်ပွဲနှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သတင်းပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ထံ Myanmar Now က ဆက်သွယ်မေးမြန်း ထားဆဲဖြစ်သည်။
ယမန်နှစ် ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှ တရုတ်ရင်းနှီးမြှုပ်နှံမှုဘိလပ်မြေစက်ရုံ တိုက်ခိုက် မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Alpha ဘိလပ်မြေစက်ရုံတပ်စခန်းမှ ဆုတ်ခွာပြေးချိန် စက်ရုံကို မီးရှို့သွားပြီး ၊လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ်ဆယ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို တစ်နှစ် တာလုံးလည်း စက်ရုံကို လေကြောင်း၊လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀ အကွာ မတ္တရာမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၃ ဇွန်၂၅ ရက်မှစကာ တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။




