ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့အား ဆက်သွယ်ရာတွင် အရေးပါသည့် လမ်းပိုင်းပေါ်ရှိ သုံးဆယ်ကျေးရွာအား စစ်ကောင်စီတပ်က ဇူလိုင် ၁၇ ရက်နေ့တွင် ထိန်းချုပ်လိုက်သည် ဟု ဒေသခံများထံက သိရသည်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၃ ရက်နေ့ တွင် ပြင်ဦးလွင်ဘက်မှ မိုးကုတ်ဘက်သို့တက်သည့် လမ်းခွဲအနီးတွင် တည်ရှိသော နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ရွာအား သိမ်းပိုက်ပြီးနောက် ဇူလိုင် ၂၇ ရက်နေ့တွင် ဆမ္မဆယ်ရွာနှင့် ၄ မိုင်အကွာရှိ သုံးဆယ်ရွာ အား ထိန်းချုပ်လိုက်ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။
“တိုက်ပွဲ ကြီးကြီးမားမား ဖြစ်တဲ့ အသံမျိုးတော့ မကြားရပါဘူး။ နည်းနည်း ပါးပါး ပစ်ခတ်တာလောက်ပဲ ရှိတယ်။ အခု စစ်တပ်က သုံးဆယ်ကို ရသွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
တိုက်နယ်ဆေးရုံရှိပြီး လူဦးရေ ၆၀၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သော သုံးဆယ်ကျေးရွာကို စစ်တပ် က ထိန်းချုပ်ထားသော်လည်း သုံးဆယ်ရွာနှင့် ၁၂ မိုင်အကွာ ဟိုခိုကျေးရွာလမ်းပိုင်းအား တအာင်းတပ် (TNLA) ဦးဆောင်သော တော်လှန် ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်ဟု သိရသည်။
ဟိုခိုရွာသည် ပြင်ဦးလွင်–နောင်ချို–မိုးကုတ်လမ်းအတွက် အရေးပါသည့် လမ်းကြောင်းပေါ်တွင်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။
ထိုလမ်းကြောင်းပေါ်ရှိ သုံးဆယ်ရွာ၊ ဆမ္မဆယ်ရွာနှင့် ဟိုခိုကျေးရွာ လမ်းတလျှောက် စစ်ကောင်စီတပ်၏ ရဲဘက်အကျဉ်းစခန်းများလည်းရှိပြီး ၁၀၂၇ စစ်ဆင်ရေး အတွင်း တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါ အကျဉ်းစခန်းများအား သိမ်းပိုက်ထားသည်။
လတ်တလောတွင် ဆမ္မဆယ်နှင့် ဟိုခိုရွာကို စစ်တပ်က ပြန်ရသွားသည့်အတွက် ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဆုံးရှုံး သွားခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့တချို့က ဆိုသည်။
“နောင်ချိုကို ရထားတော့ စစ်တပ်က အားတက်နေတာပေါ့။ အခု သုံးဆယ်လမ်းကြောင်းကနေ မိုးကုတ် ကို ထိုးတက်တာမျိုး လုပ်ဖို့ ပြင်နေတာ။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ ရဲဘက်အကျဉ်းစခန်းတွေ ကို စစ်တပ်က ပြန်ရချင်မှာပဲ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ သုံးဆယ်၊ ဆမ္မဆယ်ရွာများအား စစ်ကောင်စီတပ်က သိမ်းပိုက်လိုက်သည့် အခြေအနေနှင့် ပတ်သက်၍ TNLA ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်တပ်ဝါဒဖြန့်သူများကမူ သုံးဆယ်ရွာအား သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က ကျေးရွာသားများအား စားစရာများ ဝေငှနေသည်ဟု ဝါဒဖြန့် ဖော်ပြနေကြသည်။ အလားတူ စစ်တပ်က နောင်ချိုဒေသ ကြူအင်း စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင်စခန်း အပါအဝင် နောင်ချိုတစ်ဝိုက် နယ်မြေရှင်းလင်းခဲ့ ကြောင်း ဇူလိုင် ၂၇ ရက်က ဖော်ပြချက်တွင် တွေ့သည်။
သုံးဆယ်ရွာ၊ ဟိုခိုရွာများသည် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်နှင့် မိုင် ၃၀ အကွာတွင် ရှိသည်။

CDM ဗိုလ်ကြီးဇင်ယော်က မိုးကုတ်သို့ချီတက်ရာလမ်းအတွက် တစ်ထောက်နားရာ၊ အားဖြည့်ရာနေရာ အဖြစ် သုံးဆယ်ရွာကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ယူဆသည်ဟု ဆိုသည်။
“ သုံးဆယ်တို့ ဟိုခိုတို့ ဟိုရတို့ဘက် မိုးကုတ်အတွက် တံခါးပေါက်ပေါ့ ။ မိုးကုတ်အတွက် ထိုးစစ်ဆင်မဲ့ ဟာ တံခါးပေါက်တစ်ခုလို့ မိုးကုတ်အတွက် ပြောရမယ်ဆိုရင် ဒါ နည်းနည်းအန္တရာယ်များတယ် ပြောရ မှာပေါ့။ သုံးဆယ်မှာ ခြေကုပ်ရထားပြီဆိုရင် မိုးကုတ်ဘက်ကို ဆက်ပြီး စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားပြီဗျ။ အဓိက မိုးကုတ်အတွက် တစ်ထောက်နားရာ အင်အား ရိက္ခာ အနောက် ပိုင်းကနေ ဖြည့်တင်းလို့ရအောင် တစ်ထောက်နားရာ အသုံးပြုချင်လို့ သိမ်းတယ်လို့ပဲ ယူဆရပါတယ်” ဟု သူက ပြောသည်။
မိုးကုတ်မြို့သည် သုံးဆယ်ရွာ၏ မြောက်ဘက် ၆၈ မိုင် ကွာဝေးသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သပိတ်ကျင်းမြို့ကိုလည်း မကြာသေးခင်က စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်ခဲ့ရာ ထိုမြို့ဘက်မှ မိုးကုတ်နှင့် မိုးကုတ်မြောက်ဘက် မိုးမိတ်မြို့တို့ကို ထိုးစစ်ဆင်မည်ဟု သတင်းများထွက်နေ၍ ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြသည်။
မိုးကုတ်သည် ကမ္ဘာကျော်ပတ္တမြားအပါအဝင် ကျောက်မျက်ရတနာအများအပြား ထွက်ရှိသော ဒေသဖြစ် သည်။
ပြင်ဦးလွင်မြို့အား တော်လှန်ရေးတပ်ဖွဲ့၏ ထိုးစစ်မရောက်နိုင်ရန် စစ်တပ်က အဆိုပါ ကျေးရွာများအား ဆက်တိုက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များကလည်း မှတ်ချက်ပြုသည်။
“ ၁၀၂၇ စစ်ဆင်ရေး” ကာလ အတွင်း နောင်ချိုမြို့အား TNLA သိမ်းပိုက်ခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၅ ဇူလိုင် ၁၆ ရက်နေ့တွင် စစ်တပ်က နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်။ နောင်ချိုမြို့အား ထိန်းချုပ်နိုင်ခဲ့ သည့် စစ်ကောင်စီတပ်သည် မြို့ပတ်ဝန်းကျင် ကျေးရွာများအား ဆက်လက် ထိုးစစ်ဆင် နေပြီး နောင်ချို အရှေ့မြောက်ဘက် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများ ဖြင့် မကြာခဏ ပစ်ခတ်နေသည်။
ယနေ့ (ဇူလိုင် ၂၈) နံနက်တွင်လည်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်းသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ဒီနေ့လည်း လက်နက်ကြီးတွေ ကျတယ်ဗျ။ သုံးလုံးရှိပြီ။ အားလုံးက စိုးရိမ်စိတ်နဲ့ပဲ နေနေကြရတော့ တယ်” ဟု နောင်ပိန်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ဇူလိုင် ၂၀ ရက်နေ့မှ စတင်ကာ ဇူလိုင် ၂၈ ရက်နေ့ ယနေ့အထိ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ် မှုကြောင့် နောင်ပိန်၊ ပင်တိမ်နှင့် နောင်ပြစ် စသောကျေးရွာများမှ ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေး ဒုက္ခသည် လေးဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ဇူလိုင် ၂၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင် စစ်ကောင်စီတပ်က ကျောက်မဲမြို့ အထွက်ရှိ ခရီးသွားများ နားခိုရာ ပန်ပေါင်းရွာအား ဒရုန်းသုံးစင်းဖြင့် တိုက်ခိုက် ခဲ့ရာ နေအိမ်အချို့ ပျက်စီးသွားသည်ဟု ကျောက်မဲ ဒေသခံ တစ်ဦးကလည်း ဆိုသည်။
“ဒါ ပထမဆုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြုံရတာပဲဗျ။ မြို့ခံတွေ တော်တော် ထိန့်လန့်သွားတယ်” ဟု အထက်ပါကျောက်မဲမြို့ခံက ပြောသည်။
စစ်တပ်ထိုးစစ်သတင်းနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ခံ သုံးသောင်းနီးပါးသည် နောင်ပိန်ရွာ၊ လားရှိုး၊ နမ့်လန်နှင့် နီးစပ်ရာ ရွာများသို့ ထွက်ပြေနေကြသည်မှာ တစ်လနီးပါးရှိနေပြီး မြို့ပေါ်ရပ်ကွက်တွင် လူမရှိသလောက် ဖြစ်နေသည်ဟု ဒေသခံတို့က ဆိုသည်။
တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲတွင် TNLA ထိန်းချုပ်မြို့များမှ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် အပါ အဝင် ငါးမြို့ကို ပြန်ပေးရန် စစ်ကောင်စီက တောင်း ဆိုခဲ့သော်လည်း သဘောတူညီမှု မရခဲ့၍ စစ်ကောင်စီတပ်က ရှမ်းမြောက် ဝင်ပေါက် နောင်ချိုမြို့ကို စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။
လာမည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တရုတ်တွင် ထပ်မံတွေ့ဆုံရန် ရှိနေသော်လည်း စစ်တပ်ဘက်မှ TNLA ထိန်းချုပ်ရာ ဒေသများအား လေကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် ဆက်လက် ထိုးစစ်ဆင်နေသည်။



