သတင်း

နွားထိုးကြီး စစ်ရှောင်များ ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ကလေး ၄ ဦး ပါဝင်

မန္တလေးတိုင်း စေတီတစ်ဆူတွင် ခိုလှုံနေသူများ ဗုံးကြဲခံရသဖြင့် အများအပြား သေဆုံးသွားကာ ဒေသခံ ရာထောင်ချီ ထွက်ပြေးနေရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကစားနေကြသည့် စစ်ဘေးရှောင် ကလေးများအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ဇူလိုင် ၂၆ရက် နံနက် ၁၁ နာရီခန့်တွင် မျက်ရှုရွာတွင် စခန်းချသည့် စစ်တပ်က ထိုရွာနှင့် နှစ်မိုင်ခန့်ဝေးသည့် စစ်ရှောင်များခိုလှုံရာ ကျောင်းကြီးကုန်းဘုရားကို ဒရုန်းဖြင့် ဗုံး ၃ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသွားသူများတွင် အသက် ၁၈ နှစ်အောက် ယောက်ျားလေး ၂ဦး၊ မိန်းကလေး ၂ ဦး၊ အသက်၄၀နှင့် ၆၀အရွယ် အမျိုးသမီးနှစ်ဦးတို့ ပါဝင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇူလိုင်၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြို့၏ အရှေ့မြောက်ဘက်  ၁၄မိုင် အကွာတွင် တည်ရှိသည့် ထိုနေရာတွင်  ခိုလှုံနေသောကလေးများသည် ဆော့ကစားနေချိန်တွင် ဗုံးကြဲခံရခြင်းဖြစ်ကြောင်း မြေပြင်အခြေနေကို သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်ဘေးရှောင်များကို သွားရောက်ကူညီရန်၊ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့၏ အမည်နှင့် အချက်လက်များကို စာရင်းပြုစုရန် အခြေအနေမပေးသေးဟုလည်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသားက ပြောသည်။

“တိုက်ပွဲတွေဖြစ်နေတယ်၊ လက်နက်ကြီးနဲ့ကလည်း ပစ်ခတ်နေဆဲပါပဲ၊တိုက်ပွဲဖြစ်နေဆဲ ဆိုတော့ အသေးစိတ်က ပြောမရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ဗုံးဒဏ်ကြောင့် အဆိုပါ ဘာသာရေးအဆောက်အအုံ ပျက်စီးသွားသဖြင့်  အများစုသည် စစ်ကောင်စီတပ်နှင့်ဝေးသည့် ထန်းတဲနှင့် ယာတောထဲများသို့ ပြောင်းရွှေ့ခိုလှုံနေကြသည်၊ မိုးကာစများဖြင့် ယာယီတဲထိုးထားကြသည်ဟု ထိုမြို့နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်ဆိုတာနဲ့ ပြည်သူအချင်းချင်းဖေးမပြီး ကျွေးတာလည်းရှိတယ်၊ စစ်ဘေးမရှောင်တဲ့ ပြည်သူက ရှောင်တဲ့ပြည်သူကို ပြန်ကျွေးတာပေါ့” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ခိုက်မှုကြောင့် မျက်ရှုရွာ အပါအဝင် ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် တိမ်းရှောင်နေကြရကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယနေ့ (ဇူလိုင် ၂၈ရက်) နံနက်ပိုင်းတွင်လည်း လက်နက်ကြီး ပစ်ခတ်သံများကြားနေရပြီး မျက်ရှုရွာအနီး သနပ်ခါးတောရွာရှိ စာသင်ကျောင်းနှင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည်ဟု သိရသည်။   ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရှိရသေးပေ။

NUG ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

၂၀၂၃ ဇန်နဝါရီလမှ ၂၀၂၅ ဇွန်လ ၃၀ရက်နေ့ထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်၃,၀၀၄ ရှိပြီး သေဆုံးသူစုစုပေါင်း ၃,၂၄၂ ဦး အထိရှိကြောင်း၊ ထိုအထဲတွင် အသက် ၁၈နှစ်အောက်   ၄၇၃ ဦး ပါဝင်ကြောင်း NUG က ထုတ်ပြန်ထားသည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂၆၃ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၁၀၂)ခုနဲ့ဘာသာရေး အဆောက်အအုံ ၄၆၄ ခု ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

Related Articles

Back to top button