သတင်း

ပဲခူးအရှေ့ခြမ်း ကျောက်ကြီးတွင် စစ်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက်

အခိုင်အမာ ခံစစ်ပြင်ထားသည့် စစ်ကောင်စီအထိုင်စခန်း အပါအဝင် စစ်တပ်စခန်းနှစ်ခုကို KNU,PDF တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကရင်အမျိုး သားအစည်းအရုံး (KNU) တပ်မဟာ (၃) လက်အောက်ခံတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ 

 ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ည ၁၁ နာရီကျော်အချိန်က ကျောက်ကြီးမြို့အနောက်တောင်ဘက် ငါးမိုင် ကျော်ခန့်အကွာ နတ်သံကွင်း-ကျောက်ကြီးကားလမ်းမအနီး ရင်းတိုက်ကုန်းရွာစခန်းနှင့် ရင်းတိုက်ကုန်းရွာ ၏ မြောက်ဘက် လေးမိုင်ကျော်အကွာရှိ လပတ်ရွာစခန်းတို့ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ် သည်။

ထိုစခန်းနှစ်ခုအနက် ရင်းတိုက်ကုန်းရွာစခန်းသည် စစ်ကောင်စီတပ်အတွက် အဓိကကျသည့် ရိက္ခာလမ်း ကြောင်းဖြစ်သည့်  ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းအနီးတွင် တည်ရှိပြီး  အရပ်သားများ စစ်ရှောင်နေချိန် စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲ၍ အခိုင်အမာ ခံစစ်ပြင်ထားသည့်စခန်းဖြစ်သည်။ 

ရင်းတိုက်ကုန်းရွာစခန်းကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၉) ဦးဆောင်၍ တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး နောက်တစ်နေ့ (ဇူလိုင် ၂၅) နံနက် ၆း၁၅ အချိန်တွင်  အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု KNU က ယမန်နေ့က ထုတ်ပြန်သည်။ 

အဆိုပါရွာပတ်ပတ်လည် ခြံစည်းရိုးခတ်ထားသည့်အပြင် ကတုတ်ကျင်း၊ ဘန်ကာအများအပြားဖြင့် အခိုင်အမာ ခံစစ်ပြင်ထား၍ ခက်ခက်ခဲခဲတိုက်ယူခဲ့ရသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၏ ပဲခူးတိုင်းအခြေစိုက် ဗျူဟာ ၂၅ လက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၃၇၀၂) တပ်ရင်းက ဆိုသည်။

“ (ဇူလိုင်လ) ၂၄ ရက်နေ့ည ၁၁ နာရီ ၂၆ မိနစ်မှာ ပွဲစတယ်။ သူတို့က စခန်းကနေ  ၆နာရီခွဲလောက်မှာ ခွာ သွားတယ်” ဟု အဆိုပါတပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွာက လေးထောင့်ပုံစံကျတယ်။ သူတို့ထိုင်ထားပြီး ခံစစ်ပြင်ထားတာ ၁၀ လကျော် ၁၁ လလောက်ရှိပြီ။  (ရွာ)ပတ်ပတ်လည်မှာ သူတို့ရဲ့ခံစစ်က ကတုတ်ကျင်းတွေ ဘန်ကာတွေအခိုင်အမာလုပ်ထားတယ်။ ဒီရွာက ကျွန်တော်တို့ စိုးမိုးတဲ့ရွာတွေ ကြားထဲမှာရှိလို့ ရွာပတ်လည်ကို အခိုင်အမာ ခံစစ်လုပ်ထားတယ်” 

ရင်းတိုက်ကုန်းကျေးရွာစခန်းကို KNU တပ်များအပြင် စစ်တောင်းမြစ်ဝှမ်းစစ်ဆင်‌ရေး(JOC) အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်‌‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊  ဗျူဟာ (၂၅) ကွပ်ကွဲသည့်  အမှတ် (၃၇၀၂) တပ်ရင်း၊  ရိုးမ(၂) အထူးကွန်မန်ဒိုတပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့သည့်အပြင် နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်က  ဒရုန်းဖြင့်ဗုံးကြဲခဲ့ကာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။ 

စစ်ကောင်စီသည် ရင်းတိုက်ကုန်းရွာစခန်းမကျရေးအတွက် ဇူလိုင် ၂၅ရက်နေ့ နံနက်တွင် နတ်သံကွင်းမြို့ အထိုင်စခန်းမှ စစ်ကူတပ်များစေလွှတ်ပြီး ပြန်လည်ထိုးစစ်ဆင်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်ခံစစ်အပြင် ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်သောကြောင့် စစ်တပ်က ပြန်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။ 

ကျေးရွာထဲတွင် စစ်ကောင်စီတပ်  အထိုင်စခန်းချထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- KNU)

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦး (ပျူစောထီး ၁၅ ဦး ပါဝင်) သေဆုံး၍ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ တစ်ဦး ကျဆုံး၍ ၂၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ သည်ဟု KNU က ဆိုသည်။

၈၁ မမ တစ်လက်၊ ၆၀ မမ တစ်လက်၊ ၆၀ ကွန်မန်ဒို တစ်လက်၊ RPG တစ်လက်၊ MA11 ခြောက်လက်၊ MA3 တစ်လက် ၊ဆက်သွယ်ရေးစက် တစ်လုံး၊ Drone Jammer နှစ်လုံး၊ မီးစက် နှစ်လုံး၊ ၈၁ သီး သုံးလုံး၊ ၆၀ သီး ၁၄ လုံး၊ RPG သီး နှစ်လုံး၊ ခမောက် ခြောက်လုံး၊ ၁၈ မိုင်း ၁၀ လုံး ၊ ၁၄ မိုင်း ၂၀ လုံး ၊ကျည်မျိုးစုံ ၄၀၀၀နှင့် တခြား ဆက်စပ်ပစ္စည်းအမြောက်အများ သိမ်းဆည်းရရှိခဲ့သည်ဟု KNU ထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေးတပ်များအနေဖြင့် မိုးတွင်းကာလတွင် ထိုးစစ်မရပ်ဘဲ  ပဲနွယ်ကုန်း-နတ်သံကွင်း- ကျောက် ကြီး ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ် စိုးမိုးထားသည့် ရွာများနှင့်စခန်းများကို ပဲခူးတိုင်းအခြေစိုက် PDF များနှင့် KNU တပ်မဟာ (၃) လက်အောက်ခံတပ်ဖွဲ့များ ပူးပေါင်း၍ ဆက်လက်တိုက်ခိုက်နေသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကမိုးတွင်းဆိုတော့ မိုးထဲလေထဲမှာ  ခက်ခက်ခဲခဲတိုက်ရပေမယ့် ထိုးစစ်မရပ်ပါဘူး။ လယ် ကွက်တွေဆိုရင် ရွှံ့တွေနဲ့ရော ရေတွေပါပြည့်နေတယ်။ ဒီရွာကို ပြန်ရဖို့ သေချာလေး…စနစ်တကျလေး ဗျူဟာ ဆွဲပြီးဝင်တိုက်တာပါ။   ခက်ခက်ခဲခဲတိုက်ခဲ့ရပါတယ်”ဟု  ရင်းတိုက်ကုန်းတိုက်ပွဲတွင် ပါဝင်သည့် အမှတ် (၃၇၀၂) တပ်ရင်းတာဝန်ခံက ပြောသည်။

တော်လှန်ရေး လေးနှစ်ကျော်လာသော်လည်း စစ်ကောင်စီ၏ လက်နက်အင်အားသည် တော်လှန်ရေးတပ် များထက် သာလွန်နေဆဲဖြစ်ပြီး  တစ်ဘက်တွင်လည်း စစ်အရှိန်မကျရေးအပြင် လက်နက်နှင့်ရိက္ခာ စသည့် လိုအပ်ချက်များကိုဖြည့်ဆည်းရန် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ ကျွန်တော်တို့တပ်ရင်းက  MOD (ကာကွယ်ရေးဝန်ကြီးဌာန) လက်အောက်မှာ  ထောက်ပံ့မှုရှိပေမဲ့လည်း ပြည့်စုံတဲ့အနေအထား တစ်ခုမှရှိသေးပါဘူး။  စစ်ဆင်ရေးအတွက် လိုအပ်ချက်အရမ်းမြင့်တာကြောင့် ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့တပ်ရင်းကို ဆက်လက်ပြီးထောက်ပို့ပေးကြဖို့ပြောချင်ပါတယ်”ဟု တပ်ရင်းတာဝန်ခံက ပြောသည်။ 

လပတ်ကျေးရွာတိုက်ပွဲ

ရင်းတိုက်ကုန်းရွာ၏ မြောက်ဘက် လေးမိုင်ကျော်အကွာရှိ လပတ်ရွာကိုလည်း ဇူလိုင် ၂၅ ရက်နေ့ညတွင် ပဲခူးအခြေစိုက် ဗျူဟာ ၂၄ နှင့် ၂၆ လက်အောက်ခံတပ်များက တပြိုင်နက်တည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ ပြီး တိုက်ပွဲအတွင်း ပိတ်မိနေသည့် စစ်ကောင်စီတပ်မိသားစုဝင်များကို ဘေးလွတ်ရာပို့ဆောင်ပေးခဲ့သည် ဟု တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ 

လပတ်ကျေးရွာမှ တော်လှန်ရေးတပ်များ ကယ်ထုတ်ပေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့၏ မိသားစုဝင် တချို့။ (ဓာတ်ပုံ- နဂါးနီတပ်ရင်း)

KNLA တပ်ရင်း (၈) အပါအဝင် NUG ၏ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄) အောက်မှ အမှတ်(၃၅၀၃) တပ်ရင်း၊ နဂါးနီတပ်ရင်း၊  ဗျူဟာ(၂၆) အောက်မှ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ်(၃၇၀၃)တပ်ရင်း၊ တောကျီးကန်းတပ်ရင်း စသောပူးပေါင်းတပ်များက ညအချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ 

KNU,PDF ပူးပေါင်းတပ်များဘက်မှ တစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပါဝင်တိုက်ခိုက်သော နဂါးနီတပ်ရင်းက ထုတ်ပြန်ထားသည်။ မူလက KNU တပ်မဟာ (၆) နယ်မြေတွင် လှုပ်ရှားသော ထို PDF တပ်သည် တပ်မဟာ (၃) တွင် ပြောင်းရွှေ့စစ်ရေးလှုပ်ရှားလာခြင်းဖြစ်သည်။

သို့ရာတွင် လပတ်ကျေးရွာတွင် KNLAနှင့်PDF များ ပစ်ခတ်ခုတ်ဖြတ်ခဲ့မှုကြောင့် ကလေးများ၊ သက်ကြီး ပိုင်းများအပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီက  ယမန်နေ့ (ဇူလိုင် ၂၇) က ထုတ်ပြန်သည်။ 

အသက် ၁၀ လသားအရွယ် ကလေးတစ်ဦး၊ ၃ နှစ်အရွယ် ကလေး နှစ်ဦး၊ ၄ နှစ်အရွယ် ကလေးတစ်ဦး၊ ၆ နှစ်အရွယ် ကလေးတစ်ဦး၊ ၇ ကလေးငယ် တစ်ဦး၊ ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ငါး ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်။ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး၊ ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုး သမီး ၁၂ ဦး၊ စုစုပေါင်း ၁၅ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

KNLA,PDF များသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်း ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  စစ်တပ်သည် ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ပါမချန် သေဆုံးနေ သော လေကြောင်း၊ လက်နက်ကြီးနှင့် မြေပြင်ထိုးစစ်တိုက်ခိုက်မှုများကို ကျူးလွန်နေသည်။

ယခုနှစ် ဧပြီ ၁၅ ရက် Al Jazeera သတင်းဌာနက ထုတ်လွှင့်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိသော နယ်မြေများရှိ အရပ်သား ပြည်သူများကို ကလေး၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်းစွမ်း စသဖြင့် ခွဲခြားမှု မရှိဘဲ အကြမ်းဖက် သမားများအဖြစ် သတ်မှတ်ကြောင်း ဖြေကြားခဲ့သည်။

၂၀၂၃ ဧပြီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက် ခိုက်မှုဖြစ်စဉ်တွင် ကလေး အယောက် ၄၀၊ အသက် ၆၀ ကျော် လူကြီးပိုင်း ၁၀ ယောက် အပါအဝင် အရပ်သားပြည်သူ ၁၇၀ ခန့် သေဆုံးခဲ့သည်။ 

စစ်ကောင်စီသည် ကျောက်ကြီးမြို့နယ်အတွင်း အရပ်သားများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေပြီး  ဇွန် ၂၆ရက်နေ့က စစ်ရှောင်များခိုလှုံနေသည့် တောကြောင်ပေါက်ရွာ စာသင်ကျောင်းကို   ဒရုန်းဖြင့် ဗုံးကြဲ ခဲ့သောကြောင့် ကလေးနှစ်ဦး အပါအဝင် အရပ်သား ခြောက်ဦးသေဆုံးခဲ့သည်။ 

ပဲခူးတိုင်း PDF များနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ စဉ် PDF များ ပစ်ခတ်သတ်ဖြတ်သည်ဆိုသည်ထက် တိုက်ပွဲအတွင်း သေဆုံးထိခိုက်သည်များ ရှိနိုင် ကြောင်း ပြောသည်။ 

အဆိုပါလပတ်ကျေးရွာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က  NUG ၏ Chain of Command အောက်မှာရှိသည့် PDF များသည်  Code of Conduct ဟု ခေါ်သည့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များနှင့်အညီ လိုက်နာစောင့်ထိန်းရသဖြင့် ထိုဖြစ်စဉ်မျိုး လုံးဝမရှိဘဲ စစ်ကောင်စီ ၏ ဝါဒဖြန့်မှုသာဖြစ်ကြောင်း ပြောသည်။

“ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ဖို့အတွက် စတင် ပေါက် ဖွားလာတာဖြစ်တာကြောင့် ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ အခုလိုမျိုး အကြမ်းဖက်စစ်တပ်က ဝါဒဖြန့်သလိုမျိုး  ပြည်သူတွေကို အနီးကပ် လက်နက်ငယ်နဲ့ပစ်တာတို့ …တုတ်တွေဓါးတွေနဲ့ ရိုက်တာတွေ ဆိုတာက လုံးဝမရှိတဲ့ အဖြစ်အပျက်အခြေအနေလို့ အတိအကျပြောလို့ရပါတယ်။ အကြမ်းဖက် စစ်တပ် ဘက်ကတော့ သူတို့လုပ်နေကြအလုပ်ပါပဲ။  သူတို့ကြောင့်ထိခိုက်သေဆုံးရတဲ့သူတွေကို အမြဲတမ်းပဲ သူတို့လုပ်တာမဟုတ်ဘူး။ တော်လှန်ရေးအင်အားစုတွေ PDFတွေ တိုင်းရင်းသားတော်လှန်ရေးအင်အား စုတွေ လုပ်တာဆိုပြီး  လိမ်ညာပြီးဝါဒဖြန့်ချိရေးလုပ်တာကတော့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ထုံးလုပ် နည်းဖြစ်တယ်လို့ပဲပြောချင်ပါတယ်” ဟု သူက ဆိုသည်။ 

ဆက်လက်၍ “ ကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ပြီးတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ မချန် ရက်ရက်စက်စက်သတ်ဖြတ်တာ ဘယ်သူ တွေလဲဆိုတာ ပြီးခဲ့တဲ့ ကာလမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ လူမဆန်စွာ ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေက သက်သေပြပြီးဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။

လပတ်ကျေးရွာတိုက်ပွဲတွင် မပါဝင်သော်လည်း အနီးရှိ ရင်းတိုက်ကုန်းရွာတိုက်ပွဲတွင် ပါဝင်သော အမှတ် (၃၇၀၂) တပ်ရင်းက ထိုဖြစ်စဉ်မျိုး မကြားရကြောင်းပြောသည်။ 

ကျွန်တော်တို့ကြားတာတော့ အဲ့လိုဖြစ်စဉ်တော့မရှိဘူးဗျ။  သူတို့ဘက်က ဝါဒဖြန့်တာလည်း ဖြစ်နိုင်ပါ တယ် ။ အဲ့လိုရွာသားကိုပစ်တာတို့ ဓားနဲ့ခုတ်တာတို့ကတော့ မဖြစ်နိုင်ဘူး” ဟု အမှတ် (၃၇၀၂) တပ်ရင်း တာဝန်ခံ က ဆိုသည်။

NUG ၏ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦးက လပတ်ကျေးရွာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး 

နှစ်ဖက်တိုက်ပွဲကြား ရွာထဲပိတ်မိနေသူများကို ဘေးလွတ်ရာပို့ဆောင်ပေးခဲ့သလို ထိခိုက်ဒဏ်ရာရသူများ လည်း ဆေးကုပေးခဲ့ကြောင်း Myanmar Now ကို ပြောသည်။

“ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာလာချိန် တချို့ကတော့ မကယ်ထုတ်နိုင်ဘဲ ရွာထဲပိတ်မိနေသူ တွေ ရှိပါတယ်။ နှစ်ဖက်တိုက်ပွဲကြောင့် ကြားထဲက ထိခိုက်သေဆုံးတဲ့ ရွာသားတချို့ရှိတယ်လို့တော့ သတင်းရပါတယ်။ စကစကတော့ ထုံးစံအတိုင်း ဝါဒဖြန့်တာပါ။ ဖမ်းမိထားတဲ့ စကစသုံ့ပန်းတွေကိုတောင် ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်။ (စစ်ကောင်စီစွပ်စွဲချက်တွေက) မမှန်ကန်ပါဘူး ။ တော်လှန်ရေးတပ်ဖွဲ့တွေ ပုံရိပ်ကျဆင်းအောင် ဝါဒဖြန့်တာပါ” ဟု ဆိုသည်။

Related Articles

Back to top button