သတင်း

ဝက်လက်မြို့တွင် ၆ လအတွင်း ပထမဆုံးအကြိမ် စစ်ကြောင်းပြန်ထိုး 

စစ်ကိုင်း၊ ဝက်လက်တို့မှ ထွက်လာသည့် စစ်ကြောင်း ၂ ခု၏ ရန်ကြောင့် ဧရာဝတီမြစ်ဘေးရွာများမှ ဒေသခံတို့ ထွက်ပြေးနေရသည်၊ လေတပ်တိုက်ခိုက်မှုကြောင့် ၂၀ ကျော် သေဆုံးထားသည့်ဒေသ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်းနှစ်ခုညှပ်ပြီး ထိုးနေသည့်အတွက် မြစ်ကမ်းဘေး ရွာ ၅ ရွာ ထက်မနည်းမှ ပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဝက်လက်မြို့နယ်ရှိ စစ်တပ်အခြေစိုက်ထားရာ ရှိန်းမကားရွာ၊ စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းရွာတို့မှ ထွက်လာသည့် ထိုစစ်ကြောင်းများတွင်  စုစုပေါင်း အင်အား နှစ်ရာကျော် ရှိနိုင်သည်ဟု သိရသည်။ 

ထွက်ပြေးရသူတို့မှာ ထိုမြို့နယ်နှစ်ခုကြား  စဉ့်ကိုင် (တောင်)၊ (မြောက်) ၊ ငရယ်၊ တက်ရွာ စသည့် ကျေးရွာတို့မှ ဖြစ်သည်။ 

ယမန်နေ့က မင်းကွန်းရွာမှ ထွက်လာသည့် စစ်ကြောင်းသည် စဉ့်ကိုင် (မြောက်) ရွာတွင် ညအိပ်ခဲ့ပြီး နောက် ယနေ့ နံနက်ပိုင်းတွင် မြောက်ဘက်ပိုင်းသို့ ဆက်လက်ထွက်ခွာလာခြင်းဖြစ်သည်။ ထိုစစ်ကြောင်းကို ကြိုရန်အတွက် ရှိန်းမကားမှထွက်လာသည်ဟု ယူဆနေကြသည့် စစ်ကြောင်းသည် ငရယ်ရွာကို ယနေ့ (ဇူလိုင် ၂၈) ရက် နံနက်ပိုင်းတွင် ပစ်ခတ်စီးနင်းဝင်ရောက်ခဲ့ရာ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံထားရသူအချို့ရှိကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

မင်းကွန်းမှ ထွက်လာသည့် စစ်ကြောင်းမှာ ရှိန်းမကားကို အင်အားဖြည့်ပြီးနောက် ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာများကို သွားရောက်ဖွယ်ရှိကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

ယခုနှစ်ဇန်နဝါရီလဆန်းပိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စီးနင်းဝင်ရောက်လာသည့် စစ်ကြောင်းနှစ်ခု  ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ဆယ်နှင့်ချီသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့ဖူးသည်။ 

ထိုသို့အထိနာပြီး လပေါင်းများစွာအကြာတွင် ထိုလမ်းကြောင်းအတိုင်း စစ်ကြောင်းပြန်ထိုးရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ 

ဧရာဝတီမြစ်အတွင်း စစ်ရေယာဉ်များ လုံခြုံစွာ သွားလာနိုင်ရေးအတွက် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ဝက်လက် ဒေသခံ အမျိုးသား တစ်ဦးက ယူဆသည်။ 

“အရင်တစ်ခါစစ်ကြောင်းပြုတ်ကတည်းက မထိုးတာ၊ ၁  လပိုင်းကတည်းက မထိုးတာ။ ဒါက ၆ လအတွင်း ပထမဆုံးရောက်လာတဲ့စစ်ကြောင်းပေါ့။ ဒီစစ်ကြောင်းက ဘာလို့ရောက်လာတာလဲဆိုရင် ယူဆရတာကတော့ သံခွံတွေ (သင်္ဘောတွေ)  ကူးနေတော့၊ မတ္တရာလမ်းကြောင်းကလည်း သူတို့က ပိတ်ထားတော့ ရှမ်းမြောက်ကိုသွားတဲ့ လမ်းကြောကို ဖြတ်တောက်ချင်တဲ့ ရည်ရွယ်ချက် ရှိပုံပေါ်ပါတယ်”ဟု သူက ဆိုသည်။

မြစ်အရှေ့ဘက်ခြမ်း မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများကြောင့်  လမ်းများပိတ်နေရာ အထက်ပိုင်းသို့ သယ်ယူပို့ဆောင်ရေးအတွက် ဧရာဝတီမြစ်ကြောင်းကို အားပြုနေရပြီး ဝက်လက်မြို့နယ်အတွင်းရှိ ဆိပ်ကမ်းများမှတဆင့် သွားလာနေကြသည်။ 

ဝက်လက်မြို့နယ်အတွင်း လှေဆိပ်ရှိသည့် ကျေးရွာများကို ယခုလအတွင်း လေတပ်က တိုက်ခိုက်ရာ  အရပ်သား ၂၀ ဝန်းကျင်သေဆုံးထားသည်။ 

လှေဆိပ်ရှိရာ ရေလည်မော်ရွာကို ဇူလိုင် ၁၁ ရက်နေ့က ဗုံးကြဲစဉ် အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး ကလေးများအပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ရက်ပိုင်းအကြာ ဧရာဝတီမြစ်တွင်း စစ်ရေယာဉ်အုပ်စုများဆန်တက်လာချိန်တွင် ဝက်လက်မြို့နယ်၊ မြစ်ကမ်းဘေးရှိ လှေဆိပ်ရှိရာ ကျေးရွာများဖြစ်သည့် ရေလည်မော်၊ ရှားကွဲ၊ ငါးပတ်ချောင်းရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၂၀ ထက်မနည်းသေဆုံးပြီး ဒါဇင်နှင့်ချီ  ဒဏ်ရာရခဲ့သည်။ 

ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကြုံခဲ့ရသည့် ရေလည်မော်ရွာ ဆိပ်ကမ်းကို ပိတ်ထားပေးရန် ဒေသခံပြည်သူအချို့က တော်လှန်ရေးအင်အားစုကို ယမန်နေ့ (ဇူလိုင် ၂၇) ရက်နေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြ ကြောင်း သိရသည်။ 

“ရွှေဘိုခရိုင်တပ်ရင်း ၂ က လုံခြုံရေးပေးပြီးတော့ မြို့နယ် ပကဖ  က (ရေလည်မော်)မှာ ဆိပ်ကမ်း လုပ်ထားတာရှိတယ်။ ခုက လေယာဉ်နဲ့ပစ်ခံရမှာ စိုးလို့ ဆန္ဒပြတယ်လို့တော့ပြောတယ်။ လက်ရှိက တော့ စစ်ကြောင်းကလည်း အမှတ် ၃ ကားလမ်းပေါ်ကနေလာနေတာဆိုတော့ ဆိပ်ကမ်းကတော့ ဖွင့်ထားတာမရှိဘူး၊ စစ်ကြောင်းလည်း ရှုပ်နေတဲ့အတွက်”ဟု အထက်ပါ ဒေသခံအမျိုးသားကဆိုသည်။ 

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်က လက်လွှတ်ခဲ့ရသည့် မြို့များအနက် ရှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကယား (ကရင်နီ)ပြည်နယ် မိုးဗြဲနှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့တို့ကို ဇူလိုင်လအတွင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်း သည့် နိုင်ငံအလယ်ပိုင်းရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင်လည်း ထိုးစစ်ဆင်ပြီး တိုက်ပွဲများ ပြင်းထန် လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်ထားသည်။ 

ချင်းတွင်းမြစ်ကို အသုံးပြုမှု

မိုးတွင်းကာလ ရေတက်ချိန် ချင်းတွင်းမြစ်ကြောင်းတွင် စစ်သင်္ဘောများ ပါဝင်သည့် ရေယာဉ် အုပ်စုက စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မြို့နယ်များကို ရိက္ခာနှင့်ခဲယမ်းများ ဖြည့်တင်း‌နေသည်။

စစ်ရေယာဉ် ၅ စီးနှင့် ကုန်တင်ရေယာဉ် သံခွံများ ပါဝင်သည့် ရေယာဉ်အုပ်စုသည် ဇူလိုင် ၁၄ ရက်နေ့က မုံရွာမြို့မှ  စတင်ထွက်ခွာလာကာ ကနီ၊ မင်းကင်း၊ ကလေးဝ၊ ဖောင်းပြင်တို့ကို ဖြတ်သန်းလာ ပြီး   ဖောင်းပြင်မြို့နယ်တွင် ရောက်ရှိနေကာ ခန္တီးမြို့ထိ ခရီးဆက်ဖွယ်ရှိနေကြောင်းသိရ သည်။ 

ဇူလိုင် ၂၆ ရက်နေ့က မော်လိုက်နှင့်ဖောင်းပြင်မြို့နယ်ကြားတွင် တော်လှန်ရေးအင်အားစု ကြားဖြတ် တိုက်ခိုက်မှုကြောင့် ကုန်တင်သံခွံတစ်စီး ထိခိုက်မှုအချို့ရှိခဲ့သည်။ ထိုရေယာဉ်အုပ်စုသည် ဖောင်းပြင် မြို့တွင် ဇူလိုင် ၂၇ ရက်နေ့က ရပ်နားကာ ယနေ့ နံနက်တွင် အထက်ပိုင်းသို့ ဆက်လက်ထွက် ခွာသွားကြောင်းသိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ထိုရေယာဉ်အုပ်စု ကလေးဝမြို့တွင်ဆိုက်ကပ်စဉ် လက်နက် ခဲယမ်းနှင့် ရိက္ခာအများပြား ချထားခဲ့ပြီး ထိုမှတဆင့် ကလေးမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း ကလေးမြို့နယ်ဒေသခံများထံက သိရသည်။ 
လမ်းတလျှောက် ကြားဖြတ်တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း စစ်တပ်က စစ်ရေယာဉ်များဖြင့် ပြင်ဆင်မှုများ လုပ်ဆောင်လာပြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်းရှိခဲ့ရာ ထိထိရောက်ရောက် တိုက်ခိုက်နိုင်မှု နည်းပါးခဲ့ကြောင်း တော်လှန် ရေးအင်အားစုများက ပြောသည်။ 

ဇူလိုင်လ ဒုတိယပတ်က ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်သွားသည့် ရေယာဉ်အုပ်စု။ 

“တိုက်ခိုက်တာကတော့ ဖိဖိစီးစီးကြီးအနေထားမျိုးတော့ ရှိမသွားဘူး။ ပြင်ဆင်မှုပိုင်းဆိုင်ရာနဲ့ စစ်ဆင် ရေးသွားလာတဲ့နေရာမှာ မိုးလေဝသ အရ သွားလာဖို့ရာ အခက်အခဲ နည်းနည်းရှိသွားတယ်”ဟု‌ ဖောင်းပြင်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်တပ်က လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေရာ ထိုမတိုင်မီအတောအတွင်း လက်လွှတ်ခဲ့ရသည့်နယ်မြေများကို ပြန်လည်စိုးမိုးနိုင်ရေး ကြိုးပမ်းနိုင်သဖြင့် တိုက်ပွဲများ ပြင်းထန် လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ ပင်လည်ဘူး၊ အင်းတော်၊  ဒီပဲယင်း၊ ကနီမြို့ တို့ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်က ကောလင်းမြို့ကို လပိုင်းအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို နမခ အခြေစိုက်ရာမုံရွာမြို့အနီးရှိ  ဒီပဲယင်း မြို့ကို နာရီပိုင်းအတွင်း ပြန်လည်ထိန်းချုပ်စိုးမိုးထားသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းဝင်နေသည့် ကျေးရွာများ တည်နေရာပြမြေပုံ 

Related Articles

Back to top button