သတင်း

ရာသက်ပန် စစ်ကျွန်ပြုရေး စီမံကိန်းဖြင့် မင်းအောင်လှိုင်၏  စစ်ကော်မရှင်သစ်

စစ်ခေါင်းဆောင်က နိုင်ငံ့အာဏာကို စစ်တပ်အင်အားဖြင့် ရာသက်ပန် ချုပ်ကိုင်ထားနိုင်ရန် အစိုးရ အထက်မှာရှိသော စစ်ကော်မရှင် တစ်ရပ်ဖွဲ့စည်းကာ သမ္မတနှင့် ကော်မရှင်ဥက္ကဋ္ဌရာထူးရယူ လိုက်သည် ဟု လေ့လာသူများက သုံးသပ်ကြသည်။

၂၀၂၅ ဒီဇင်ဘာတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ထားသည့် အာဏာသိမ်း စစ်တပ် သည် ၎င်းတို့ ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (န.စ.က) ကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အမည်ဖြင့် စစ်ကော်မရှင်တစ်ခုကို ဇူလိုင် ၃၁ ရက်နေ့တွင်  ဖွဲ့စည်းလိုက်သည်။

အာဏာသိမ်းစစ်တပ်၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးအများစုဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ စစ်ကော်မရှင် တွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ယာယီသမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကော်မရှင် ဥက္ကဋ္ဌတာဝန်ကို ရယူထားသည်။ 

ထို ကော်မရှင်တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒုတိယဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညို စော ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တို့ ပါဝင်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ 

၂၀၂၅ ဒီဇင်ဘာတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ထားရာ အာဏာသိမ်း စစ်တပ် သည် ၎င်းတို့ အဓမ္မဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ( နစက) ကို ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/ လုံ) ထံ အာဏာပြန်လည် လွှဲအပ်ခဲ့ပြီးနောက် အစိုးရသစ်နှင့် ထိပ်တန်း စစ်ဗိုလ်ချုပ် ၁၀ ဦး ပါဝင်သည့် စစ်ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ စစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် စစ်ကော်မရှင် ဖွဲ့စည်းလိုက်ခြင်းမှာ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ရွေးကောက်ပွဲဖြင့် တင်မြှောက်လိုက်သည့် အစိုးရအဖွဲ့ကို စစ်တပ်အင်အားဖြင့် ချုပ်ကိုင်မည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရာသက်ပန် စစ်ကျွန်ပြုရေး စီမံကိန်းသာဖြစ်သည်ဟု လေ့လာသူများ က သုံးသပ်သည်။ 

စစ်ကျွန်ပြုရေး စီမံကိန်းဖြင့် စစ်ကော်မရှင် 

ယနေ့ (ဇူလိုင် ၃၁) နံနက်တွင် အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့ အဓမ္မဖွဲ့စည်းခဲ့သည့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ထံ အဏာပြန်လည်လွှဲအပ်ခဲ့သည်။ 

ထိုသို့ လွှဲအပ်ခဲ့ပြီးနောက် ကာ/လုံက ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးညိုစောက တာဝန်ယူထားသည်။ ဗိုလ်ချုပ်ကြီးညိုစောကို စစ်ရာထူးများမှ အနားပေးကာ အရပ်ဖက်ရာထူးပေးထားခြင်း ဖြစ်သည်။

ထို့ပြင် ကာ/လုံက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အမည်ဖြင့် စစ်ဗိုလ်ချုပ် အများစုပါဝင်သည့် စစ်ကော်မရှင်တစ်ခုကို ထပ်မံဖွဲ့စည်းလိုက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုကော်မရှင်၏ ဥက္ကဋ္ဌ တာဝန်ပေးအပ်လိုက်သည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထား သည့် အဆိုပါစစ်ကော်မရှင်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက အဖွဲ့ဝင်တစ်ဦး အဖြစ်ပါဝင်နေရာ အစိုးရအဖွဲ့၏ အထက်တွင် စစ်ကော်မရှင်ရှိနေသည်မှာ ထင်ရှားနေသည်။ 

ဇူလိုင် ၃၁ ရက်နေ့က ကာလုံအစည်းအဝေး။ (ဓာတ်ပုံ-Myanmar National Post)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးနှင့် စစ်ကော်မရှင်ဥက္ကဋ္ဌ ရာထူးကို တွဲဖက်ရယူကာ နိုင်ငံတော် အာဏာကို ရာသက်ပန် ရယူရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

“အရေးကြီးတဲ့ အန္တရာယ်အကြီးဆုံး ကာကွယ်ရေး ဦးစီးချုပ်ရာထူးက လွှဲပြောင်းပေးရမှာ ဖြစ်တဲ့ အတွက် ဒီကောင်စီက ဆက်ပြီးတော့ ကြီးကြပ်နိုင်အောင် ဆက်ပြီးတော့ လုပ်မှာပါ။ ဒါမှသာလျှင် သူ့ရဲ့ ၅ နှစ် သက်တမ်း ရှည်ကြာမဲ့ သမ္မတရာထူးကို ထိုင်ခုံမလွှတ်ဘဲနဲ့ ဆက်ပြီးတော့ ရယူသွားဖို့အတွက် အစီအစဉ် ရှိပါတယ်”  ဟု ၎င်းက သုံးသပ်သည်။ 

ထို့ပြင် စစ်ဗိုလ်ချုပ်အများစုဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ စစ်ကော်မရှင်၏ ဦးဆောင်မှုဖြင့် ဆုံးရှုံးထား သည့် နယ်မြေများကို ရွေးကောက်ပွဲ မတိုင်မီ ပြန်ရရန် အပြင်းအထန် ထိုးစစ်ဆင်လာနိုင်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အသင့်ပြင်ဆင်ထားရန်လိုသည်ဟု ၎င်းက အကြံပြုသည်။ 

“သူက အဲဒါတွေကို အတတ်နိုင်ဆုံး ပြန်ပြီးတော့ ရွေးကောက်ပွဲမတိုင်ခင်အတွင်းမှာ ပြန်ပြီးတော့ ရယူနိုင်ဖို့ အတွက် တရုတ်နဲ့ ရုရှားအကူအညီရယူပြီး ပြန်လှန်ထိုးစစ်တွေ  အပြင်းအထန် လုပ်လာပါလိမ့်မယ်” 

“ဒါကို တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံရေး အင်အားစုတွေ အသီးသီးက သေသေချာချာ ပြင်ဆင်ပြီး တော့ တုန့်ပြန်ဆန့်ကျင်ဖို့အတွက် အားထုတ် ကြိုးပမ်းရမယ့် အခြေအနေဖြစ်ပါတယ်” ၎င်းက ဆိုသည်။ 

၂၀၂၅ ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပပြီးနောက်  တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုသမ္မတ အဖြစ်ရွေးကောက်တင်မြောက်ပြီး ပြည်ထောင်စုလွှတ်တော် က သမ္မတ အဖြစ်ရွေးကောက်တင်မြောက်မည်ဟု နေပြည်တော်ရှိ စစ်တပ်အရာရှိဟောင်းတစ်ဦးကလည်း သုံးသပ်သည်။

“၂၀၂၆ မတ်လ ၃၀ ပေါ့ အဲဒီမှာ ပြည်ထောင်စု လွှတ်တော်မှာ ကတိသစ္စာပြုပြီးတော့ သမ္မတ တာဝန် စပြီးတော့ ထမ်းဆောင်မယ်ပေါ့။ သမ္မတ တာဝန်စပြီးတော့ ထမ်းဆောင်တာနဲ့ တပ်ချုပ်ရာထူးကို စွန့်လွှတ်လိုက်မယ်။ အဲဒီမှာ ကျော်စွာလင်းကို ပေးမယ်ပေါ့” ဟု ၎င်းက သုံးသပ်သည်။ 

သို့သော်လည်း မင်းအောင်လှိုင်က ဗဟို စစ်ကော်မရှင်ကို ဖွဲ့စည်းပြီး ကာကွယ်ရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍနှစ်ရပ်လုံးကို ချုပ်ကိုင်ကာ တပ်ချုပ်ကို သူ့လက်အောက်တွင်သာ ထားရှိမည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။ 

“စစ်တပ်ကို ကိုင်လို့ ရအောင်လို့ သူက သမ္မတ ရာထူးလည်း ယူမယ်။ တဖက်ကလည်း တရုတ် ပုံစံမျိုး ဗဟို စစ်ကော်မရှင်ဖွဲ့ပြီး ဗဟို စစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌလို ဟာမျိုးလည်း ယူမယ်ပေါ့။ ဒါဆိုရင် တပ်ကလည်း သူ့ကို အာဏာသိမ်းလို့ မရဘူး။ သူ့ကိုလှန်လို့ မရအောင်ထိမ်းထားတာပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်ဖွဲ့စည်းကြောင်း ကြေညာချက်။

မင်းအောင်လှိုင်က သမ္မတ ၊ ကျော်စွာလင်းက တပ်ချုပ် 

ယနေ့ (ဇူလိုင် ၃၁)တွင် ဖွဲ့စည်းလိုက်သည့် အစိုးရအဖွဲ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ အရေးပါသည့် ဗိုလ်ချုပ်ကြီး ၄ ဦး ကို စစ်ဘက်ရာထူးများမှ ရပ်ဆဲပြီး အရပ်ဘက်သို့ ပြောင်းရွှေ့လိုက် သည်။ 

စစ်ခေါင်းဆောင် အကြံပေး ဗိုလ်ချုပ်ကြီးညိုစော ၊ စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်း ဒွေး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့် ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့ကို အရပ်ဘက် ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ 

အာဏာသိမ်း စစ်ခေါင်းဆောင်က ၎င်း၏ အနီးကပ် ဗိုလ်ချုပ်ကြီးများကို အရပ်ဘက် ဝန်ကြီးဌာနများသို့ ပို့ဆောင်လာခြင်းမှာ ၎င်းကို တန်ပြန် အာဏာသိမ်းနိုင်မည့် အန္တရာယ်ရှိသူများကို ဖယ်ရှားခြင်းဖြစ်သည် ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

“တကယ်ကတော့ သူ့ကို ပြန်ပြီး အာဏာသိမ်းနိုင်မယ့် လူတွေကို စစ်ဘက်ကနေပြီးတော့ အရပ်ဘက်ကို ပို့လိုက်တာပါပဲ။ သူ့ကို အာဏာသိမ်းနိုင်မဲ့ ကာကွယ်ရေးဦးစီးချုပ်အာဏာကိုတော့ ဆက်ပြီး ဆုပ်ကိုင် ထားမှာပေါ့” ဟု ၎င်းက ပြောသည်။ 

သို့သော်လည်း စစ်ခေါင်းဆောင်က ၎င်း ယုံကြည်ရသည့် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို မူ စစ်ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းထား သည်ကို တွေ့ရသည်။ 

မင်းအောင်လှိုင်၏ အနီးကပ်လူယုံဖြစ်သည့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စစ်ကော်မရှင်တွင် ထည့်သွင်းထားခြင်းကြောင့်  ရွေးကောက်ပွဲ အလွန်ကာလတွင် တပ်ချုပ်အဖြစ် ခန့်အပ်မည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်ဟု အထက်ပါ နေပြည်တော်မှ စစ်တပ် အရာရှိဟောင်းက ဆိုသည်။ 

“ဒီလို ဖွဲ့လိုက်ခြင်းအားဖြင့် ကျော်စွာလင်းက လာမဲ့ မတ်လအကုန်မှာသူ တပ်ချုပ် ဖြစ်မယ်ပေါ့။ ဒါက သေချာပေါက် နီးပါးလောက် ပြောလို့ ရသွားပြီပေါ့။ သူ့ကို Role တင်ပေးလိုက်တာပေါ့” ဟု ၎င်းက ပြောသည်။

ယခင်ကလည်း  ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် အနာဂတ်တွင် တပ်ချုပ်ဖြစ်လာလိမ့်မည်ဟု မှန်းဆ ချက်များကလည်း စစ်တပ်အသိုင်းအဝိုင်းတွင် ရှိခဲ့သည်။ 

၂၀၂၅ မတ်လက နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြုလုပ်သောအခမ်းအနားတစ် ခုတွင် တွေ့ရသည့်  ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ။ (ဓာတ်ပုံ-MOI)

ထို့ပြင် စစ်ကောင်စီက ၂၀၂၅ ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားရာ ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ်ကျင်းပနိုင်ရန် ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ဒါပေမယ့် လေကြောင်းကနေပြီးတော့ လုပ်တာတွေကတော့ သူက ဒါပဲ လုပ်နိုင်တာကို သူက တော့ ဒါတွေကို ထပ်ပြီးတော့ အရှိန်မြင့်ပြီးတော့ လုပ်နေဦးမှာပဲ။ သူမထင်ရင် မထင်သလိုပေါ့။ သတင်းရရင် ရသလိုပေါ့”

အာဏာသိမ်း စစ်ခေါင်းဆောင်က  အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး  နိုင်ငံတော် အာဏာကို ရာသက်ပိုင် ချုပ်ကိုင်နိုင်ရန် ပြင်ဆင်နေချိန်တွင် အဓိက အတိုက်အခံဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ (NUG) ကလည်း ပိုမိုကျစ်လျစ်သည့် အစိုးရအဖွဲ့ တစ်ရပ် ပေါ်ပေါက်နိုင်ရန် ကြိုးပမ်းနေသည်။ 

၂၀၂၁ တွင် စတင်ပေါ်ပေါက်ခဲ့သည့် နွေဦးတော်လှန်ရေး ၅ နှစ်တာကာလသို့ ရောက်ရှိလာပြီ  ဖြစ်ရာ ပြောင်းလဲလာသည့် ခေတ်အခြေအနေနှင့် ညီညွတ်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရန် ဝန်ကြီးဌာန များကို ကဏ္ဍကြီး ၆ ရပ်အပေါ်တွင် အခြေခံ၍ ပြောင်းလဲ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ ( NUG) နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အာဏာသိမ်းစစ်တပ်က ၎င်းတို့ကိုယ်တိုင် အဓမ္မ အတည်ပြုထားသည့်  ၂၀၀၈ ဖွဲ့စည်းပုံကိုပင် လိုက်နာ ခြင်းမရှိဘဲ ဥပဒေ အမျိုးမျိုး၊ အမည်အမျိုးမျိုးဖြင့် နိုင်ငံတကာတွင်  တရားဝင်မှု ရရှိစေရန် ကြိုးပမ်းနေ ခြင်းဖြစ်သည်ဟု  ပြောသည်။ 

“နိုင်ငံတကာကို မျက်လှည့်ပြဖို့၊ ပြည်သူ  လူထုကို လှည့်စားဖို့ အမျိုးမျိုး လိမ်ညာ အသွင် ပြောင်းပေမဲ့ အားလုံးကလည်း သဘောပေါက်နေကြပါပြီ။ စစ်အာဏာရှင်စနစ် မပျက်သုန်းသရွေ့ ကျွန်တော်တို့ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေမှာ ဖြစ်ပါတယ်။ ဘာအကြောင်းကြောင့်မှ တွေဝေစရာ၊ စောင့်ကြည့် စရာ၊ မျက်စိလည်စရာမရှိပါဘူး” ဟု ၎င်းက ပြောလိုက်သည်။

Related Articles

Back to top button