ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲမှုတို့ကြောင့် ကလေးများအပါအဝင် သုံးဦးသေဆုံး၊ ကိုးဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ထံက သိရသည်။
ဇူလိုင် ၃၀၊ ည ၉ နာရီခန့်က မြို့ပေါ်ရှိ အာဏာသိမ်းစစ်တပ်ဗျူဟာကုန်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် တစ်လုံး လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုကြောင့် လက်နက်ကြီးစ ထိမှန်သွားသူများအနက် အသက် ၃၇ နှစ်အရွယ် ဒေါ်ထိုက်ထိုက်ဝင်းမှာ နေရာတွင်ပင် သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။
“ဘာ…တိုက်ပွဲမှမရှိဘူး၊ ညဘက်ကြီး အိပ်တဲ့သူတွေလည်း အိပ်နေကြပြီ၊ အဲဒါကို အသံအကျယ်ကြီးနဲ့ ပစ်လိုက်တာ၊ မီးခိုးတန်းကြီးပါ ကျန်ခဲ့တယ်။ အဲဒီအိမ်ကိုကျတာ၊ တည့်တည့်ပဲ။ အမေ သေတယ်၊ ကလေးတွေ ဒဏ်ရာရကြတယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရသွားသူ ၃ ဦးမှာ သားသမီးများ ဖြစ်သော ၁၅ နှစ်အရွယ် မဇွန်ရတီထက်၊ ၁၄ နှစ် အရွယ် မောင်ဝင်းသစ်နိုင်၊ အိမ်နီးချင်းဖြစ်သူ အသက် ၂၀ အရွယ် ကိုဖိုးသားတို့ ဖြစ်သည်။
ဇူလိုင် ၂၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ်အရှေ့ဘက် မိုင် ၆၀ ကျော်အကွာ ဝါရာဇွပ်ရွာကို စစ်တပ်၏ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု သိရသည်။
မြစ်ကြီးနား-တနိုင်း လမ်းမကြီးပေါ်ရှိ အဆိုပါရွာတွင် ဝါရာဇွပ်အဖွဲ့ လှုပ်ရှားသည့် နယ်မြေဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့လည်း အဲဒီရွာအခြေစိုက်ပဲ၊ ဒါပေမယ့် ရွာထဲနေတာတော့ မဟုတ်ဘူး၊ အခုက KIA တပ်က ရွာထဲ ရောက်လာတယ် ကြားလို့ ဒရုန်းနဲ့ ကင်းထောက်ပြီး ရွာဘုန်းကြီးကျောင်းထဲကို ကြဲချလိုက်တာ” ဟု ထိုသူ က ဆိုသည်။
ဗုံးကြောင့် ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီး ဒေသခံတချို့ လည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။
စစ်တပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ်များထိန်းချုပ်ထားသည့် ဒေသဖြစ်သည့်အတွက် သေဆုံးကလေး ငယ်နှစ်ဦး နှင့် ဒဏ်ရာရသူများ၏ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။
ထိုဒေသ၏ စစ်ရေးအခြေအနေများကို ပိုမိုသိရှိ ဖော်ပြနိုင်ရန် KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
နိုင်ငံအနှံ့တိုက်ပွဲများအနက် အသိမ်းခံရသည့်မြို့တချို့ ပြန်လည်ရရှိသည့်အခါမှသာ သတင်းထုတ်ပြန်လေ့ရှိသည့် စစ်တပ်က ဖားကန့်အခြေအနေကို သတင်းအမှောင်ချထားသည်။
မေလကုန်ပိုင်းမှာ စတင်ကာ တိုက်ပွဲများပြန်ပြင်းထန်လာခဲ့သည့် ဖားကန့်ဒေသကို ထိန်းချုပ်ရေး ကြိုးပမ်းချက်များမှာ ကျောက်စိမ်း အကျိုးစီးပွားနှင့်လည်း ဆက်စပ်နိုင်ကြောင်း ဒေသခံအများအပြားက ယူဆနေသည်။
ပြီးခဲ့သည့် နှစ်လကျော်ကာလ အတွင်း တိုက်ပွဲများ၊ လုပ်ကြံ သတ်ဖြတ်ခံရမှုများကြောင့် ဖားကန့်ဒေသခံ ၅၀ ကျော်အထိ သေဆုံးခဲ့ပြီးဖြစ်သည်။




