သတင်း

ချင်းတွင်းမြစ်တွင်းစစ်ရေယာဉ်အုပ်စုကို တော်လှန်ရေးတပ်များစောင့်ကြိုတိုက်ခိုက်၊ ရေယာဉ် ၅ စီး မီးလောင်

တော်လှန်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထက်ဘက်သို့ စစ်ကူနှင့်ရိက္ခာဖြည့်တင်းရန် ချင်းတွင်းမြစ် ကြောင်းအတိုင်းလာသော စစ်ရေယာဉ်အုပ်စုသည် ၅ စီး မီးလောင်သွားပြီးနောက် ၂၃ စီး သာ ဟုမ္မလင်းနယ်အတွင်း ရောက်လာသည်။

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်သင်္ဘောများပါ ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်အတွင်း တော်လှန်ရေးတပ်များက “ငမန်းစစ်ဆင်ရေး” အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရေယာဉ် ၅ စီး မီးလောင်ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှ မော်လိုက်ခရိုင် အမှတ် (၃ ) PDF တပ်ရင်းက ထုတ်ပြန်သည်။ 

စစ်သင်္ဘောနှင့်မော်တော်များပါသည့် ၂၈ စီးပါ ရေယာဉ်အုပ်စုသည် မြစ်ရေတက်ချိန်တွင်  မုံရွာမြို့မှ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး အစရှိသည့် မြို့များသို့  ချင်းတွင်းမြစ်အ တိုင်း ဆန်တက်ခဲ့ရာ၊ ထိုစစ်ရေယာဉ်တန်း မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တို့ကို ဖြတ်သန်းစဉ် ဇူလိုင် ၂၅ရက်နေ့မှ ၂၈ ရက်နေ့ အတွင်း သုံးနေရာခွဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ် များဘက်က ဆိုသည်။

ဇူလိုင် ၂၅ ရက်နေ့က မော်လိုက်မြို့နယ်အတွင်း ဖြတ်သန်းစဉ် တစ်ကြိမ်၊ ၂၆ ရက်နေ့က ဖောင်းပြင် မြို့နယ် မဆိုက်ကပ်မီ တစ်ကြိမ်နှင့် ဖောင်းပြင်ဆိပ်ကမ်းတွင် တစ်ရက်ရပ်နားပြီးနောက် ပြန်လည် ထွက်ခွာသည့် ၂၈ ရက်နေ့တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

မော်လိုက်ခရိုင် အမှတ် (၃) တပ်ရင်းက ယနေ့ ထုတ်ပြန်လိုက်သည့် ငမန်းစစ်ဆင်ရေး ရုပ်သံဖိုင်အရ  ကမ်းပေါ် ကတုတ်ကျင်းများတွင် နေရာအခိုင်အမာယူထားသည့် တော်လှန်ရေးတပ်ဖွဲ့များက မြစ်ကြောင်း အတွင်း ဖြတ်သန်းသွားသည့် ရေယာဉ်များကိုပစ်ခတ်ရာ ထိမှန်ပြီး မီးခိုးလုံးများ ထွက်လာသည်ကို တွေ့ရသည်။ 

“ စစ်သင်္ဘော ၁ စီးတော့ ပျက်စီးတယ်၊ ကျန်တာတော့ ဖလက်ခွံ(မော်တော်အကြီးစား) ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်သင်္ဘောကြီးတွေကို ပစ်ရတဲ့ဆီမှာ တင့်ကားတွေတောင်ပေါက်ထွက်တဲ့ကျည်နဲ့ပစ်တဲ့အခါမှာ ထိရောက်မှုအားနည်းတယ်။ မီးလောင်ပြီးတော့ မောင်းမရအောင်ဖြစ်သွားတာမျိုးမဟုတ်ဘဲနဲ့ ပွင့်ထွက်သွားပြီးတော့ မီးလောင်တယ်။ မီးသတ်တယ်။ တွဲခေါ်တယ်။ အဲ့ဒါကြောင့် စားနပ်ရိက္ခာနဲ့ လက်နက်တွေတင်ဆောင်တဲ့ ဖလက်ခွံတွေကို ပစ်တယ်။ အဲ့ဒါကြောင့်ဖလက်ခွံတွေ ထိခိုက်မှု ပိုများတာ။ ဖလက်ခွံတွေမှာလည်း ပွိုင့်ဖိုက်တွေ၊ ငါးကြင်းမြီးတွေ ပါတာပဲလေ။ အဲ့ဒါကြောင့် ပစ်တာ”ဟု “ငမန်း စစ်ဆင်ရေး” တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများရှိသော်လည်း စစ်တပ်က ချက်ချင်းပြင်ဆင်မှုများ လုပ်ဆောင်နိုင်ခဲ့ သည့် အခြေအနေရှိကြောင်း ၎င်းက ဆက်ပြောသည်။ 

“ အခွံချည်းပေါက်ထွက်သွားတာမဟုတ်တော့ ချက်ချင်းဖာတဲ့ကိရိယာတွေပါတာနေမှာ ချက်ချင်းဖာပြီး‌ တော့ ချက်ချင်းဆက်ထွက်သွားတယ်။ ပျက်သွားတာတွေကို တွဲခေါ်သွားတယ်။ ၂၃ စီးလုံး အကုန် တက်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။ 

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြေပြင် သတင်းအချက်အလက်မှ ရရှိသည်ဟု ကိုးကားပြီး အထက်ပါတာဝန်ရှိသူက ပြောသည်။ စစ်တပ်ဘက် မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

မော်လိုက်ခရိုင်အတွင်းဝင်ရောက်လာစဉ် တိုက်ခိုက်ခံခဲ့ရသည့် စစ်သင်္ဘောများသည် ဖောင်းပြင်မြို့နယ် တွင် တစ်ညအိပ်ရပ်နားပြီးနောက် ဇူလိုင် ၂၈ ရက်နေ့တွင် ဆက်လက်ထွက်ခွာသွားကာ လက်ရှိတွင် ဟုမ္မလင်းမြို့နယ်ကို ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။ 

ဖောင်းပြင်မြို့နယ် ဆိပ်ကမ်းမှ ရေယာဉ်အုပ်စုမထွက်မီတွင် မြို့ပေါ်တွင် အခြေစိုက်တပ်များဖြစ်သည့် ခြေမြန် တပ်ရင်း အမှတ် (၃၆၇) နှင့်  (၃၆၈) တပ်ရင်း တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် မြို့အထက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ကျေးရွာတစ်ရွာအတွင်း ကျရောက် ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

“ ရေယာဉ်စထွက်ပြီဆိုတာနဲ့ ဖောင်းပြင်မြို့ပေါ်ကနေ ၁၂၀ နဲ့ တောက်လျှောက်ထောက်ပေးတယ်။ ၁၂၀ ကျည်ကျပြီး ကျောပွင့်ထွက်ပြီး အရပ်သားတစ်ယောက် သေတာရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ 

ချင်းတွင်းမြစ်အထက်ပိုင်းတွင်ရှိ ဖောင်းပြင်မြို့အနီးဝန်းကျင်ကို တော်လှန်ရေးအင်အားစုများကို တစ်နှစ်ကျော်ကြာ ဝန်းရံပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားနိုင်ခဲ့သော်လည်း ယခု ရေယာဉ် အုပ်စုက လက်နက်နှင့်ရိက္ခာများ ဖြည့်တင်းနိုင်ခဲ့ရာ စစ်ကောင်စီတပ်များအတွက် “အသက်ရှုချောင်” သည့် အခြေအနေ ဖြစ်သွားကြောင်း အထက်ပါ တပ်ဖွဲ့ဝင်က သုံးသပ်သည်။ 

“လက်နက်အင်အားရောက်လာလို့ သူတို့က ထိုးစစ်ဆင်မယ်ဆိုလည်း အသင့်အနေအထားမှာရှိတယ်။ ကြီးမားတဲ့အလှည့်အပြောင်းတော့ မရှိနိုင်ဘူးလို့ သုံးသပ်တယ်။ အင်အားတွေထပ်ဖြည့်ပြီး ဖြစ်လာရင် တော့ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တာပေါ့။ ခုခံတိုက်ခိုက်ပြီးတော့ တွန်းလှန်ဖို့ အသင့်အနေထား မှာရှိပါတယ်” ဟု ငမန်းစစ်ဆင်ရေး တာဝန်ရှိသူက ဆိုသည်။ 

စစ်သင်္ဘောများ မော်တော်(ဖလက်ခွံ) ၂၈ စီးပါသည့် ရေယာဉ်အုပ်စုမှာ ဇူလိုင် ၁၁ ရက်နေ့က မုံရွာမြို့နယ် အလုံမင်းဆိပ်ကမ်းမှစတင်ထွက်ခွာလာခဲ့ပြီး မော်လိုက်မြို့နယ်အတွင်း ရောက်ရှိချိန်တွင် စစ်သင်္ဘောများ နှင့် မော်တော်စုစုပေါင်း  ၂၃ စီး ရှိကြောင်းသိရသည်။ 

ချင်းတွင်းမြစ်ကို ဆန်တက်လာသည့် ရေယာဉ်အုပ်စုကို ငမန်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုတွင်း ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ – screenshot from video)

ငမန်းစစ်ဆင်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ မော်လိုက်ခရိုင် PDF တပ်ရင်းများ၊ မော်လိုက်၊ ခန္တီး မြို့နယ် ပကဖများ၊ စစ်ဒေသလက်ရုံးတပ်များ၊ ခန္တီးခရိုင်၊ တမူးခရိုင်၊ ကသာခရိုင် အမှတ် (၂) တပ်ရင်းမှ လက်နက်ကြီးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံအနှံ့ စစ်မျက်နှာပြင်ဖြစ်နေသော စစ်ကောင်စီသည် မြေပြင်စစ်ကြောင်းထိုးနိုင်မှု သိသိသာသာ လျော့နည်းသွားပြီး စစ်ကူ၊ ရိက္ခာ၊လက်နက်ခဲယမ်းများကို လေကြောင်းကို အားပြုလာရပြီး မိုးရာသီတွင် မြစ်ကြောင်းကို အသုံးပြုလာသည်။ 
မြစ်ရေတက်ချိန် ဖြစ်သောကြောင့် ဧရာဝတီမြစ်ကြောင်းတွင်လည်း စစ်သင်္ဘောများနှင့် မော်တော်များပါဝ င်သည့် ရေယာဉ်အုပ်စုသည် မြစ်ကြောင်း အတိုင်း ဆန်တက်ပြီး မန္တလေးအထက်ပိုင်းနှင့် ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်သို့ အင်အားဖြည့်တင်းရန် ဦးတည်နေပြီး တော်လှန်ရေးတပ်များကလည်း မြစ်ကြောင်း တလျှောက် တိုက်ခိုက်မှုများ ဆက်လုပ်နေသည်။

မန္တလေးမြို့ဂေါဝိန်ဆိပ်မှ ဧရာဝတီမြစ်အတိုင်း တက်လာသော ၂၀ စီးထက်မနည်း စစ်ရေယာဉ် များသည် လည်း စစ်ကိုင်းတိုင်း သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာမြို့တို့တွင် တချို့ကျန်နေရစ်ကာ ဇူလိုင် ၂၆ ရက်နေ့ တွင် ကချင်ပြည်နယ် ရွှေကူမြို့ သို့ ၁၂ စီး ရောက်လာပြီး ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရှေ့ဆက် မတက်နိုင်သေးပေ။

ဇူလိုင်လ ဒုတိယပတ်က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရေယာဉ်အုပ်စုမှ ရေယာဉ်တချို့။

Related Articles

Back to top button