သတင်း

ချောင်းဦးတွင် လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံး 

သုံးမိုင်အကွာတွင်ရှိသော စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် အသက် ၁၀ နှစ် အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသမီးတို့မှာ ဝမ်းဗိုက်နှင့်ပေါင်တွင် ထိမှန် ဒဏ်ရာများရကာ သေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၂၉) ညနေက လက်နက်ကြီး ကျရောက်ပေါက်ကွဲ မှုကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ချောင်းဦးမြို့၊ မုံရွာ-မန်းလေးလမ်းမကြီးအနီး မြပုလဲဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နှစ်လုံးမှာ သုံးမိုင်ခန့်အကွာ ကျီကုန်း (အရှေ့) ရွာလယ်လမ်းမ အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“နှစ်လုံး စလုံးက မလှမ်းမကမ်းမှာ ကျတာ။ ရွာလယ်လမ်းမမှာ ကျတာ။ အကုန်လုံးက လမ်းသွားလမ်းလာ ပြည်သူတွေချည်းပဲ။ မြေပြင်အခြေအနေက ပုံမှန်အနေအထားပဲ။ စစ်ရေးလှုပ်ရှားမှုတွေတော့ ဘာမှ မရှိဘူး ” ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

အသက် ၁၀ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၃၀ အရွယ် အမျိုးသမီး တို့မှာ ဝမ်းဗိုက်နှင့်ပေါင်တွင် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ 

ထိခိုက်ဒဏ်ရာရသူ ငါးဦးအနက် အသက် ၁၀ နှစ်အရွယ် ကိုရင်၊ ယောကျာ်းလေး နှစ်ဦး၊ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ပါဝင်ပြီး ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။ 

“ကိုရင်လေးဆိုရင်လည်း တော်တော်ဒဏ်ရာပြင်းတယ်။ ကိုရင်လေးရဲ့မိသားစုကလည်း စီးပွားရေး တော်တော်ချို့တဲ့တော့ ဆေးကုသမှု တော်တော်အခက်အခဲရှိတယ်”ဟု အထက်ပါ ပကဖ တာဝန်ခံက ပြောသည်။ 

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့တောင်ဘက် ကပ်လျှက် ချောင်းဦးမြို့ တွင် စစ်တပ်က မြို့ပေါ်တွင်သာ နယ်မြေစိုးမိုးထားပြီး ကျေးလက်ဒေသများကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားကာ ဆက်သွယ်ရေးအရအချက်အချာကျသည့် မုံရွာ – မန္တလေး လမ်း ပေါ်တွင် ဖြတ်သန်းသည့် စစ်ကောင်စီယာဉ်တန်းများ၊ ကြေးနီသယ်ယာဉ်တန်းများကို ကြားဖြတ်ချုံခို တိုက်ခိုက်မှုများလုပ်လေ့ရှိသည်။ 

ချောင်းဦးမြို့အနီး မြပုလဲဂိတ်နှင့် ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးတို့တွင် လက်နက်ကြီးများ အထိုင်ချ ထားပြီး အနီးရှိ ကျေးရွာများကို ပစ်ခတ်လေ့ရှိပြီး တခါတရံတွင် နေရာရွှေ့ပြောင်းသယ်ဆောင်ကာ ဝန်းကျင်ရွာများကို ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများထံက သိရသည်။ 

“လက်နက်ကြီးကတော့ ပုန်းခိုကျင်းထဲ ဝင်ခိုဖို့မလွယ်ကူးဘူး‌ဗျ။ တခါတလေလည်း ကြိုတင်ပြီးသတင်း ရတဲ့အခါမျိုးဆိုရင်တော့ ရတယ်။ ခုလိုအမှတ်မထင်ထုတာမျိုးဆိုရင်တော့ ရှောင်ဖို့မလွယ်ဘူး” ဟု အထက်ပါ ပကဖ သတင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ပြီးခဲ့သည့်မေလကလည်း ချောင်းဦးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် မြို့တောင်ဘက်ခြမ်းမှ ကျေးရွာတစ်ရွာတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ ငါးဦး သေဆုံး ခဲ့သည်။ 

ချောင်းဦးမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်က စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ရှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး ဇူလိုင် ၂၄ ရက်နေ့က မြို့အနီးဝန်းကျင်ကို စစ်ကြောင်းထိုးစဉ် ဒေသခံ တစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ချောင်းဦးမြို့နယ်အခြေအနေများနှင့်ပတ်သက်ပြီး စစ်တပ်က တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေး သော်လည်း စစ်တပ်ဝါဒဖြန့်သူများက ဇူလိုင် ၂၂ ရက်တွင် ဘူတာရွာသစ်၌ ပစ်ခတ်မှုဖြစ်ပြီး PDF ငါးလောင်းရရှိကာ လက်နက်ခဲယမ်းတချို့ရရှိခဲ့ကြောင်း ဖြန့်ဝေနေသည်။ 

Related Articles

Back to top button