သတင်း

စစ်တပ်ခေါ်သွားသည့် ရန်ကုန်မှ အလုပ်သမားအခွင့်အရေးဆောင်ရွက်သူများ အစအနပျောက်နေ

ရန်ကုန်အခြေစိုက် အလုပ်သမားအခွင့်အရေးဆောင်ရွက်သည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ခေါင်းဆောင်ကို ဇူလိုင် ၂၅ ရက် ညပိုင်းတွင်စစ်တပ်ကဖမ်းဆီးခဲ့ပြီး လေးရက်အကြာတွင် နောက်ထပ်အဖွဲ့ဝင်များကို ထပ်မံဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့သော အလုပ်သမားအခွင့်ရေး ဆောင်ရွက်သည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး၊ သမီးဖြစ်သူနှင့် ရုံးအဖွဲ့သားများ အဆက်သွယ်မရဖြစ်နေသည်ဟု သိရသည်။ 

ဇူလိုင်လ ၂၅ ရက် ညပိုင်းက စစ်ကောင်စီတပ်က (STUM)အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို သူ၏နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၄ ရက်အကြာ ဇူလိုင် ၂၈ ညပိုင်းတွင် ရွှေပြည်သာမြို့နယ်ရှိ STUM ရုံးကို ဝင်ရောက်၍ သမီးဖြစ်သူနှင့် ရုံးအဖွဲ့ဝင် ၆ ဦးကို ဆက်တိုက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် လုပ်ဖော်ကိုင်ဖက်ဟောင်း အမျိုးသားတစ်ဦးက ပြောသည်။ 

“မိသားစုဝင်တွေကလည်း အခုထိအဆက်သွယ်မရသေးဘူး။ သူတို့လည်းစုံစမ်းတုန်းလို့ပြောတယ်။ သူငယ်ချင်းတစ်ယောက်လည်း STUM မှာ အလုပ်လုပ်တာဆိုတော့ သူငယ်ချင်းလည်းပါသွားတယ်။ ဖုန်းတွေကလည်းဆက်လို့မရဘူး။ ဖမ်းဆီးခံရတဲ့အထဲပါတာက ယောက်ကျားလေး ၃ ယောက်နဲ့ မိန်းကလေး ၃ ယောက်ပါ” ဟု ၎င်းက ပြောသည်။ 

“အကုန်လုံးက စိုးရိမ်တာပေါ့။ ဒါပေမယ် သူတို့က ခေါ်သာခေါ်သွားတာ ဘယ်မှာမှန်းကိုမသိရဘူး။ သူငယ်ချင်းရဲ့ ညီမတွေကလိုက်စုံစမ်းနေတာဆိုတော့ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့လည်းသိရတာပါ။ သူတို့ကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာမသိရသေးဘူး”

ဖမ်းဆီးခံရသည့် STUM ရုံးအဖွဲ့သားများမှာလည်း ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့၏ အမည်နှင့် အသေးစိတ်အချက်လက်များကို မသိရသေးပေ။ 

ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဖမ်းထားကြောင်း သမီးဖြစ်သူ မခြူးသွယ်က Facebook တွင် ရေးသားခဲ့ပြီး ဇူလိုင် ၂၈ တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)က စစ်ဆေးရန်ရှိသည်ဟုဆိုကာ ရုံးအဖွဲ့ကို ဆက်လက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ 

ဒေါ်မျိုးမျိုးအေးနှင့် ရုံးအဖွဲ့များဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ရွှေပြည်မြို့နယ် ရဲစခန်းကို ဆက်သွယ်ထားသောလည်း တုန့်ပြန်မှုမရသေးပေ။ 

စစ်အာဏာသိမ်းပြီးမကြာမီ ၂၀၂၁ ဧပြီတွင် အလုပ်သမားများနှင့်အတူ သပိတ်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သဖြင့် ဒေါ်မျိုးမျိုးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီက  ဖမ်းဆီးထောင်ချခဲ့ပြီး ၆ လကျော်ကြာပြီးနောက် ၂၀၂၁ အောက်တိုဘာတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

၂၀၂၁ မတ်တွင် STUM ကို တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း အခြားအလုပ်သမားအဖွဲ့ပေါင်း ၁၅ ခုနှင့်အတူ စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည်ဆိုကာ တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း အလားတူ ကြေညာခဲ့သည်။

၂၀၂၁ နှစ်ဆန်းတွင် အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများအားကောင်စဉ်အချိန်က ဆန္ဒပြပွဲများ၌ အလုပ်သမားအခွင့်ရေးလုပ်ရှားသူများ၊ သမဂ္ဂခေါင်းဆောင်များကို ပါဝင်ခဲ့ကြပြီး ၎င်းတို့ကို စစ်တပ်က ဆက်တိုက်ဖမ်းဆီခဲ့ရာ အချို့အဖွဲ့အစည်းများမှာ လွတ်မြောက်ဒေသများသို့ တိမ်းရှောင်ခဲ့ရသည်။ 

သို့သော် STUM သည် ပြည်တွင်း၌ ဆက်ရှိနေပြီး အလုပ်သမားအခွင့်အရေးအတွက် အကူအညီပေးရန် ဆက်လက်ဆောင်ရွက်ခဲ့သည်။ 

စစ်ကောင်စီလက်ထက်တွင်  အလုပ်သမားအဖွဲ့အစည်းများဖိနှိပ်ခံနေရပြီး အဓမ္မခိုင်းစေမှု၊ လုပ်အားခ ခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်များ ဆုံးရှုံးမှုရှိလာသလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဖွဲ့စည်းလှုပ်ရှားခွင့်မရှိကြောင်း အလုပ်သမားအခွင့်ရေးလှုပ်ရှားသူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ အခြေခံပြဋ္ဌာန်းချက် ၁၀ ချက်အနက် ၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားပြီး ပြဋ္ဌာန်းချက် အမှတ် ၈၇ လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်၊ ပြဋ္ဌာန်းချက်အမှတ် ၂၉ အဓမ္မခိုင်းစေမှုပပျောက်ရေးတို့ကို ဆိုးရွားစွာချိုးဖောက်နေခြင်းကြောင့် ဇွန် ၅ ရက်တွင် ILO က ၎င်းတို့၏ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ   အရေးယူရန်ဆုံးဖြတ်ခဲ့သည်။ 

Related Articles

Back to top button