မကွေးတိုင်းအတွင်းရှိ ရဲစခန်းတစ်ခုကို ဇူလိုင် ၃၀ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်စဉ် ရဲ ၂ ဦး အရှင်ဖမ်းမိခဲ့သည်ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဆန်းက ပြောသည်။
ရဲတပ်သား အင်အား ၁၂ ဦးခန့် ရှိခဲ့သည် စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်း တိုက်ပွဲမှာ ၃ နာရီ ကြာမြင့်သည်၊ ရဲတချို့သာ ထွက်ပြေးလွတ်မြောက်နိုင်ပြီး ရှစ်ဦးသေဆုံးသွားသည်ဟု သူက ပြောသည်။
သေဆုံးခဲ့သည့်ရဲများထဲတွင် ဒုရဲအုပ်အဆင့်ရှိသူ ယာယီစခန်းမှူးပါဝင်သည်ဟု သိရသည်။
ရဲသုံ့ပန်း ၂ ဦးနှင့် ပတ်သက်ပြီး အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
စလင်းမြို့၏ မြောက်ဘက်ခြမ်းတွင်တည်ရှိသည့် ထိုရဲစခန်းမှ ရဲတပ်ဖွဲ့မိသားစုဝင်များကို ခေါ်ယူခဲ့ရာ ထိုအထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးများ ပါဝင်သည်၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကိုအောင်ဆန်းက ပြောသည်။
တိုက်ပွဲပြီးဆုံးချိန်တွင် စစ်လေယာဉ်ရောက်လာပြီး တညောင်တိုက်နယ်ဝန်းကျင်ကို ဗုံးကြဲရာ ၁၂နှစ်သား ကလေးတစ်ဦး ဗုံးစထိမှန်၍ ပြင်းထန်သည့်ဒဏ်ရာ ရသွားသည်ဟု သိရသည်။
ဇူလိုင် ၃၁ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ မရှိတော့သော်လည်း စစ်တပ်က တညောင်နယ်တွင် စစ်ကြောင်းထိုးဆက်ထိုးနေဆဲဖြစ်သည်ဟု တော်လှန်ရေး တပ်ဖွဲ့များက ဆိုသည်။
အာဏာသိမ်းတပ်က မြို့နယ်အရှေ့ဘက်ခြမ်းကို ထိန်းချုပ်ထားကြောင်း၊ ဇူလိုင်လ တစ်လလုံးတွင် စလင်းမြို့နယ် စလင်း-ဆင်ဖြူကျွန်းကားလမ်း အနောက်ဘက်ခြမ်းကို တစ်ပတ်လျှင် သုံးကြိမ်ထက်မနည်း စစ်ကြောင်ထိုးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
စစ်တပ်က စလင်း- ဆင်ဖြူကျွန်းကားလမ်းပေါ်တွင် တပ်စွဲထားပြီး အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၁၅ရွာထက်မနည်းသို့ စစ်ကြောင်းထိုးနေသည်ဟုလည်း သိရသည်။ ထိုသို့ စစ်ကြောင်းထိုးရာတွင် ကျီးတိုက် ၊ကညှက်၊ ခြင်ထောင်ရွာ အပါအဝင် ကျေးရွာအချို့ရှိ နေအိမ်များကိုလည်း မီးရှို့ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေး အဖွဲ့များက ဆိုသည်။
လက်နက်စက်ရုံ ၂၅ ရုံအနက် ၁၅ ရုံ တည်ရှိရာ မကွေးတိုင်းအတွင်း တိုက်ပွဲမဖော်နိုင်ရန် စစ်တပ်က အင်အားဖြည့်ထားသည်ဟုလည်း ၎င်းတို့က ဆိုသည်။



