သတင်း

မန္တလေးတိုင်း မိုးကုတ်နှင့် သပိတ်ကျင်းနယ်ကို လေကြောင်းမှ ဗုံးကြဲ၊ ၁၉ ဦးသေဆုံး

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်သည့် မန္တလေးတိုင်းအတွင်းမှ နှစ်မြို့နယ်ကို တစ်မနက်အတွင်း လေကြောင်းမှ ဗုံးကြဲခဲ့စဉ် အရပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး ၃၁ ဦး ဒဏ်ရာရခဲ့သည်။

မန္တလေးတိုင်း၊ မိုးကုတ်နှင့် သပိတ်ကျင်းမြို့နယ်အတွင်း ဩဂုတ်လ၊ ၂ ရက်နေ့ နံနက်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ပြီး သေဆုံးသူ ၁၉ ဦးရှိပြီး ၃၁ ဦး ဒဏ်ရာရခဲ့ကြောင်း မြို့ခံများထံက သိရသည်။

ယင်းနေ့ နံနက် ရှစ်နာရီကျော်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာနှင့် မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်တို့ကို တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ကျပ်ပြင်ရဲစခန်းအနီး ဗုံးကျရောက် ပေါက်ကွဲခဲ့ရာ အထည်ဆိုင်နှင့် အအေးဆိုင်တို့ကို ထိမှန်ခဲ့ပြီး နံနက်စာ စားချိန် ၊ နံနက်ဈေးရောင်းဈေးဝယ် သွားလာချိန် နှင့် လူစည်ကားချိန်ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူလည်း များခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူ အနည်းဆုံး ၁၂ ဦးရှိကြောင်း ကျပ်ပြင်မြို့ခံများထံက သိရသည်။ အဆိုပါဖြစ်စဉ် တွင် ရဟန်း တစ်ပါး၊ ကလေး တစ်ဦး၊ အမျိုးသား ၁၀ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ် (TNLA) က ယင်းနေ့မှာပင် ထုတ်ပြန်ထားသည်။

“အဲ့ဒီနားက မနက်စာဆိုင်လေးလည်း ရှိတော့ လူများတဲ့အချိန် လူများတဲ့နေရာပါ။ အဲ့ဒါကြောင့်လည်း ထိခိုက်သူများသွားတာ”ဟု ကျပ်ပြင်နေ အမျိုးသားတစ်ဦးက ဆိုသည်။

ဗုံးကြဲမှုကြောင့် နေအိမ် လေးလုံး ပျက်စီးသွားခဲ့ပြီး ထော်လာဂျီများ ရပ်နားထားလေ့ရှိသည့်နေရာ ဖြစ်သည့်အတွက် ထော်လာဂျီများလည်း ပျက်စီးသွားသည်ဟု ဗုံးကြဲခံရသည့်နေရာအနီး နေထိုင်သူ အခြားအမျိုးသား တစ်ဦးကလည်း ပြောသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ရပ်တွင် တော်လှန်ရေးတပ်ဖွဲ့အများအပြား အခြေစိုက်သည်ဟု သိရသည်။ 

တော်လှန်ရေးတပ်များကို ဦးတည်တိုက်ခိုက်ခြင်းဖြစ်နိုင်သော်လည်း အရပ်သားများထိခိုက်သွားရခြင်း ဖြစ်ကြောင်း မိုးကုတ်မြို့တွင် တာဝန်ကျနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုးကုတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း လေကြောင်းဖြင့် ငါးကြိမ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေး နှစ်ဦး ၊ အရပ်သား ခုနစ်ဦး သေဆုံးခဲ့ရပြီး ကလေး လေးဦး အပါအဝင် ၄၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ် ၃၈ လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

မိုးကုတ်မြို့၊ကျပ်ပြင်ရပ်ကွက်မှ နေအိမ်အပျက်အစီးအချို့။ (ဓာတ်ပုံ- ပေးပို့)

မိုးကုတ်မြို့ကို တိုက်ခိုက်မှု မတိုင်မီ မိနစ်ပိုင်းစောပြီး သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကိုလည်း လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင်လည်း အထိအခိုက်များခဲ့သည်။

ချောင်းကြီးရွာတောင်ပိုင်း၊ မန္တလေး-မိုးကုတ် ကားလမ်းဘေးတွင် ဗုံးကြဲခံရခြင်းဖြစ်ပြီး၊ အမျိုးသမီး တစ်ဦး၊ အမျိုးသား ခြောက်ဦး စုစုပေါင်း ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၇ ဦး ရှိခဲ့သည်ဟု သပိတ်ကျင်းမြို့နယ်၊ တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။  

ချောင်းကြီးရွာ၊ လေကြောင်းတိုက်ခိုက်မှုသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဝင်များ ရှိနိုင်မည့်နေရာ ကို တိုက်ခိုက်ခြင်းဖြစ်ပြီး၊ ယခင်ကလည်း အလားတူ တိုက်ခိုက်ခံရဖူးကြောင်း ချောင်းကြီးဒေသခံများက ပြောသည်။

ထိုနေ့နံနက်အစောက ဗုံးကြဲခံရသည့်အတွက် ထိခိုက်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်နေချိန် နံနက်၊ ၁၁ နာရီကျော်ခန့်တွင် လေတပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“မနက်က ကြဲတဲ့နေရာကိုပဲ ထပ်ကြဲတယ်။ ထိခိုက်သေဆုံးသူတွေ မြင်မကောင်းအောင်ပဲ။ အရမ်းများတယ်” ဟု ဒေသတွင်းအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ချောင်းကြီးရွာသည် သပိတ်ကျင်းမြို့တောင်ဘက် မိုင် ၂၀ ကျော်အကွာ၊ ကားဖြင့်သွားပါက တစ်နာရီ ခရီးခန့်သာ ကွာဝေးသည်။ လက်ရှိတွင် သပိတ်ကျင်းမြို့ပေါ်ကို စစ်တပ်က ပြန်သိမ်းပိုက်ထားပြီး ဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေသည်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်း၊ မန္တလေး-မိုးကုတ်လမ်းပေါ် ချောင်းကြီးကျေးရွာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ သပိတ်ကျင်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထိန်းချုပ်ထားသည်။ 

ရွှေတူးဖော်ရေးလုပ်ငန်းဖြင့် အသက်မွေးကြသည့် အိမ်ခြေ ထောင်ချီရှိသည့် ချောင်းကြီးကျေးရွာသည် စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲ နိုင်လေ့ရှိသည့် အမာခံဒေသဖြစ်ပြီး ထိုနယ်မြေတဝိုက်တွင် တော်လှန်ရေးအားကောင်းသည်။

ချောင်းကြီးရွာသည် ရွှေထွက်သည့်ဒေသဖြစ်ပြီး  ရွှေတူးဖော်မှုနှင့်ဆက်စပ်သည့် လုပ်ငန်းအများအပြား ရှိသောကြောင့် အနယ်နယ်အရပ်ရပ်မှ သွားရောက်အလုပ်လုပ်ကိုင်သူများနှင့် စည်ကားသည့် ရွာကြီး ဖြစ်သည်။

စစ်ကောင်စီက ချောင်းကြီးကျေးရွာကို ယခင်ကလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးရာ ယခုနှစ် သင်္ကြန် ကာလအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

မန္တလေးတိုင်းအတွင်း မိုးကုတ်၊ စဉ့်ကူးနှင့် ငါန်းဇွန်မြို့နယ်များကို စစ်ခေါင်းဆောင်က စစ်အုပ်ချုပ်ရေး နယ်မြေများအဖြစ် ကြေညာထားပြီးနောက် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ကမ္ဘာကျော် ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်ရတနာများ ထွက်ရှိရာ မိုးကုတ်မြို့ကို “ ၁၀၂၇” စစ်ဆင်ရေးအတွင်း တအာင်းတပ် (TNLA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး အာဏာသိမ်းစစ်တပ်က ပြန်ရယူရန် ပစ်မှတ်ထားနေသောကြောင့် မကြာခဏဗုံးကြဲမှုများ ပြုလုပ်နေသလို သပိတ်ကျင်းနယ် တစ်ခုလုံးကိုလည်း ပြန်ရရန် ကြိုးပမ်းနေသည်။

ပုံစာ- ဩဂုတ် ၂ ရက်နေ့က သပိတ်ကျင်း၊ ချောင်းကြီးရွာလေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသွားသူတစ်ဦး။ (ဓာတ်ပုံ-AFP)

Related Articles

Back to top button