တရုတ်-မြန်မာနယ်စပ်ကချင်လွတ်လပ်ရေးတပ် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်ချောင်းမှာမိုးသည်းထန်မှုကြောင့် ချောင်းရေမြင့်တက်လာသောကြောင့် စစ်ရှောင်စခန်း နှစ်ခု နှင့် ကျေးရွာအချို့ရှိ နေအိမ်များ ရေနစ်မြုပ်ခဲ့ပြီး ဒေသခံအချို့ ပျောက်ဆုံးနေသည်ဟု သိရသည်။
လိုင်ဇာမြို့ တောင်ဘက် ခြောက်မိုင်ခန့်အကွာတရုတ်- မြန်မာနယ်စပ်မျဉ်း ကပ်လျက်နှင့် မုန်လိုက်ခက်ချောင်းဘေးတွင် ရှိသည့်ဂျေယန်စစ်ရှောင်စခန်းတွင် ယနေ့ နံနက် ငါးနာရီခန့်မှ စတင်ကာချောင်းရေ တက်လာသည်ဟု အဆိုပါစခန်းရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ချောင်းရေနှင့်အတူ ဂျေယန်စစ်ရှောင်စခန်း၊ ရပ်ကွက်(၁)ဘက်မှ နေအိမ် ခြောက်လုံးနှင့် တရုတ်စာသင်ကြားသည့် ဘော်ဒါဆောင်အဆောက်အအုံတစ်ခုတို့ ချောင်းရေနှင့်အတူမျောပါသွားခဲ့သည်ဟု ဆိုသည်။

“KBC ရုံးအနောက်ဘက်ကဘော်ဒါဆောင်တစ်ခု ပါသွားတယ်၊ ကားတွေလည်း ပါသွားတယ်၊ ဂျေယန့်တစ်ခုလုံးတော့ မပါသွားဘူး၊ ရေက စစ်ရှောင်စခန်းထဲကို မဝင်ဘူး ချောင်းဘေးနားက အိမ်တွေပါသွားတာပါ”ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။
ထို့ပြင် ဂျေယန်စစ်ရှောင်စခန်း၏ချောင်းဘေးကပ်လျက်ရှိ ရပ်ကွက်(၉)နှင့် ရပ်ကွက်(၈)တို့မှ နေအိမ် အချို့လည်းချောင်းရေနှင့် အတူမျောပါသွားခဲ့သည်ဟု သိရသည်။
ရေမြင့်တက်နေမှုကြောင့်ဂျေယန်စစ်ရှောင်စခန်းနှင့် မိုင်အနည်းငယ်အကွာတွင်ရှိသည့် ဖွန်လွမ်ယာန်စစ်ရှောင်စခန်းနှင့် ဂျာထူကောင်ရွာတို့မှလည်း ချောင်းရေနှင့်အတူ နေအိမ်များ မျောပါသွားခဲ့သည်ဟု ဒေသခံများက ပြောကြသည်။
ဂျာထူကောင်ရွာမှ မိသားစု သုံးဦး၊ဖွန်လွမ်ယန်စခန်းရှိ မော်တော်ကားပြုပြင်သည့်ဆိုင်မှ အမျိုးသား နှစ်ဦးနှင့် ကားသမားသုံးဦးတို့ ရေစီးနှင့်အတူ မျောပါသွားသည်ဟု ဆိုသည်။
ဂျေယန်စစ်ရှောင်စခန်းအထက်မိုင်အနည်းငယ်အကွာတွင်ရှိသည့် စစ်ရှောင်များနေထိုင်သည့် အခြား ကျေးရွာတစ်ခုမှနေအိမ် ၁၃ လုံး ရေစီးဖြင့် မျောပါခဲ့ရာစစ်ရှောင်အမျိုးသမီးတစ်ဦးလည်း အိမ်နှင့်အတူ ရေစီးအတိုင်း မျောပါသွားခဲ့သည်။
“ကျွန်မတို့နေတဲ့ရွာရဲ့အပေါ်မှာလည်း ရွာတစ်ရွာရှိသေးတယ်။ အဲဒီကနေ လိုင်ဇာတံတားအထိ အကုန် ဖြစ်တယ်လို့ကြားတယ်။ အခုကျွန်မတို့ ဒီနားမှာ ရေထဲပါသွားတဲ့ အိမ်အကုန်လုံးက ၁၃ အိမ်၊ ပျက်စီး
တာက ၁၀ အိမ်ကျော်တယ်၊ လမ်းတွေလည်း အကုန်ပျက်ကုန်ပြီ ပြောတယ်” ဟု အထက်ပါ စစ်ရှောင် အမျိုးသမီးက ပြောသည်။
ဂျေယန် စစ်ရှောင်စခန်း၊ဖွန်လွမ်ယန်စစ်ရှောင်စခန်း၊ ဂျာထူကောင်ရွာတို့အပြင် မုန်ဆိုင်ယန်စစ်ရှောင်စခန်းနှင့် အနီးအနားရှိ ကျေးရွာအချို့လည်း ချောင်းရေကြောင့်နေအိမ်များ မျောပါခဲ့သည်ဟု ဒေသခံများက ပြောကြသည်။
နေအိမ်ပျက်စီးမှုနှင့် ဒေသခံအချို့သေဆုံး၊ ပျောက်ဆုံးအခြေအနေ အသေးစိတ်အချက်များကို Myanmar Now အနေဖြင့် လတ်တလောအတည်ပြုနိုင်ခြင်းမရှိသေးပေ။

လိုင်ဇာမြို့တောင်ဘက်အထွက်မုန်လိုင်ခက်ချောင်းကို ဖြတ်ကူးထားသည့် တံတားတစ်စင်း ရေစီးကြောင့်ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း KIA က အတည်ပြုသည်။ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင်မုန်လိုင်ခက်ချောင်းရေ ပြန်ကျလာပြီး ရေစီးအားလည်း လျော့သွားပြီ ဖြစ်ကြောင်းနှင့်ဂျေယန်စစ်ရှောင်စခန်းကို သွားရောက်ကြည့်ရှုနေပြီဖြစ်ကြောင်း KIA ပြန်ကြားရေး
တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။သို့သော် ရေကြီးသည့်စစ်ရှောင်စခန်းသို့သွားရာ တံတားတစ်ခုနှင့် လမ်းများလည်းပျက်စီးနေသောကြောင့် ရေစီးနှင့်အတူပျက်စီးသွားသည့်နေအိမ်များနှင့် စစ်ရှောင်များ၏ ထိခိုက်သေဆုံးမှုအခြေအနေများကို ညနေမှသာအသေးစိတ်သိရှိနိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့လိုင်ဇာကနေ စစ်ရှောင်စခန်းကိုသွားတဲ့လမ်းမှာလည်း တံတားတွေမြုပ်သွားလို့လေ၊တော်တော် ခက်ခက်ခဲခဲနဲ့ သွားနေရတာ အခု မသိရသေးပါဘူး။ ကြားတော့ကြားတယ်၊ ဒါပေမဲ့ အဲဒီလောက်အထိ ဆိုးရွားမယ်လို့တော့မထင်ပါဘူး” ဟုဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဂျေယန်စစ်ရှောင်စခန်း၊ဖွန်လွမ်ယန်စစ်ရှောင်စခန်းနှင့် မုန်ဆိုင်ယန်စစ်ရှောင်စခန်းတို့မှာ ၂၀၁၁ ခုနှစ် စစ်တပ်နှင့် KIA တို့ ၁၄နှစ်ကြာ အပစ်အခတ်ရပ်စဲပြီးနောက် ပြန်လည်ဖြစ်ပွားသည့် တကျော့ပြန်စစ်ပွဲကြောင့် တိမ်းရှောင်နေရသည့် ဝိုင်းမော်မြို့နယ်၊ ကျေးရွာများမှ ဒေသခံများဖြစ်ကြသည်။
၂၀၁၁ ခုနှစ်မှ စတင်သည့်တကျော့ပြန်စစ်ပွဲ အရှိန်မသေသေးမီမှာပင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး နောက် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် တိုက်ပွဲများ ထပ်ဖြစ်ပွားလာခဲ့ပြီး ယနေ့အထိ ဗန်းမော်၊ ဖားကန့်နှင့် အချို့မြို့နယ်များတွင်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။




